သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားသစ်လောင်း ဆောင်ရွက်
လူတို့သည် သဘာဝ ပတ်ဝန်းကျင် ၏ တစ်စိတ် တစ်ဒေသ ဖြစ်၍ သဘာဝ ပတ်ဝန်းကျင် ကို မှီကာ ကျင်လည် အသက်ရှင် ကြသူများ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် တွင်ရှိသော ရေ၊ လေ၊ နေ၊ မြေ၊ အပူချိန်၊ အစားအစာ၊ အဝတ်အထည်၊ နေစရာ အိုးအိမ်နှင့် လူ့ အသုံးအဆောင် သုံးစွဲလျက် အသက်ရှင် လာသည်မှာ လူသား အစမှ ယနေ့ကာလ အထိ ဖြစ်သည်။
နောက်ပိုင်း အနာဂတ် ကာလ တွင်လည်း လူသားတို့သည် သဘာဝ ပတ်ဝန်းကျင် ကို မှီခို၍ အသက် ရှင်သန် ကြရမည် ဖြစ်သည်။ လူတို့သည် မိမိတို့ အသက်ရှင်ရေး အတွက် အရေးကြီး လှသော သဘာဝ ပတ်ဝန်းကျင်ကို အလေးထား မြတ်နိုးသော စိတ်ထားဖြင့် သဘာဝ သယံဇာတများ ကို စနစ်တကျ သုံးစွဲရန် လိုအပ်သည်။
သို့သော်လည်း ယခုအခါ တွင် လူတို့သည် မိမိတို့၏ လူမှုဘဝ မြင့်မားရေး၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက်ဟု ဆိုကာ သယံဇာတ များကို ခေတ်မီ စက်ကိရိယာ များဖြင့် မြန်မြန်နှင့် များများ ထုတ်ယူ သုံးစွဲ နေကြသည်။ လတ်တလော အကျိုးရှိမှု ကိုသာ ကြည့်ပြီး ရေ၊ မြေ၊ တော၊ တောင်မှ သယံဇာတ များကို ထုတ်ယူ သုံးစွဲ နေကြသဖြင့် သဘာဝ ပတ်ဝန်းကျင် သည် တစ်နေ့ တခြား ပျက်စီး လာနေသည်။
အိုဇုန်းလွှာ ပေါက်ခြင်း၊ ဖန်လုံအိမ် အာနိသင် တိုးမြင့်လာခြင်း၊ အဖိုးတန် သစ်တော ကြီးများ ပြုန်းတီး လာခြင်း၊ သဲကန္တာရ များ ပိုမို ကျယ်ပြန့် လာခြင်း တို့ကြောင့် အပူအအေး လွန်ကဲခြင်း၊ ရေကြီး၊ မုန်တိုင်း ကြီးများ ဖြစ်ပေါ်ခြင်း၊ သောက်သုံးရေ ရှားပါးခြင်း၊ မိုးခေါင်ခြင်း၊ လေထု ညစ်ညမ်းခြင်း များ ဖြစ်ပေါ်လာ၍ သစ်ပင်နှင့် သက်ရှိ သတ္တဝါတို့ မျိုးသုဉ်း ပပျောက်မှုများ ဖြစ်ပေါ် လာသည်။
လူတို့သည် ကျေးဇူးရှင် ဖြစ်သည့် သဘာဝ ပတ်ဝန်းကျင်ကို မိမိတို့ အလိုဆန္ဒ အတွက် စည်းမဲ့ ကမ်းမဲ့ သုံးစွဲ ခဲ့ကြသည်။ ထိုသို့ သုံးစွဲခဲ့ မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ၏ ဒဏ်ခတ်မှုကို ယနေ့ လူတို့ ခါးစည်းခံ နေကြ ရသည်။ ထိုဒဏ်ခတ်မှု မှ ကင်းလွတ်ရန် နည်းလမ်းမှာ သဘာဝ ပတ်ဝန်းကျင် ကို ပြန်လည် ပြုစု၍ နဂိုအတိုင်း ဖြစ်ပေါ် လာစေရေး အတွက် သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်း စောင့်ရှောက် ရန်ပင် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၌ ဘိုးဘွားတို့ ထိန်းသိမ်း ခဲ့ကြ၍ မြန်မာ့ ပတ်ဝန်းကျင် သည် ယနေ့အထိ အပျက်အစီး နည်းစွာဖြင့် တည်တံ့ နေမှုကို၊ ရှေးခေတ် ဘိုးဘွားတို့၏ ပတ်ဝန်းကျင် ထိန်းသိမ်းမှု သည် စနစ်ကျ၍ မပျက်စီး သေးသည့် မြန်မာ့ သဘာဝ ပတ်ဝန်းကျင် ကို ယနေ့ပြည်သူ တစ်ရပ်လုံး က ဆက်လက် ထိန်းသိမ်းရေး လုပ်ငန်းများကို အားသစ်လောင်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
No comments:
Post a Comment