www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 21, 2014

အောင်မြင်မှုကို ရယူ


အောင်မြင်မှုကို ရယူ

ဤလောက၌ အနစ်နာခံ လုပ်ကိုင် ဆောင်ရွက်ကြ သူများနှင့် အသာစံ လုပ်ကိုင်သူများ ဟူ၍ နှိုင်းယှဉ် ကြည့်မည် ဆိုလျှင် အသာစံ လိုသူများသာ ပို၍များပြား ကြသည်ကို တွေ့ရပေ၏။ အနစ်နာခံ သူများကား လွန်စွာ ရှားပါး၏။ ''ဖြစ်သမျှ အကြောင်း ကျွန်ုပ်ခေါင်း၊ ဖြစ်သမျှ ပြဿနာ ကျွန်ုပ် ပြဿနာ၊ ကောင်းလျှင် စံမည် မကောင်းလျှင် ခံမည်'' ဟူ၍ လုပ်ကိုင် ဆောင်ရွက်သူ များကား နည်းပါး၏။

သို့ရာတွင် အရာရာ အနစ်နာခံ လုပ်ကိုင်ကြ သူများမှာ ရေရှည်တွင် တိုးတက် အောင်မြင်ကြလေ့ ရှိသည်။ ဤသို့ တိုးတက် အောင်မြင် ခြင်းကား အကြောင်း တစ်စုံတစ်ရာ ရှိလေ၏။ ထိုအကြောင်း သည်ကား အခြားမဟုတ် စိတ်ရှည် သည်းခံခြင်း အကြောင်းပင် ဖြစ်၏။ အရာရာ စိတ်ရှည် သည်းခံ လုပ်ကိုင်ကြ သူတို့မှာ ရေရှည်တွင် တိုးတက် အောင်မြင်လေ့ ရှိသည်။

စိတ်ရှည် သည်းခံခြင်း အလုပ်သည် ဤလောက၌ အမြတ်ဆုံး တရား ဖြစ်ကြောင်း ပွင့်တော်မူ ပြီးသော ဘုရားရှင် အဆူဆူတို့က ဟောတော်မူ ခဲ့သည်။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် သည်းခံခြင်း လက်နက် ကောင်းဖြင့် အောင်ခြင်း ရှစ်ပါးကို အောင်မြင် ခဲ့သည်။ ထို့ကြောင့် သည်းခံခြင်းသည် အရာရာကို အောင်မြင် စေသော နည်းလမ်းကောင်း ဖြစ်သည်ဟု ဆိုရပေမည်။

သို့သော် အချို့ကား သည်းခံခြင်း၊ အနစ်နာခံခြင်း တို့ကို လက်နက်ကောင်းဟု မယူဆ ကြပေ။ ကိုယ်မှန်သည်ဟု ယူဆလျှင် စိတ်ရှိသည့် အတိုင်းပြုမူ လုပ်ကိုင်တတ် သဖြင့် အခွင့်အရေး ကောင်းများ လက်လွှတ် ဆုံးရှုံးသူ အများအပြား ရှိသည်။ ထိုသူတို့မှာ ဒေါသအလျောက် လုပ်ကိုင်ခြင်း ဖြစ်၍ အမှားနှင့် အရှုံးကိုသာ ရင်ဆိုင် ခံစားကြရခြင်း ဖြစ်သည်။

လောက၌ အနာမခံလျှင် အသာမစံရ ဟူသော စကားရှိ၏။ အနစ်နာခံ၍ ကြိုးစား အားထုတ်ခြင်း မရှိလျှင် အသာစံခြင်းကို ရယူနိုင်မည် မဟုတ်ပေ။ နေပူမခံဘဲ အရိပ်ကို လိုချင်ခြင်း သည် အချောင် စိတ်ဓာတ် ဖြစ်သည်။ အမှန်မှာ အရိပ်ကို လိုလျှင် နေပူမှစောင့်၍ အရိပ်ကို ဖန်တီးယူ ကြရသည်။

ထို့ကြောင့် အနစ်နာခံခြင်း၊ စိတ်ရှည် သည်းခံခြင်း တို့ကို အစဉ် မွေးမြူကြမည် ဆိုပါက လူတိုင်း အောင်မြင်မှု ကိုယ်စီ ရယူပိုင်ဆိုင် နိုင်ကြရမည် ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူအားလုံး အနေဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး တွင် ကျရာနေရာမှ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် မည်သည့်အရာ ကိုမဆို သည်းခံ ချင့်ချိန်၍ စဉ်းစား လုပ်ကိုင် အနစ်နာခံ ဆောင်ရွက်ကြ ခြင်းဖြင့် အောင်မြင်မှုကို ရယူသွားကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger