www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 18, 2014

မီဒီယာပုံစံသစ် ဖော်ဆောင်ရာတွင်


မီဒီယာပုံစံသစ် ဖော်ဆောင်ရာတွင်

နိုင်ငံရေးစနစ် ပုံစံများ ပြောင်းလဲလာမှု နှင့်အတူ လိုက်လျော ညီထွေစွာ မီဒီယာပုံစံ များလည်း ပြောင်းလဲ လာသည်။ ကျင့်သုံးသည့် မီဒီယာပုံစံ များကို လေ့လာခြင်းဖြင့် မည်သည့် မီဒီယာ သီအိုရီအရ လုပ်ဆောင် နေသည်ကို သိရှိနိုင် သကဲ့သို့ မီဒီယာ သီအိုရီ ဆိုသည်မှာ လည်း မီဒီယာနှင့် လူမှုဆိုင်ရာ အမှန်တကယ် အခြေအနေတို့ အကြား ဆက်ဆံရေးကို ဖော်ညွှန်းသည့် ပုံစံတစ်ခု ဖြစ်သည်။

မီဒီယာပုံစံများ ပြောင်းလဲလာမှု ဖြစ်စဉ်များသည် နိုင်ငံရေးနှင့် လူမှု စီးပွားရေး ဖြစ်ပေါ် တိုးတက်မှု များနှင့် ဆက်စပ် နေသောကြောင့် ပြောင်းလဲလာမှု ဖြစ်စဉ်များကို လေ့လာရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု အသိုင်းအဝိုင်း (သို့မဟုတ်) ယဉ်ကျေးမှု တို့ကိုပါ လေ့လာ ရမည် ဖြစ်သည်။ မီဒီယာပုံစံများ ပြောင်းလဲလာမှု ဖြစ်စဉ်များအား သုတေသန ပြုလုပ်မှုကို နိုင်ငံရေးသိပ္ပံ ဘာသာရပ် ၌ ပြောင်းလဲမှုကို လေ့လာရာမှ အစပြု ခဲ့သည်။

မီဒီယာကို နှိုင်းယှဉ် လေ့လာရာတွင် နိုင်ငံရေးသိပ္ပံ သီအိုရီ တချို့ကို အသုံးပြု ရခြင်းမှာ မီဒီယာ ပုံစံများ ပြောင်းလဲလာမှု ဖြစ်စဉ်များသည် နိုင်ငံရေးစနစ် ပုံစံများ ပြောင်းလဲလာမှု နှင့် များစွာ ဆက်စပ်လျက် ရှိနေသောကြောင့် ဖြစ်သည်။ ထိုသို့ ဆက်စပ် နေသည့် သဘောကို ''နိုင်ငံရေး မီဒီယာပုံစံများ တစ်ပြိုင်တည်း ပြောင်းလဲလာမှု'' အဖြစ် သတ်မှတ် ဖော်ပြကြ သည်ကို လေ့လာ တွေ့ရှိ ရသည်။

ဥပမာအားဖြင့် နိုင်ငံရေးစနစ် အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဒီမိုကရေစီ ပုံစံ ဖွဲ့စည်း တည်ရှိပြီး ဖြစ်သော နိုင်ငံများတွင် လွတ်လပ်သော (သို့မဟုတ်) ဒီမိုကရေစီ စနစ်နှင့် လိုက်လျော ညီထွေမှု ရှိသည့် မီဒီယာပုံစံ စနစ်များ ရှိရမည် ဖြစ်သည်။ အာဏာပိုင်ပုံစံ နိုင်ငံရေးစနစ် မှ ဒီမိုကရေစီ နိုင်ငံရေး စနစ်သို့ ကူးပြောင်းရာတွင် (၁) အာဏာပိုင် ပုံစံ အစိုးရ ချုပ်ငြိမ်းခြင်း၊ (၂) ဒီမိုကရေစီ ပုံစံစနစ်သို့ အသွင် ကူးပြောင်းခြင်း နှင့် အဖွဲ့အစည်းများ ဖြစ်ပေါ် ဖွဲ့စည်းခြင်း (၃) အသွင် ကူးပြောင်းနေသည့် ပုံစံသစ် ဖြစ်သော ဒီမိုကရေစီ စနစ်ကို ခိုင်မာအောင် ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။

နိုင်ငံရေးပုံစံ စနစ် အသွင် ကူးပြောင်းရာတွင် လုပ်ဆောင်ရမည့် အချက်များနှင့် အလားတူ အာဏာပိုင် ပုံစံစနစ်တွင် ကျင့်သုံးသည့် မီဒီယာပုံစံ စနစ်မှ ဒီမိုကရေစီ စနစ်တွင် ကျင့်သုံးသည့် မီဒီယာပုံစံကို ကူးပြောင်း ရာတွင်လည်း (၁) မီဒီယာ ကဏ္ဍတွင် ဒီမိုကရေစီ စနစ်နှင့် လျော်ညီသော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ (၂) မီဒီယာကဏ္ဍ ပြောင်းလဲမှု များကို ပြုလုပ်ရာတွင် မှန်ကန် ကောင်းမွန်ပြီး ခိုင်မြဲသော ပြုပြင် ပြောင်းလဲမှု များကို ပြုလုပ်ပေးခြင်း၊ (၃) တည်ငြိမ်မှု ရှိသော မီဒီယာစနစ် ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်ခြင်းတို့ ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ် အခြေအနေများ၊ တန်ဖိုးထား ရှိမှု၊ ယဉ်ကျေးမှု၊ ပြည်သူတို့၏ စိတ်နေစိတ်ထား ရင့်ကျက်ပြည့်ဝမှု၊ အသိ ဉာဏ်ပညာ ကြွယ်ဝမှုတို့နှင့် လိုက်လျော ညီထွေသည့် မီဒီယာပုံစံကို ကျင့်သုံး ဖော်ဆောင်မှ သာလျှင် နိုင်ငံတော်နှင့် နိုင်ငံသား အားလုံးအတွက် ရေရှည် အကျိုးရှိနိုင်မည့် မီဒီယာပုံစံ တစ်ခု၊ မီဒီယာ ဝန်းကျင်ကောင်း တစ်ခုကို လုပ်ဆောင် နိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger