ထိုင်ခုံလေး တစ်ခုံ
Guiter နောင်
အရောင်အသွေး စုံလင်တဲ့ ထိုင်ခုံ လှလှလေးတွေ၊ အနိမ့်၊ အမြင့် အရွယ်စုံ၊ ပလတ်စတစ် ခုံလေးတွေလဲ ရှိတယ်။ သစ်သားခုံလေး တွေလဲ ရှိတယ်။ ဆိုဖာ ခုံလေးတွေလဲ ရှိတယ်။ သတ္တုနဲ့ လုပ်တာလဲ ရှိတယ်။ တကယ်ကို စုံမှစုံပါပဲ။ တန်ဖိုးကလဲ အမျိုးမျိုးနဲ့ အရည်အသွေး အလိုက် တန်ဖိုး တွေလဲ ကွာခြား ကြတယ်လေ။
ကျွန်တော် ငယ်စဉ်က မိသားစု ထမင်းဝိုင်းမှာ သစ်သား ထိုင်ခုံ အပုလေး တွေနဲ့ ထိုင်ခဲ့ရဖူး တယ်။ တချို့ ကျေးလက် ဒေသတွေ မှာတော့ စားပွဲဝိုင်း အောက်မှာ ဖျာခင်းပြီး ထိုင်ကြ တာလဲ မရိုးနိုင်တဲ့ မြင်ကွင်း တစ်ခုပါပဲ။ စားပွဲဝိုင်း တစ်ခုမှာ ဝိုင်းဖွဲ့ပြီး စားသောက်တဲ့ မိသားစု ထမင်းဝိုင်း လေးဟာ တစ်ဦးပေါ် တစ်ဦး ချစ်ခင်မှု၊ စာနာ နားလည်မှု၊ ခွင့်လွှတ် သည်းခံမှု ဆိုတဲ့ အရသာတွေ အပြည့်နဲ့ ပါပဲ။ အဲဒီ ထမင်းဝိုင်းမှာ ခုံရှိရင်လဲ ရှိမယ်။ မရှိရင် လဲ မရှိဘူး။ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ခုံဆိုတာ အရေး မကြီးတဲ့ အရာ တစ်ခုပေါ့။
တဖြည်းဖြည်း အရွယ်ရောက် လာတော့ ကျောင်းတက် ရတယ်။ မူလတန်း ကျောင်းသား ဘဝမှာ လေးယောက်တွဲ ထိုင်ရတဲ့ ထိုင်ခုံကို ထိုင်ခဲ့ရတာ။ သူ့ဘက် ကိုယ့်ဘက် မျှမျှတတ ကြည့်ရတယ်။ ကိုယ့် စာအုပ်တွေချည်း စားပွဲပေါ်မှာ ပြည့်နေရင် ကိုယ့်ဘေးက လူက တင်စရာ နေရာမရှိ တော့ဘူး။ တစ်ယောက်က နေရာကို ချဲ့ကား ထိုင်နေရင် ဟိုတစ်ယောက် မှာ အနေကျုံ့ ရပြန်တယ်။ ဒီလို မဖြစ်ရအောင် တစ်ယောက်နဲ့ တစ်ယောက် တိုင်တိုင်ပင်ပင်၊ ချစ်ချစ်ခင်ခင် နဲ့ ထိုင်ခဲ့ ကြတယ်။ ကိုယ့်မှာ စားစရာ မုန့်ပါရင်လဲ သူကို မျှကျွေး၊ သူမှာ စားစရာ ပါရင်လဲ ကိုယ့်ကို မျှကျွေး။ ကျောင်းသား ဘဝက တကယ့်ကို ပျော်စရာ ကောင်းပါတယ်။
မှတ်မှတ်ရရ အဋ္ဌမတန်းကို ရောက်တော့ တစ်ယောက် ထိုင်ခုံလေး တွေနဲ့ ဖြစ်လာပြီး အဋ္ဌမတန်း မရောက်ခင် အတန်းငယ် လေးတွေမှာ တုန်းက အဲဒီခုံ၊ အဲဒီ အတန်းကို ကြည့်ပြီး စိတ်ကူးယဉ် ခဲ့ရတာပါ။ 'ငါသာ ရှစ်တန်း ရောက်ရင် ...' ဆိုတဲ့ အတွေးတွေ တွေးခဲ့ဖူး ပါတယ်။ ရှစ်တန်း ရောက်ပြီ ဆိုတော့ တစ်ယောက်တည်း ထိုင်ရတာက လွတ်လပ်မှု တော့ရှိသလို ပါပဲ။ သူငယ်ချင်း တွေနဲ့ နီးနီးကပ်ကပ် မထိုင်ရတော့ သိပ်မကောင်း သလိုဘဲလို့ ဆန့်ကျင်ဘက် အမြင်နဲ့လဲ တွေးမိ ပြန်တယ်။
ကိုယ့်မှာရှိတဲ့ မုန့်ကိုလဲ တစ်ခါတလေ အံဆွဲထဲ ဖွက်ထားပြီး သူများ မမြင်အောင် စားတတ် လာတယ်။ တစ်ဖက်က သူငယ်ချင်း က စာမသိလို့၊ မကြားလိုက်လို့ လှမ်းမေးရင်လဲ မကြားချင် ယောင်ဆောင် နေတတ်တယ်။ မျှမျှတတ သိပ်မရှိချင် တော့ဘူး။ ထိုင်ခုံပြောင်းလို့ စိတ်ပြောင်းတာ လားလို့ တွေးကြည့် မိတယ်။ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ လူ့စိတ်ဆိုတာ အခြေအနေ ကိုလိုက်ပြီး ပြောင်းလဲ တတ်တာ မျိုးကိုး။
ကံကောင်းတယ်ပဲ ပြောရမလား မသိဘူး။ ကျွန်တော် ဂျပန်မှာ နေစဉ်က ဆရာ ဖြစ်သူက ဆက်တီခုံတွေ အပါအဝင် အိမ်တွင်း အလှဆင် လုပ်ငန်းနဲ့ တကွ တူရိယာ ပစ္စည်း အတော် များများကို ကျွမ်းကျွမ်း ကျင်ကျင် လုပ်နိုင်တဲ့ သူတစ်ယောက် ဖြစ်နေတယ်။ လုပ်ငန်း သဘာဝ ဆက်စပ်မှု ရှိတာ တစ်ကြောင်း၊ ဆရာ ကိုယ်တိုင်က စိတ်ဝင်စား တာကြောင့် လို့လဲ ပြောရမယ်။ ဂျပန် ရောက်တဲ့ အချိန် လုပ်ငန်းခွင် ဝင်စဉ်မှာ ကြုံရတဲ့ အမှတ်တရ ကတော့ မီလီမီတာ ပေတံ ကိုင်ရတာပါပဲ။ အတိုင်းအထွာ တွေကို လက်မ၊ ပေ နဲ့ပဲ ပြောလာခဲ့တဲ့ ကျွန်တော့် အတွက် မီလီမီတာ ဆိုတာ အနည်းငယ် ရင်းနှီးမှု မရှိခဲ့ပါဘူး။ အလုပ်ပိတ်ရက် တစ်နေ့မှာ ဆရာ့အိမ်ကို အလည် သွားတော့ ဆရာက သူ့ရဲ့ အလုပ်ခန်း ထဲမှာ အလုပ်ရှုပ် နေပုံ ရပါတယ်။ ဟိုနားတစ်စ၊ ဒီနားတစ်စ သစ်သား အတိုအစ တွေနဲ့ အနီးအနား မှာလဲ စက်မျိုးစုံနဲ့ သစ်သား တစ်ချောင်းကို ကောက်ကိုင် လိုက်၊ ပေတံနဲ့ တိုင်းလိုက်၊ ပြန်ချလိုက်နဲ့၊ ကျွန်တော့် အတွက်တော့ ဆရာ့ အမူအရာ ကအစ အတုယူ မိခဲ့တာပါ။ ဆရာ့ကို အားကျ ခဲ့တယ်။ ဂျပန်လူမျိုး တစ်ယောက်ရဲ့ တိကျမှုကို လေးစားတယ်။ မတော်တဆ မှားသွားတဲ့ အမှားတစ်ခု အတွက် ပြန်ပြင်တယ် ဆိုတာ မရှိဘူး။'သွား...ဂေါ်မိ'ပဲ။ ဂေါ်မိ ဆိုတာ အမှိုက်ကို ပြောတာ။ အဲဒီလောက် ပြတ်သားတာ။ ဆရာက ကျွန်တော့်ကို မေးတယ်။ 'မင်း ထိုင်ခုံ လုပ်ဖူးလား' တဲ့။ 'ဟုတ်ကဲ့... မြန်မာပြည်မှာ လုပ်ခဲ့ဖူး ပါတယ်'။ 'ဘယ်လောက် တန်ထိ လုပ်ဖူးလဲ'။ 'သုံး လေးသိန်း ခန့် လောက်ပါပဲ'။ 'အေး...ငါအခု လုပ်မယ့်ခုံက တန်ဖိုးတွက်လို့ မရ သေးဘူးကွ...'တဲ့။' လူတန်းစား တစ်ရပ် အတွက် သီးသန့် လုပ်မှာ။ ဒီထိုင်ခုံပေါ်မှာ ထိုင်မယ့်လူက အကန့်အသတ် ရှိတယ်။ လူတိုင်း ထိုင်လို့ မရဘူး။ ထိုင်ချင် သလောက် အကြာကြီးလဲ ထိုင်လို့ မရဘူး။ မင်းကြုံဖူး မှာပါ။ တချို့ လူတွေက ထိုင်ပြီးရင် မထချင်ကြ ဘူးကွ။ အိမ်ရှင်ကို အားမနာဘဲ ငုတ်တုတ် ထိုင်နေတတ်တဲ့ သူတွေ ရှိတယ်။ နောက် ရှိသေးတယ်။ ဒီခုံက ကိုယ်နဲ့ သင့်တော်တဲ့ ခုံဟုတ်ရဲ့လား ဆိုတာ မစဉ်းစားဘူး။ ထိုင်ချင် တာပဲသိတယ်။ 'ငါတို့ဂျပန်မှာ ထိုင်ခုံဆိုတာ လူ သတ်မှတ် ပြီးသားကွ'တဲ့။ 'မိသားစု တစ်စုမှာ ဆိုရင် အဘိုး ထိုင်ရမယ့်ခုံ ရှိတယ်။ အဖေ ထိုင်ရမယ့် ခုံရှိတယ်။ အမေ ထိုင်ရမယ့် ခုံရှိတယ်။ ငါတို့ ထိုင်ချင်တိုင်း ဝင်ထိုင်လို့ မရဘူး။ တချို့ လူတွေက အဲဒါ နားမလည် ဘူးကွ။ အဲဒီတော့ ငါက ဒီခုံကို TIMER ပေးထားမယ်။ သူ့ သတ်မှတ်ချိန် ပြည့်ရင် ထကို ထရမယ် ပေါ့ကွာ။ နောက်တစ်ခုက ဒီထိုင်ခုံ ပေါ်မှာ အတ္တ ကြီးလွန်းတဲ့ သူတွေ ကို ထိုင်ခွင့် မပေးဘူး။ မင်း... သိလား။ အိမ်တိုင်း၊ အိမ်တိုင်းမှာ အဖေ အကုန်လုံးက အိမ်ထောင်ဦးစီးဖြစ်လား'။ 'မဖြစ်ပါဘူး... ဆရာ'။ 'အိမ်ထောင်စု ဇယားထဲမှာ တော့ ဖြစ်ချင် ဖြစ်မှာပေါ့။ အေး...တာဝန် ယူနိုင်တဲ့ သူပဲ ဖြစ်တာ မဟုတ်လား။ အေး...အခုလဲ ဒီလိုပဲ။ တာဝန် ယူနိုင်တဲ့သူ အတွက်ပဲ'။ ဆရာ့စကား ထဲမှာ အဓိပ္ပာယ် များစွာ ပါဝင်နေ ပါတယ်။ အသေးစိတ်ကို ကျွန်တော် မမေးတော့ပါ။ ဆရာက မေးသင့် တာထက် ပိုမေးတာကို မကြိုက်ပါ။ အမြင်နဲ့ သိသော၊ တွေး၍ သိသော အသိမျိုး ဖြစ်အောင် ကျွန်တော့်ကို လေ့ကျင့် ပျိုးထောင် ပေးခဲ့ ပါတယ်။
ဆရာနဲ့ အတူရှိစဉ်က ရခဲ့တဲ့ပညာ တွေဟာ တန်ဖိုးမဖြတ် နိုင်ခဲ့ပါ။ ငွေနဲ့ ဝယ်လို့ မရတဲ့ အတွေ့အကြုံ ကောင်းများစွာ ကို ဂျပန်မှာ နေထိုင်စဉ် ရယူနိုင်ခဲ့ ပါတယ်။ ယနေ့အထိ ညအိပ်ရာ ဝင်တိုင်း ဆရာအား ဦးချ၍ အိပ်ဆဲ။ တစ်ရက်က ဆရာ နေထိုင်ကောင်း၊ မကောင်း ဖုန်းဆက် မေးဖြစ်ခဲ့ ပါတယ်။။ မြန်မာပြည် အလည်လာဖို့ ဖိတ်ရပါတယ်။ တစ်ခုတော့ မေ့သွားတယ်။ ဆရာ... ထိုင်ခုံလေး ပြီးသွားပြီလား ဆရာ ... လို့ မေးဖို့ ကျန်သွားတယ်။
#Themyawadydaily
No comments:
Post a Comment