ရန်ကုန် ၊ ၁၅-၉-၂၀၁၄
တရားမဝင် တင်သွင်း ထားသည့် တရုတ် နိုင်ငံလုပ် မုန့်မျိုးစုံကို ရန်ကုန် နှင့် မန္တလေး မြို့များသို့ ဖြန့်ဖြူးနေသည့် လက်ကား ဒိုင်ကြီးများကို သွင်းကုန်၊ ထုတ်ကုန် ဥပဒေဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောသည်။
ထိုကဲ့သို့ အရေးယူ ဆောင်ရွက် နိုင်ရန်အတွက် Mobile Team များ၊ မြို့တော်စည်ပင် သာယာရေး ကော်မတီ ဈေးများဌာန အသီးသီး၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ အသီးသီး တို့နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး လိုအပ်ပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အကူအညီဖြင့် တရားမဝင် မုန့်များ ဖြန့်ဖြူး ရောင်းချ နေသည့် ကုန်စည်ဒိုင် များကို ဥပဒေအရ အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။ မကြာမီကာလ အတွင်း ရန်ကုန်မြို့ရှိ သိမ်ကြီးဈေးနှင့် မန္တလေးမြို့ရှိ ဈေးချိုတို့၌ တရားမဝင် တင်သွင်း ထားသည့် တရုတ် နိုင်ငံထုတ် မုန့်များ ဖြန့်ဖြူး နေသည့် ဆိုင်ကြီးများကို သက်ဆိုင်ရာ အကူအညီ ရယူကာ ဖမ်းဆီး သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာ တစ်နိုင်ငံလုံး၌ ဖြန့်ဖြူး ရောင်းချ နေသည့် တရုတ်နိုင်ငံလုပ် တရားမဝင် မုန့်မျိုးစုံသည် မူဆယ် ၁ဝ၅ မိုင်မှ အဓိက ဝင်ရောက် နေခြင်းဖြစ်ပြီး ယင်း မုန့်မျိုးစုံအတွက် ကုန်သွယ်ခွန် ပေးဆောင် ထားခြင်း မရှိ သကဲ့သို့ သွင်းကုန် လိုင်စင်လည်း မရှိသောကြောင့် နိုင်ငံတော် အတွက် များစွာ နစ်နာပြီး စားသုံးသူများ အတွက်လည်း ရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ် စိုးရိမ်ရသည့် အတွက် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ ဖော်ထုတ် အရေးယူရန် ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းအနေဖြင့် ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ တရားမဝင် တင်သွင်း ထားသည့် မုန့်မျိုးစုံအပြင် မြန်မာဘာသာ နှင့် အင်္ဂလိပ် ဘာသာဖြင့် ပါကင်လုပ်၍ ရောင်းချသော မုန့်များ၊ FDA က သတ်မှတ် ထားသည့် အချက်များနှင့် မကိုက်ညီဘဲ နိုင်ငံ အသီးသီးမှ တင်သွင်း လာသော မုန့်များကိုလည်း အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်း ဈေးကွက်အတွင်း တရားမဝင် တင်သွင်း ရောင်းချနေသည့် စားသောက် ကုန်စည်ဒိုင် များကို သွင်းကုန်၊ ထုတ်ကုန် ဥပဒေအရ ကုန်ပစ္စည်း သိမ်းခြင်းဖြစ်စေ၊ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ အရေးယူ နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းသည် သြဂုတ်လ အတွင်း နေပြည်တော် တပ်ကုန်းမြို့နယ် တွင် တရားမဝင် ရောင်းတင် သွင်းထားသည့် တရုတ် နိုင်ငံထုတ် မုန့်မျိုးစုံကို သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ပူးပေါင်းကာ မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။ (၄၄၃)
#Themyawadydaily
No comments:
Post a Comment