အချိန်သည် ကန့်သတ်ချက်လား
ချမ်းမြအောင်
ယခုရက်ပိုင်းက စာရေးသူ အိမ်သို့ ဧည့်သည်တစ်ဦး ရောက်လာသည်။ ရန်ကုန်မှ လာခြင်း ဖြစ်သည်။ ဝန်ထမ်း ဘဝနှင့် နေခဲ့စဉ်က စာရေးသူ၏ ဆရာသမား တစ်ဦးပင် ဖြစ်သည်။ ကွဲကွဲကွာကွာ နေကြရတာ ကြာပြီဖြစ်၍ ထုံးစံအတိုင်း ရေပက်မဝင် စကား ရေယဉ်ကြော ထဲမှာ အကြာကြီး နစ်မျော ခဲ့ရသည်။ ည ၁၁ နာရီကျော် တိုင်အောင် စကားကို အနားမသတ် နိုင်သေး။ ထိုစဉ်မှာပင် ဆရာ၏ လက်ကိုင်ဖုန်းမှ အသံမြည် လာသည်။ ဖုန်းကို ကိုင်လျှင် ကိုင်ချင်းမှာပင် ''ဟင်'' ဆိုသော အာမေဍိတ် အသံ ကြားလိုက်ရသည်။
ထို့နောက် အတန်ကြာ သည့်တိုင် ဖုန်းပြောဆို ကြပြီး ဖုန်းပိတ် လိုက်စဉ်မှာပင် ဖုန်းထပ်၍ ခေါ်ပြန်သည်။ ဒါက နောက်ထပ် တစ်ဦး...။ သူနှင့်လည်း အပြန်အလှန် စကားပြောဆို ကြပြန်သည်။ တစ်ဖက်မှ ဖုန်းချ သွားသည့်အခါ ဆရာက စာရေးသူကို အကြောင်းစုံ ရှင်းပြသည်။ ယခု ဖုန်းဆက်သူ များမှာ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြောင်း၊ ယခုလေးတင် မှာပင် သူငယ်ချင်းမ ၏ ခင်ပွန်း ဆုံးသွားကြောင်း မဆုံးသင့်ဘဲ ဆုံးရသည်ဟု ထင်ကြကြောင်း၊ အဓိကမှာ ကျန်ရစ်သူ သူငယ်ချင်းမ အတွက် အားပေးစကား ပြောပေးရန် သူငယ်ချင်း များက ဖုန်းဆက်ပြီး တိုက်တွန်း ကြခြင်း ဖြစ်ကြောင်း ပြောပြသည်။
''ခက်တော့ ခက်တယ်ဗျာ။ ဒါဟာ လွယ်မယောင် နဲ့ ခက်တဲ့ကိစ္စဗျ။ သောက ရောက်နေတဲ့ သူကို နှစ်သိမ့်စကား ပြောပေးရမှာ မိတ်ဆွေ ဝတ္တရားဆိုတာ ကျွန်တော် နားလည် ပါတယ်။ ကျွန်တော့် အနေနဲ့ ဘယ်လို ပြောရမှာလဲ။ သေနေ့စေ့လို့ သေရတာလို့ ပြောရမလား။ ပဋာစာရီ ဇာတ်လမ်း ပြောပြီး တရားဟော ရမှာလား။ မလွန်ဆန် နိုင်တဲ့ သဘောမို့ တရားနှင့် ဖြေပါလို့ အားပေးစကား ပြောရမလား။ ဒါလည်း မကောင်းသေးဘူး။ သူငယ်ချင်းမ ဟာ ခေတ်ပညာ တတ်ဗျ။ ပါးစပ်ဟ လိုက်တာနဲ့ ဘာပြောမလဲ ဆိုတာ သိပြီးသား။ ဒါပေမဲ့ မိတ်ဆွေ ဝတ္တရား ရှိလို့ ကျွန်တော် ကတော့ ပြောမှာပါ။ အခု လောလော ဆယ်တော့ မဟုတ်သေးဘူး။ အချိန်တော့ စောင့်ရ ဦးမယ်''။
ဆရာ၏ အဓိက လိုရင်းအချက် ပြဿနာ တစ်ခု၏ အဖြေမှာ ''အချိန်'' ဖြစ်ကြောင်း မှတ်မှတ်ထင်ထင် စွဲသွား ခဲ့သည်။
ယနေ့ အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ဖို့၊ ဆင်းရဲတွင်းမှ ကယ်တင်ဖို့ ကြိုးစားရင်း ရှေ့သို့ တစ်လှမ်းတိုးရန် နောက်သို့ ဆယ်လှမ်း ဆုတ်လိုက်သော ဆင်သည် ဆုတ်သည့် နေရာမှာပင် ရပ်သွားခဲ့သည်။ ပုစွန်ဆိတ်ခေါင်း သို့ စုပုံရောက်ရှိ လာကြသည့် ပြဿနာပေါင်း သောင်းခြောက် ထောင် ကို '' ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်'' ဖြေရှင်း၍ မဆုံးနိုင်။ ဒီကြားထဲ ရေဘေး ကဲ့သို့သော သဘာဝ ဘေးအန္တရာယ် ကလည်း စိန်ခေါ် လာသည်။
ဂျာနယ်တစ်စောင် တွင် ''လက်ရဲဇက်ရဲ သတ်ရဲတာ ဘာကြောင့်လဲ'' ဟူသော မေးခွန်းကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေး သွားခဲ့သည်။ လူမိုက် အချို့သည် ''သေဒဏ် ဆိုသည်မှာ စာရွက် ပေါ်မှာပဲ ရှိကြောင်း၊ ထောင်ဒဏ် ဆိုသည်လည်း မကြာခင် လွတ်လာတာပဲ'' ဟု ပြောပြကြောင်း ဆွေးနွေး သွားသည်။ ၄င်း ဂျာနယ်ထဲမှာပင် သင်္ဃန်းကျွန်း မြို့နယ်တွင် ရမ်းကား နေသော လူမိုက်တစ်ဦး က ထိန်းသိမ်း ဟန့်တားရန် ရောက်လာသည့် နယ်ထိန်းကို လှံဖြင့် လိုက်သဖြင့် လွတ်ကင်းရာ အိမ်သို့ ထွက်ပြေး ရကြောင်း ဖတ်ရှု ရသည်။
ယခုအခါ ရပ်ကွက်နေ ပြည်သူ တို့သည် မိမိ လုံခြုံရေးကို မိမိကပဲ ယူနေ ရကြောင်းလည်း သတင်းမှာ ဖော်ပြထားေ လသည်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကပင် ရဲတပ်ဖွဲ့ အင်အား နှစ်ဆကျော် လိုအပ်ကြောင်း ပြောကြား သွားခဲ့သည်။ တရားဥပဒေ စိုးမိုးရေး အတွက် ရဲတပ်ဖွဲ့ အင်အား လိုအပ်သည်ကား အမှန်ပင် ဖြစ်သည်။ သို့သော် ဖြည့်ဆည်း ဆောင်ရွက် ပေးရမည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာ အထောက်အပံ့များ များစွာ လိုအပ် နေသရွေ့....။ အချိန် တစ်ခုတော့ စောင့်ရဦးမည် ဖြစ်သည်။
စင်ကာပူမှ ပြန်လာသော လူငယ် တစ်ဦးက စင်ကာပူ ချမ်းသာကြောင်း၊ မြန်မာနိုင်ငံ နှင့် ဆီနှင့်ရေ ကွာခြားကြောင်း၊ လုံခြုံမှုနှင့် စည်းကမ်း ဘယ်မျှ ကောင်းကြောင်း ပါးစပ်နှင့် တစ်လုံးပြော ပြီးနောက် လမ်းပေါ်သို့ ကွမ်းသွေး ''ပျစ်'' ခနဲထွေးကာ ထွက်သွား ခဲ့သည်။ သည်လို အကျင့်အကြံ နှင့် ယဉ်ကျေးမှု ကင်းမဲ့သော စရိုက် လက္ခဏာများ ကိုလည်း ပြုပြင် ရဦးမည် ဖြစ်သည်။
သို့သော်... အချိန် တစ်ခုတော့ စောင့်ရ ပါဦးမည်။
ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို ဖော်ဆောင် နေသော ယခုအစိုးရ လက်ထက်တွင် ပထမလှိုင်း နှင့် ဒုတိယလှိုင်း တို့ကို ဆောင်ရွက်ပြီး သည်ဟု သိရှိရသည်။ တတိယလှိုင်း အလာတွင် ဆက်လက် ရွေ့လျားရန် တွန်းအားများ ပို့လွှတ် ရဦးမည် ဖြစ်သည်။ တတိယလှိုင်း တွင် အုပ်ချုပ်မှု ယန္တရား၏ ဖွဲ့စည်းပုံကို ပြုပြင် ပြောင်းလဲခြင်း သာမက အုပ်ချုပ်ရေး ယန္တရား အတွင်း ပါဝင်နေသည့် လူများကိုပါ ပြုပြင် ပြောင်းလဲရန် ရည်ရွယ်ကြောင်း မှတ်သား မိသည်။ တတိယလှိုင်း သည် ၁၆ လနီးပါးသာ လက်ကျန် ရှိတော့မည့် အစိုးရ အတွက် ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်လာနိုင်သည်။ မဆလ ပါတီစနစ် တုန်းကမူ ''လူ'' နှင့် ''မူ'' ကို လက်ညှိုးထိုး လွှဲချရင်း ဘာမျှ ဖြစ်မလာ ခဲ့သည်ကို သင်ခန်းစာ ယူရမည် ဖြစ်သည်။
လူ့သဘာဝနှင့် ပတ်သက်၍ စင်ကာပူတွင် အလုပ်လုပ် နေသည့် တူမ တစ်ဦးက ''စင်ကာပူမှာ စည်းကမ်း ရှိတယ် ဆိုပေမယ့် လစ်ရင် လစ်သလို အမှိုက်ပစ် တာပါပဲ'' ဟု ပြောခဲ့ ဖူးသည်။ လူကတော့ လူပဲဖြစ်သည်။ အစိုးရရုံး ဌာနမှ ဝန်ထမ်းတစ်ဦး ကတော့ ''အရင်က လိုပါပဲ၊ စာရင်းစစ်တွေ လာရင် ကျွေးရ မွေးရ၊ ပေးနေရတုန်း ပါပဲ။ ဒါမှလည်း သူတို့က ညှိညှိနှိုင်းနှိုင်း လုပ်ပေး မှာလေ'' ဟု ဆိုပါသည်။ အမှီသဟဲ ပြုတတ်သော ''ကျွန်းနှင့်ကိုင်း'' ကို ခွဲခြား ဖို့ဆိုတာ အတိုင်းအတာ တစ်ခုအထိ အချိန် လိုအပ်ဦးမည် ထင်ပါသည်။
ဟုတ်ပါသည်။ အချိန် တစ်ခုတော့ စောင့်ရဦးမည် ဖြစ်ပါသည်။ ။
#Themyawadydaily
No comments:
Post a Comment