www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 15, 2014

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်ကျော်မှစတင်၍ စာပေ ယဉ်ကျေးမှုများ ထွန်းကားခဲ့ကြောင်း ဟန်လင်း ကျောက်စာချပ် များက သက်သေတည်


ရှေးဟောင်းသုတေသန အဖွဲ့မှ တူးဖော်တွေ့ရှိသော
ကျောက်စာချပ်ကို တွေ့ရစဉ်

မုံရွာ ၊ ၁၅-၉-၂၀၁၄

မြန်မာနိုင်ငံ သည် လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်ကျော် မှစတင်၍ စာပေ ယဉ်ကျေးမှု များ စတင် ထွန်းကား လာခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက် မြို့နယ် ဟန်လင်း ပျူယဉ်ကျေးမှု ရှေးဟောင်းမြို့ ရှိ ကျောက်စာချပ် များက သက်သေ တည်လျက် ရှိကြောင်းကို ဟန်လင်း မြို့ဟောင်း အမျိုးသား ပြတိုက် တာဝန်ခံ ဒေါ်ခင်တိုးဝင်း ထံမှ သိရသည်။

''ဟောဒီ ကျောက်စာချပ် တွေက ကျွန်မတို့ နိုင်ငံရဲ့ စာပေ ယဉ်ကျေးမှု စတင် စီးဆင်းခဲ့ရာ သမိုင်း ရေသောက်မြစ် ကို ဖော်ညွှန်း ပြဆို နေပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်ကျော်  ဝန်းကျင်က စလို့ ကျွန်မတို့ တိုင်းပြည်ကြီး ဟာ စာပေ ထွန်းကား ခဲ့ပြီး လူ့ ယဉ်ကျေးမှု မြင့်မား ခဲ့တယ် ဆိုတာ ဟောဒီ ကျောက်စာချပ် တွေက သက်သေတည် နေပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ဟန်လင်း မြို့ဟောင်းကြီး သည် စာပေ ယဉ်ကျေးမှု ထွန်းကား ခဲ့သော ပျူမြို့ဟောင်း ဖြစ်သည်။ ပျူစာပေများ နှင့် ပတ်သက်သည့် ကမ္ပည်း ကျောက်စာချပ် များကို ရှေးဟောင်း သုတေသန အဖွဲ့မှ ထိုဒေသတွင် တူးဖော် တွေ့ရှိ ခဲ့သည်။ တွေ့ရှိ ခဲ့ရသော ကျောက်စာချပ် များမှာ ပျူအက္ခရာ များဖြင့် ရေးသား ထားခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံ၏ စာပေ ယဉ်ကျေးမှု ထွန်းကား ခဲ့ကြောင်း သက်သေခံ ကျောက်စာချပ် လေးချပ်ကို ထိုဒေသ တွင် ထိန်းသိမ်း စောင့်ရှောက် ထားသည်။

အဆိုပါ ရှေးဟောင်း ကျောက်စာချပ် များနှင့် ပတ်သက်၍ ၁၉ဝ၄ ခုနှစ် ဖေဖော်ဝါရီလ က ရှေးဟောင်း သုတေသန ပညာရှင် မစ္စတာ တော်စိန်ခို ဆိုသူက ကျောက်စာချပ် တစ်ချပ်ကို စတင် တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ စာပေသမိုင်း အတွက် လွန်စွာ အရေးကြီးသော အဆိုပါ ကျောက်စာချပ် များ တွေ့ရှိခဲ့ရာ နေရာအရပ် များကိုလည်း ၄င်းတို့၏ မှတ်တမ်း များတွင် မှတ်တမ်း ရေးထိုး၍ ဖော်ပြ ထားသည်။

ကျောက်စာချပ်များ တူးဖော် တွေ့ရှိမှု များကို ရှေးဟောင်း သုတေသန အဖွဲ့၏ မှတ်တမ်းများတွင် ၁၉ဝ၄ ခုနှစ်ဝန်းကျင် က ဟန်လင်းကြီး ကျေးရွာ၊ နဂါးရုန်ကန်ပေါင် နှင့် ရေပူကုန်း အရပ်ကြား ရှိ ဦးစံငြိမ်း ပိုင်သော ယာကွက် အတွင်းမှ တူးဖော် ရရှိခဲ့သည်။ ကျောက်စာ၏ အရွယ်အစားမှာ အမြင့် ၅၂ စင်တီ မီတာ၊ ဗျက် ၃၉စင်တီမီတာ၊ ထု ၁၅ စင်တီမီတာ ဖြစ်သည်။ ကျောက်စာချပ် ပေါ်တွင် ရေးထိုး ထားသည့် စာကြောင်း ရေမှာ နှစ်ကြောင်း ဖြစ်သည်။ အသုံးပြု ထားသော စာပေအက္ခရာ များမှာ ပျူအက္ခရာများ ဖြစ်ပြီး မြန်မာပြန်ဆို အနက် အဓိပ္ပာယ် မှာ (မြတ်သော နဝေတိန်မြိန် ၏ သား နဝုကနော ၏မြေး မြတ်သော တုဗဟိ၏ အဆောက်အအုံ) ဟု ရှေးဟောင်း သုတေသန အဖွဲ့မှ ဘာသာပြန်ဆို ပညာရှင် များက ၄င်းကျောက်စာကို မြန်မာဘာသာ ပြန်ဆို ထားခြင်း ဖြစ်သည်။ အဆိုပါ ကျောက်စာသည် ပျူခေတ် အေဒီ လေးရာစုက ကျောက်စာ ဖြစ်နိုင်ကြောင်း ရှေးဟောင်း သုတေသန အဖွဲ့က ခန့်မှန်းထားသည်။ ၁၉၃ဝ ပြည့်နှစ် ဝန်းကျင်ခန့် က ဟန်လင်း မြို့ဟောင်း ရွာကြီး နဂါးရုန် ကန်ပေါင် တောင်ဘက် ဒဟတ်ပင်ကုန်း နေရာမှ ကျောက်စာချပ် တစ်ချပ်ကို လည်းကောင်း၊ ငဆရ မင်းရွာကုန်းမှ ကျောက်စာ တစ်ချပ်ကို လည်းကောင်း၊ ဟန်လင်းကြီး ရွာ၏ အနောက် မြောက်ဘက် တကန်သာ ရွာ အရှေ့တောင် ဘက်မှ ပျူရုပ်လုံး ကြွ ကျောက်ချပ်ကြီး ကို ၁၉၆၂ ခုနှစ် တွင် တူးဖော်မှု ကုန်းအမှတ် (၂)၏ အရှေ့ မြောက်ဘက် နှစ်ဖာလုံခန့် အကွာ နေရာရှိ ဦးဆောင်း ယာကွက် အတွင်းမှ အဝိုင်းပုံစံ ကျောက်စာ ချပ်ကြီးကို ရှေးဟောင်း သုတေသန အဖွဲ့က တူးဖော် တွေ့ရှိ ခဲ့သည်။

ထို့ပြင် ဟန်လင်း တူးဖော်မှုကုန်း များမှ တူးဖော် ရရှိသော စာပေ ယဉ်ကျေးမှု ကျောက်စာချပ် များအနက် (ဒါယာဒါနံ) စာတန်းပါ ကျောက် တံဆိပ်ငယ် တစ်ခုနှင့် အခြား စာများပါ အုတ်ခဲ၊ အိုးခြမ်းကွဲ များကို တူးဖော် တွေ့ရှိ ခဲ့သည်။

ဟန်လင်း မြို့ဟောင်း ဒေသမှ တူးဖော် တွေ့ရှိခဲ့သော ရှေးဟောင်း စာပေ အထောက်အထား များကို ထောက်ရှု၍ ဟန်လင်းမြို့ဟောင်း ဒေသကြီး ကောင်းစားစဉ် အခါက ထုံးဓလေ့ ဆိုင်ရာ မင်းနှင့် မိဖုရားများ၏ အမည်နာမ များကို အသုံးအဆောင် ပစ္စည်း တစ်ခုဖြစ်သော (ဒါယာဒါနံ) စာတန်းပါ ကျောက်တံဆိပ်တုံး ငယ်တစ်ခုကို တူးဖော် တွေ့ရှိ ရခြင်းအားဖြင့် ယင်းတံဆိပ်တုံး ငယ်ပေါ်တွင် သက္ကတ ဘာသာဖြင့် ရေးထိုးထားပြီး မြန်မာဘာသာ ပြန်ဆိုချက် များအရ (သနားသဖြင့် ပေးကမ်း စွန့်ကြဲ တတ်သူ ) ဟု အနက် အဓိပ္ပာယ် ရရှိသည့် အတွက် ထိုစဉ်က စာပေ ယဉ်ကျေးမှု ထွန်းကား မြင့်မား ရုံတင်မက ဘာသာတရား များလည်း ထွန်းကား ခဲ့ကြောင်း ယူဆရသည်။

ထို့ကြောင့် ဟန်လင်းမြို့ဟောင်း ဒေသမှ တူးဖော် တွေ့ရှိရသော ကျောက်စာချပ် များသည် မြန်မာ နိုင်ငံသား တို့၏ စာပေ ယဉ်ကျေးမှု၊ ဘာသာတရား ထွန်းကားမှု များကို လွန်ခဲ့သော နှစ်ပေါင်း ငါးထောင် ဝန်းကျင်မှ စတင်၍ ထွန်းကား မြင့်မားလာသည့် အထောက် အထားများ ဖြစ်ကြောင်း သက်သေ တည်လျက် ရှိသည်ဟု ဟန်လင်း မြို့ဟောင်း အမျိုးသား ပြတိုက်မှ သိရသည်။

ကိုတိုး(ချင်းတွင်း)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger