www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 17, 2014

အားလုံးကောင်းပါသည် . . . သို့သော်


အားလုံးကောင်းပါသည် . . . သို့သော်

ကိုနေ (ကျောက်ပန်းတောင်း)

လွန်ခဲ့သည့်လ တတိယပတ် ထဲတွင် တိုင်းဒေသကြီးရုံး မိမိဌာနသို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး သွားရပါသည်။ အစည်းဝေးမှာ ခရိုင်အလိုက်၊ မြို့နယ်အလိုက် မိမိတို့ လုပ်ငန်း ဆောင်ရွက်ချက် နှင့် လိုအပ်ချက် များကို တင်ပြခြင်း၊ တိုင်းဒေသကြီး ဦးစီးမှူးမှ လုပ်ငန်းဆိုင်ရာ ကိစ္စများ ရှင်းလင်း မှာကြားခြင်း တို့ဖြင့် အစည်းအဝေးပြီး ဆုံးချိန်တွင် အချိန်မှာ ညနေ(၅) နာရီခွဲ ရှိနေပြီ။ မိမိပြန် ရမည့်ခရီးမှာ ယာဉ်လိုင်း ရှားပါးမှု မရှိသော်လည်း ခရီး အတန်ငယ် ဝေးသဖြင့် နေရာ အခက်အခဲ ဖြစ်မှာ၊ နေရာ မရမှာ စိုးရသည်။ သို့ဖြစ်၍ နီးရာဂိတ်မှ ဆိုင်ကယ် ကယ်ရီငှားကာ ဒရောသောပါး ပြေးရသည်။ အရေးထဲ ကျွဲဆည်ကန် ကားကွင်း မရောက်ခင် မိုးက သဲသဲမဲမဲ ရွာချလိုက်ရာ တစ်ကိုယ်လုံး စိုစိုရွှဲရွှဲ ဖြင့်ပင် ကားကွင်းသို့ ရောက်ခဲ့ရပြီး ကယ်ရီ ဆရာ၏ ကောင်းမှုဖြင့် မော်တော်ယာဉ်ခ ပုံမှန်ထက် ဈေးပို ပေးရသည့် နောက်ဆုံးပေါ်ကား အကောင်းစား ကြီး ရပ်ထားသည့် ဂိတ်သို့ ရောက်ရှိခဲ့ ပါသည်။

Express ကားကြီးမှာ အတော်ပင် သစ်လွင်လှပ ပါသည်။ ဂိတ် ကောင်တာတွင် တာဝန်ကျသည့် စာရေးမ ငယ်လေးများ မှာလည်း သွက်လက် ချက်ချာ၍ အလွန် ဖော်ရွှေပျူငှာ ကြပါသည်။ ဖော်ရွှေခြင်း မရှိသည်မှာ အဆိုပါ လုံမငယ်လေး များလက်မှ ကမ်းလာသည့် မော်တော်ကား လက်မှတ် ဖြစ်ပါသည်။ မော်တော် ကားခမှာ မိမိမြို့နှင့် မန္တလေး ခရီးစဉ် အတွက် လေအိတ်ကား ဟု ခေါ်သည့် မည်သည့် Express ကားပင် စီးစီး ပုံမှန်ကားခမှာ ငွေကျပ် ၅ဝဝဝ ဖြစ်သော်လည်း ယခုကားမှာ ပုံမှန်ထက် ငွေကျပ် ၁၅ဝဝ ပိုပေးရသည့် အပြင် အသက် အာမခံ အဖြစ် ငွေကျပ် ၃ဝဝ ထပ်ဆောင်းကာ ပေးလိုက် ရသေးသည်။ ရှိစေတော့ ကား အသစ်စက်စက် ကြီးမို့ ၀န်ဆောင်မှု စရိတ်စက များသဖြင့် ပိုပေးရသလို အသက် အာမခံ ဆိုသည့် ကိစ္စမှာလည်း ပူပူနွေးနွေး အဝေးပြေးလမ်း ယဉ်ကျေးမှု အဖြစ်ပဲ ရှိစေတော့ဟု သဘောထား လိုက်ရသည်။ ငွေက အရေးမကြီး၊ လမ်းခရီးတွင် အန္တရာယ် ကင်းဖို့က အရေးကြီးသည် မဟုတ်ပါလား။

မိမိ ရောက်ရှိချိန်နှင့် ယာဉ် ထွက်ခွာမည့် အချိန်မှာ တစ်နာရီခွဲခန့် ကွာဟ နေသဖြင့် စိုရွှဲနေသည့် မိမိ အဝတ်အစား များကိုပြကာ ဂိတ်တာဝန်ခံ ဟု ထင်ရသူထံ မျက်နှာချို သွေး၍ ရေချိုးခွင့်လေး တောင်းလိုက် ပါသည်။ သဘောကောင်း၍ နားလည်မှု ရှိဟန်တူသော ထိုပုဂ္ဂိုလ်က ပြုံးပြုံးလေးပင် ခေါင်းညိတ်၍ ရေချိုးခွင့် ပြုပါသည်။ မိမိလည်း အခြားသူ မရှိခင် ကပျာကယာပင် အဝတ်အိတ် များကို ရေချိုးခန်း အတွင်းယူကာ ရေစိုအဝတ် များကို ချွတ်၍ ရေချိုးရန် ပြင်လိုက်ချိန်မှာ နှစ်ပေခန့် ကျယ်၍ လေးပေ ခန့် နက်သော ရေကန် အတွင်းတွင် ရှိသောရေမှာ အောက်ခြေ လေးလက်မ ခန့်သာ ရှိပါသည်။ မိမိလည်း အဝတ်အိတ် အတွင်းမှ ခြောက်သော အဝတ် များကို လဲဝတ်ပြီး ခြေထောက် ရေဆေးကာ ပြန်ထွက် လာခဲ့ပြီး စိတ်ပျက် လက်ပျက်ဖြင့် ညနေစာ စားရန် အပြင်ထွက် ခဲ့ပါသည်။

ည(၇)နာရီ တိတိတွင် ကားထွက်ခွာမည် ဖြစ်ကြောင်း ကားလက်မှတ် တွင် ရှင်းရှင်း လင်းလင်း ရေးသားထားသော်လည်း လူမစုံသဖြင့် မထွက်နိုင်ပါ။ နောက်ကျသည့် လူကို အပြစ်တင် ရမည်လား၊ အချိန် နောက်ကျခံ ၍ စောင့်ဖော် ရသည့် ကားကို အပြစ်တင် ရမည်လား မသိပါ။ မိုးမိထား သည့် ခန္ဓာကိုယ်ဖြင့် ကားပေါ်တွင် ဖွင့်ထားသည့် အဲကွန်း၏ အောက်တွင် သည်းခံကာ ထိုင်နေ ရပါသည်။ ကား မထွက်သေး သဖြင့် အပေါ့အပါး သွားရန် မိမိ လက်မှတ် ဝယ်သည့် ဂိတ်သို့ ပြန်ဝင်ခဲ့ရာ ရှေ့တွင် ရပ်ထားသည့် ကားအဆင့် နှင့် မထိုက်တန်သော၊ ယူထားသည့် ကားခ၏ တန်ဖိုးနှင့် မလျော်ညီသော သန့်စင်ခန်း အတွင်း ဝင်လိုက်မိရာ အတော်ပင် စိတ်ပျက် သွားမိပြီး ကိစ္စ အမြန်ပြီးအောင် လုပ်၍ ပြန်ပြေး ခဲ့ရပါသည်။ မော်တော်ယာဉ် ပေါ် ရောက်ချိန်တွင် ထူးထူးဆန်းဆန်း ပင် အမျိုးသား ယာဉ်နောက်လိုက် မဟုတ်ဘဲ၊ အမျိုးသမီး ယာဉ်နောက်လိုက် တစ်ဦး ယူနီဖေါင်း ဝတ်ဖြင့် တာဝန် ထမ်းဆောင် နေသည်ကို တွေ့မြင် ရပါသည်။ ယဉ်ကျေး ပျူငှာစွာဖြင့် ပင် ခရီးသည် များ၏ အမည်၊ နိုင်ငံသားအမှတ် တို့ကို လိုက်လံ မှတ်သားခြင်း၊ လိုအပ်သည့် ရေသန့်ဘူး၊ ပလတ်စတစ် အိတ်များ ဝေငှပေးခြင်း အပြင် ထိုင်ခုံများကို သက်သောင့် သက်သာ ဖြစ်အောင် ကိုယ်တိုင် လိုက်၍ အတင်အချ ပြုလုပ်ပေး နေသည်ကို စိတ်ဝင်စားဖွယ် တွေ့မြင် ရပေသည်။

သို့သော် မိမိမြို့သို့ ပြန်လည် ရောက်ရှိသည့် တိုင်မိမိ မျှော်လင့် ထားသည့် စကားနှင့် အပြုအမူများ လုပ်ဆောင် ပြခြင်း မရှိခဲ့သည်ကို မိမိစိတ်တွင် ဘဝင်မကျ ဖြစ်နေမိ ပါသည်။ ယနေ့ အချိန်အခါ တွင် အမြန်လမ်း နှင့် သက်ဆိုင်သည့် ယာဉ်များနှင့် ခရီးသည်တင် အဝေးပြေး ယာဉ်တိုင်းကို သက်ဆိုင်ရာ တာဝန်ရှိ သူများ အစုအဖွဲ့ဖြင့် ယာဉ်၏ ကြံ့ခိုင်မှု၊ အသုံးပြု နေသည့် တာယာ ကောင်း၊ မကောင်း၊ အရေးပေါ် ထွက်ပေါက် အသုံးပြု၍ ရ၊ မရ၊ မှန်ခွဲရန် တူ၊ ပုဆိန်ပါ၊ မပါ၊ မီးသတ် ဆေးဘူး ပါ၊ မပါ စသည်ဖြင့် မိမိတို့ မြို့နယ်အလိုက်၊ လမ်းအလိုက်ပုံမှန် စစ်ဆေးမှုများ၊ ရှောင်တခင် စစ်ဆေးမှု များကို ခရီးသွား ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေး အတွက် ဆောင်ရွက်လျက် ရှိနေသည့် ကာလဖြစ်ရာ အဆိုပါ ခရီးသည်တင် အဝေးပြေး ယာဉ်များ အနေဖြင့်လည်း မိမိတို့ ယာဉ်ပေါ်တွင် ပါရှိသည့် ခရီးသည် များ၏ အသက် အန္တရာယ် လုံခြုံရေးကို မိမိတို့တွင် သာ တာဝန်ရှိ သည် မဟုတ်ဘဲ ခရီးသည် များကပါ ပူးပေါင်း ပါဝင် ဆောင်ရွက်လာ စေရန် နှင့် မိမိတို့ ယာဉ်ပေါ်တွင် ပါရှိသည့် အသက်ကယ် ပစ္စည်းများ၏ အသုံးဝင်ပုံ နှင့် အသုံးပြုနည်း များကို မိမိတို့ ကိုယ်တိုင် အမှန်တကယ် နားလည် သိရှိ ထားရမည့် အပြင် ခရီးသည်များ ကိုလည်း အသိပညာ ဖြန့်ဝေ ပြောပြရန် လိုအပ်မည် ဟု ထင်ပါသည်။ အခုတော့ ကားကြီးက အဆင့်အတန်း မြင့်ပါသည်။ အတွင်းပိုင်း အပြင်အဆင် ကလည်း ကောင်းလှ ပါသည်။ တာဝန်ယူ လိုက်ပါ လာသည့် မော်တော်ယာဉ် မယ်လေး ကလည်း ယဉ်ကျေး ပျူငှာ ပါသည်။ သို့သော် ……။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger