www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 16, 2014

နောင်လာနောက်သား သားစဉ်မြေးဆက် အတွက်


နောင်လာနောက်သား သားစဉ်မြေးဆက် အတွက်

ခုတလော မိုးကြီးရေလျှံ သတင်းများ မကြာခဏ ကြားနေ ရသည်။ အစွန်းရောက် ရာသီဥတု လျော့ပါးစေရန် သာမက အခြား စိန်ခေါ်မှုများ ရင်ဆိုင်နိုင်ရန် သဘာဝ ပတ်ဝန်းကျင် အစဉ် ကောင်း နေရန် လိုသည်။ လက်ရှိ လူသားတို့ အနေဖြင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် ကြရာတွင် မိမိတို့၏ စားဝတ်နေရေး အတွက် သာမက နောင်လာ နောက်သား တို့၏ လုပ်ကိုင် စားသောက် နိုင်သော ပတ်ဝန်းကျင် အခြေအနေ ကျန်ရှိအောင် ချန်ထား ကြရမည် ဖြစ်သည်။

လူတိုင်း သတိကပ် ထားသင့်သော အချက်မှာ ကိုယ် တစ်ယောက်တည်း နေခြင်းမဟုတ်၊ နောင်လာ နောက်သား များလည်း ရှိနေသေးသည် ဆိုသည့် အချက် ဖြစ်သည်။ ဤကမ္ဘာတွင် နောင်အခါ ယခုထက် ပိုလာမည့် လူဦးရေတို့ စားသောက် နိုင်ရန် အတွက် ပိုမို သန့်စင် ကောင်းမွန်သော ရေ၊ မြေ၊ လေ၊ သဘာဝ ပတ်ဝန်းကျင် ကို ဖန်တီးခဲ့ ရမည် ဖြစ်သည်။

ယနေ့ ကမ္ဘာတွင် လူသား တို့သည် ပြန်လည် ပြည့်ဖြိုးမြဲ သယံဇာတ၊ ပြန်လည် မပြည့်ဖြိုး နိုင်သော သယံဇာတ များကို သတ်မှတ်ချက် ထက်ပိုပြီး များများနှင့် မြန်မြန် ထုတ်ယူ သုံးစွဲ စားသောက် ခြင်းဖြင့် ထုထည် ကြီးမားသော ညစ်ညမ်း ပစ္စည်းများကို ဤ ကမ္ဘာမြေသို့ စွန့်ပစ် နေကြသည်။ ထိုသို့ ဆောင် ရွက် ခြင်းကြောင့် လက်ရှိ လူသားတို့၏ အရှုံးအမြတ် စာရင်းတွင် အမြတ်ငွေများ ပေါ်နေနိုင် သော်လည်း နောင် မွေးဖွားလာမည့် ကလေးများ အတွက် အမွေ ဆုံးရှုံးမှု နှင့်သာ ရင်ဆိုင်ကြ ရမည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု အမြင်မှ လေ့လာလျှင် သစ်ပင်၊ သစ်တော သည် စိန်၊ ရွှေ၊ ငွေထက် တန်ဖိုး ရှိသည်။ ရေ၊ မြေ၊ လေ သုံးမျိုးလုံး ကို ကောင်းမွန်စွာ တည်တံ့ စေရန်၊ အရှည်သဖြင့် အသုံးပြု နိုင်စေရန် အကျိုးပြု ရုံမျှမက လူသားတို့ အပါအဝင် သက်ရှိ သတ္တဝါ အားလုံးတို့ အသက်ရှင် နေထိုင် မှီခိုရာမှာ သစ်ပင်၊ သစ်တော ဖြစ်သည်။

သစ်ပင်၊ သစ်တော ရှိခြင်းကြောင့် မြေကြီး ဖြစ်စေရုံ မျှမက ရှိပြီးမြေကို မြေသြဇာ ကောင်းအောင် အကျိုးပြု သည်။ မြေ တိုက်စားမှု မရှိစေရန် ကာကွယ် နိုင်ပြီး ရာသီဥတုကို မျှတစေရုံ သာမက ရေလျှံ ရေကြီးခြင်း ကိုလည်း ကာကွယ် နိုင်သည်။ မိုးခေါင်ခြင်းကြောင့် ရေရှားပါးမှုမရှိစေရန် အကျိုးပြုပြီး ဆည်မြောင်း၊ မြစ်ချောင်းတို့ အနည်ကျကာ တိမ်ကောမှုကို ကာကွယ် နိုင်သည်။

ယခုအခါ မြို့ကြီးများတွင် မိုးသည်းထန်စွာ ရွာလျှင် ရေလျှံသည်မှာ မဆန်းပါ။ ရွာချသော မိုးရေကို တစ်စိတ် တစ်ပိုင်း စုပ်ယူသိုလှောင် ပေးထားမည့် သစ်တော မရှိခြင်း၊ မြို့ပြများတွင် ကတ္တရာ၊ ကွန်ကရစ် ခင်းထား၍ ရွာချသော မိုးများ အချိန်တိုအတွင်း ချောင်း၊ မြောင်း များတွင် စီးဝင် နိုင်သောကြောင့် ရေလျှံခြင်းများ ဖြစ်ပေါ် ရသည်။

သို့ဖြစ်ရာ ခေတ်သစ် မြန်မာပြည်ကြီး ကြီးပွား တိုးတက် စေရုံဖြင့် မလုံလောက်ဘဲ သားစဉ် မြေးဆက် အတွက် သစ်တော၊ သစ်ပင် အရေးပါပုံ နှင့် ရေ၊ မြေ၊ လေ တို့ အစဉ် သန့်စင်စွာ တည်ရှိနေရေး အစာလည်းရ ရေ မြေ လေ လည်း မပျက်စေသော နည်းလမ်း များကို သုံးသင့်သည်။ ထို့ကြောင့် ပွင့်လင်း လာသော ကာလတွင် စီးပွားရေး အထူး အရေးပေးပြီး စဉ်ဆက် မပြတ် ဖြစ်စေသော စိုက်ပျိုးနည်း များကြောင့် ရေ၊ မြေ၊ လေ၊ သယံဇာတများ ပျက်စီးခြင်း မဖြစ်စေရန် ဆောင်ရွက်သင့် ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger