www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 26, 2014

သြကြီး သို့မဟုတ် ကျွန်တော့် ဘ၀ရဲ့ မိုးကောင်းကင်


သြကြီး သို့မဟုတ် ကျွန်တော့် ဘ၀ရဲ့ မိုးကောင်းကင်

ဥသြ (ချယ်ရီမြေ)

ကျွန်တော့် ဘ၀သည် ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ရုန်းကန် ခဲ့ရသော်လည်း ကူညီ ထောက်ပံ့ကြသည့် ကျေးဇူးရှင် များ ရှိခဲ့သည်။ ၄င်း ကျေးဇူးရှင် များအနက် မိဘများနှင့် တန်းတူ ရိုသေ လေးစားရသည့် ကျေးဇူးရှင် မှာ သြကြီး ဖြစ်သည်။

ဖခင်ဖြစ်သူ သာမန် ၀န်ထမ်း တစ်ဦးမျှသာ ဖြစ်ပြီး မိခင် ဖြစ်သူမှာ မှီခိုသူ ဖြစ်သည့်အတွက် ကျွန်တော်တို့ မောင်နှမ တစ်တွေမှာ ဖခင်၏ လုပ်စာလေး အပေါ် မှီခို နေကြရသည်။ မိဘများက ကျွန်တော်တို့ တစ်တွေ အတွက် ဥစ္စာ အမွေ မပေးနိုင် ခဲ့သော်လည်း ပညာအမွေ ကိုမူ ပေးနိုင် ခဲ့သည်။

ကျွန်တော် အထက်တန်း ကျောင်းသား ဘ၀အထိ သြကြီး နှင့် သာမန်မျှသာာ ပတ်သက်ခဲ့သည်။ ကျွန်တော့်ဘ၀ ၏ အပြောင်းအလဲ များသည် မိုးဥတု တွင် အစပြုလေ့ ရှိသည်။ ၁၀ တန်း အောင်ပြီးသော အခါတွင် အလုပ်မျိုးစုံ လုပ်ကြည့်သည်။ ကုမ္ပဏီ အလုပ်များမှာ အင်တာဗျူး ၀င်ရောက် ဖြေဆိုခဲ့ သော်လည်း မရခဲ့ပါ။ နေ့စား လုပ်သားလည်း မရခဲ့ပါ။ နေ့စားလုပ်သား အဖြစ်လည်း လုပ်ကိုင် ခဲ့ဖူးသည်။ သို့သော် ကြာရှည် မလုပ်နိုင် ခဲ့ဘဲ ရေခပ် ၊ ထင်းခွဲ စသည့် အိမ်အလုပ် များသာ ၀ိုင်းကူ ခဲ့ရသည်။ ဖခင် ဖြစ်သူဆီက အမွေ ရခဲ့သည်မှာ စာဖတ် ၀ါသနာ ဖြစ်သည်။ စာဖတ်ခြင်း ကြောင့်ပင် ကျွန်တော့ဘ၀ ပြောင်းလဲ ခဲ့ရသည်။

တစ်ရက်တွင် ဖခင်ဖြစ်သူ ခိုင်းထားသည့် ထင်းခွဲသည့် အလုပ်ကို လုပ်ကိုင်နေစဉ် မိခင် ဖြစ်သူက ထမင်းကြော် ကျွေးသောကြောင့် ရပ်နား လိုက်သည်။ ထမင်းကြော် စားရင်း စာဖတ်ခြင်းမှာ နစ်မျော နေမိသည်။ မည်မျှ ကြာသွားသည် မသိ။ ဖခင်ဖြစ်သူ ပြန်လာ သည်ကိုပင် မသိလိုက် တော့ပေ။ သာမန်အားဖြင့် သားသမီးများ အပေါ် ဆူပူ ရိုက်နှက်မှု နည်းသည် ဖခင် ဖြစ်သူမှာ ရုံးတွင် အဆင်မပြေ ဖြစ်လာ၍လား မသိ။ ကျွန်တော့်ကို ဆူပူ ကြိမ်းမောင်း ပါတော့သည်။ ဆူရင်း ဆူရင်းမှ ဒေါသက ပို၍ ကြီးလာသည်။ ကျွန်တော် ဖတ်သည့် စာအုပ်ကြောင့် အလုပ်မပြီးဟု ဆိုကာ စာအုပ်ကို ဆွဲဆုတ်ရန် ကြိုးစား လာသည်။ ထိုအခါ ကိုယ်ပိုင် မဟုတ်ဘဲ ဆိုင်မှ ငှားလာခြင်း ဖြစ်ကြောင်း ဖခင် ဖြစ်သူကို ပြောပြခဲ့သည်။ ခွန်းတုံ့ပြန်သည် ဟု ယူဆကာ ကျွန်တော့် ဘ၀ကို ပြောင်းလဲစေမည့် စကား တစ်ခွန်းကို ပြောခဲ့သည်။ မာနကြီးသော ကျွန်တော်ကလည်း ဆယ်တန်း အောင်လက်မှတ် နှင့် အ၀တ် အထည် အချို့ ယူကာ အိမ်ပေါ်မှ ဆင်းလာ ခဲ့သည်။ ကျွန်တော် ငယ်စဉ် ကတည်းက ၀ါသနာ ပါသော တပ်မတော်သား ဘ၀ကို ခံယူခဲ့သည်။

ထိုကာလမှာ မိုးတွင်း ဖြစ်ကြောင်း အမှတ်ရမိသည်။ ထိုစဉ်က ကျွန်တော့် လက်ထဲတွင် ငှက်ပျောသီး တစ်ဖီးနှင့် ငွေခြောက်ဆယ် ခန့်သာပါကြောင်း အမှတ်ရမိသည်။ စိုစွတ်သော မိုးရေများ ကြားမှာ ကျွန်တော့်ဘ၀ အချိုးအကွေ့ တစ်ခု စတင်ခဲ့သည်။ ကျွန်တော် နှင့် သြကြီး တို့၏ နက်ရှိုင်းစွာ ပတ်သက်မှုသည် ထို အချိန် နောက်ပိုင်းမ၊ှ စတင်ခဲ့သည်။ ဆယ်တန်း အောင်ပြီး အသက်မီ သောကြောင့် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း ၀င်ခွင့် လျှောက်ခဲ့သည်။ ဖခင်ဖြစ်သူ မှ တစ်ဆင့် သြကြီး၏ အကူအညီများ ရရှိခဲ့သည်။ ဗိုလ်လောင်း သင်တန်း ဖြေဆိုစဉ် မှစ၍ အရာရှိ ဘ၀ဖြင့် အိမ်ထောင်ကျ သည်အထိ အစစ အရာရာ ပံ့ပိုး ကူညီခဲ့သည်။ သားသမီး တစ်ဦးသဖွယ် ဂရုစိုက် ခဲ့သည်။ တကယ်တော့ သြကြီး သည် ဆွေမျိုးများထဲတွင် စီးပွားရေး အဆင်ပြေဆုံး ဖြစ်သလို ဆွေမျိုးများ အတွက် နားခိုရာ အရိပ် တစ်ခုလည်း ဖြစ်ခဲ့သည်။

ကျွန်တော့် ကိုသာမက ကျန်သော ဆွေမျိုးများ ကိုလည်း ကူညီ ထောက်ပံ့ ခဲ့သ်ည။ သြကြီး၏ ကျေးဇူးများသည် ဆွေမျိုးများ အပေါ်တွင် ကြီးမားလှသည်။ အထူးသဖြင့်  သားသမီး တစ်ဦးသဖွယ် ပြုစု ပျိုးထောင်ခဲ့သည့် ကျွန်တော့် အပေါ်တွင် ပို၍ ကြီးမားလှ ပါသည်။ ကျွန်တော့် မိဘ ၊ သြကြီး နှင့် ကျွန်တော်တို့ ၏ ပတ်သက်မှု အတွက် ဖခင်ဖြစ်သူ ပြောသည့် စကားတစ်ခွန်း ကို အမှတ်ရမိသည်။

ငါးလေးတစ်ကောင် မွေးထားသော်လည်း ကြီးလာသည့် အခါ ကန်မဆံ့၍ ကန်ကြီးကြီးမှာ မွေးနိုင်သူထံ ပေးအပ် ရကြောင်း ပြောကြား ခဲ့သည်။ တကယ်တော့ ကျွန်တော့် ဘ၀မှာ မိဘများသည် အနှိုင်းမဲ့ ကျေးဇူးရှင်များ ဖြစ်သကဲ့သို့ သြကြီး မှာလည်း အနန္တ ကျေးဇူးရှင် တစ်ဦးပင် ဖြစ်သည်။ မိဘများက မဖြည့်စွမ်း နိုင်ခဲ့သော ချို့တဲ့မှုများကို သြကြီးက အကြင်နာ မေတ္တာ အပြည့်ဖြင့် ဖြည့်စွမ်း ပေးခဲ့သည်။ ကျွန်တော်ဘ၀ သည် သြကြီးနှင့် မဆုံခဲ့ရ ပါက ဤမျှ အဆင်ပြေ ချောမွေ့ လိမ့်မည် မဟုတ်သည်မှာ သေချာလှသည်။ ကံတရားက ကျွန်တော့် အတွက် နောက်ထပ် မိဘတစ်ဦးကို ပေးအပ်ခဲ့သည်။ သြကြီးသည် ကိုးတန်းအထိ သာ ပညာ သင်ကြားခဲ့ရ သော်လည်း သြကြီး၏ လူမှု ဆက်ဆံရေး ၊ ကိုယ်ရည် ကိုယ်သွေး မှာ ကျွန်တော့် အတွက် လိုက်မမီ နိုင်ပေ။ သြကြီးသည် သူ့ထက် ပညာတတ်သော သူများကိုပင် သြဇာလွှမ်းမိုး နိုင်သူတစ်ဦး ဖြစ်သည်။

သြကြီးသည် ကျွန်တော် အလိုရှိသမျှကို မငြိုမငြင် ဖြည့်ဆည်း ပေးခဲ့သည်။ နောက်ဆုံး လက်ထဲတွင် ပိုက်ဆံ မရှိလျှင် တောင်မှ ၀မ်းမနည်း ၊ မျက်နှာ မငယ်စေရဘဲ ချေးငှား ဖြည့်ဆည်း ပေးခဲ့သူ ဖြစ်သည်။ မိဘတစ်ဦး၏ မေတ္တာဖြင့် ကူညီ ထောက်ပံ့ ခဲ့သည်။ သြကြီး ၏ ထောက်ပံ့မှုဖြင့် အရာရှိ တစ်ယောက် ဖြစ်ခဲ့ရုံမျှ မက မဟာဝိဇ္ဇာ ၊ မဟာ သုတေသန ၊ ပါရဂူ သင်တန်းများ ကို ဆက်လက် ဆည်းပူး နိုင်ခဲ့သည်။ ကျွန်တော်သည် သစ်ပင် ဆိုပါက သြကြီးက ရေလောင်း ပေါင်းသင် ပေးသည့် စိုက်ပျိုးသူ တစ်ဦး ဖြစ်သည်။ သို့သော် သြကြီး ပြုစု စိုက်ပျိုး ခဲ့သည့် သစ်ပင်မှာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ခဲ့ချေ။

ကျွန်တော် နှင့် သြကြီးတို့၏ ပတ်သက်မှုသည် ဖခင်နှင့် သားသဖွယ် နက်ရှိုင်းခဲ့သည်။ သြကြီး၏ ပုံသဏ္ဍာန်ကို ပြောရမည် ဆိုပါက တရုတ်လူမျိုး တစ်ဦးနှင့် ဆင်တူသည်။ အသားဖြူ၍ ဗိုက်ရွှဲသည် အထိ ၀သည်။ ၀က်သား အလွန်ကြိုက်၍ ဟင်းချက်လည်း ကောင်းသည်။ ကျွန်တော် ခွင့်ပြန်လာသည့် အခါများတွင် ကိုယ်တိုင် ချက်ပြုတ် ကျွေးမွေး တတ်သည်။ သြကြီးသည် မိမိထက် အသက်ကြီး သောသူနှင့် အိမ်ထောင် ပြုခဲ့သော်လည်း အိမ်ထောင်ဖက် အပေါ် အနွံအတာ ခံသူ ဖြစ်သည်။ ပြောရမည် ဆိုလျှင် သြကြီးသည် သူတစ်ပါးကို ကူညီ ပေးဆပ်ဖို့ အတွက် လူဖြစ် လာသည်ဟုပင် ထင်မိသည်။

ကြွေးဟောင်းကို တတ်စွမ်းသမျှ ကျေအောင် ဆပ်ခဲ့သလို ကြွေးသစ် များကိုလည်း ချပေးခဲ့သူ ဖြစ်သည်။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမ ဆွေမျိုး သားချင်းများ နှင့် သာမက နီးစပ် ပတ်သက်သူများ အထိပါ သြကြီး ကျေးဇူးနှင့် မကင်းပေ။ သြကြီးသည် ဘာသာတရား ရိုသေ ကိုင်းရှိုင်းသူ တစ်ဦးဖြစ်ပြီး မနက်တိုင်း ဆွမ်းကပ် ၊ ဘုရားရှိခိုး တတ်သူဖြစ်သည်။ ဆွမ်းခံကြွသော ကိုရင် ဦးပဥ္ဏင်း များကိုလည်း တတ်စွမ်းသမျှ ကပ်လှူလေ့ ရှိသည်။ ထို့ပြင် အိမ်ရှေ့တွင် ငှက်ကလေးများကို အစာကျွေး သည့်စင် ပြုလုပ်ကာ မနက်တိုင်း ငှက်စာ ကျွေးလေ့ ရှိသည်။ စီးပွား အရှာကောင်းသူ ဖြစ်သော သြကြီးသည် ဟိတ်နှင့် ဟန်နှင့် နေထိုင် တတ်သူတစ်ဦး ဖြစ်သည်။ အကောင်း ကြိုက်တတ်သူ တစ်ဦးလည်း ဖြစ်သည်။ ကျွန်တော့် အတွက်လည်း အကောင်းဆုံး ဖြည့်ဆည်း ပေးခဲ့သူ ဖြစ်သည်။

သစ်တစ်ပင်ကောင်း ရင် ငှက်တစ်သောင်း နားနိုင် သကဲ့သို့ ပင် သြကြီး ဟူသော သစ်ပင်ကောင်း တစ်ပင်ကြောင့် ကျွန်တော်တို့ တစ်တွေမှာ အရိပ်ရခဲ့ ကြသည်။ သြကြီးသည် မိဘ ဘိုးဘွားများ၏ အစဉ်အလာ ကို ထိန်းသိမ်း တတ်သူ ၊ ဆွေမျိုးများ အပေါ် သံယောဇဉ် ကြီးမားသူ ဖြစ်သည်။ အလုပ် အားသည့် ကာလများတွင် ကျေးရွာများ သို့ အလှူခံ ထွက်၍ ကောင်းမှု ကုသိုလ် ပြုလေ့ ရှိသည်။ အလှူခံ ထွက်ရာ၌ လိုအပ်သော ကုန်ကျစရိတ် များကိုလည်း စိုက်ထုတ် လှူဒါန်းသည်။ ကိုယ်ကိုယ်တိုင် လည်း အပင်ပန်းခံကာ ရွာများသို့ အလှူခံ ထွက်သည်။ သြကြီးသည် အလှူခံ မထွက်ခင် အကောင်းစား သကြားလုံး ထုပ်များစွာ ၀ယ်ယူလေ့ ရှိသည်။ မြို့နှင့် မိုင်ပေါင်း များစွာ ဝေးကွာသော တောရွာလေးရှိ နွမ်းပါးသော ကလေးများကို သကြားလုံးများ ပေးလှူလေ့ ရှိသည်။ ရလာသော အလှူငွေ များကိုလည်း အခမ်းအနား ဖြင့် စနစ်တကျ ဆက်ကပ် လှူဒါန်းလေ့ ရှိသည်။ ဤသည်မှာ သြကြီး နှစ်စဉ် ပြုလုပ်သည့် ကောင်းမှု တစ်ခု ဖြစ်သည်။

သြကြီးသည် မိမိ၏ စည်းစိမ်များကို မိမိ တစ်ဦးတည်း ခံစားတတ်သူ မဟုတ်ပေ။ အများကို ဝေငှတတ်သူ ဖြစ်သည်။ သြကြီးသည် ဆင်းရဲသူ မဟုတ်သော်လည်း ချမ်းသာသူလည်း မဟုတ်ပေ။ သို့သော် အလှူ အတွက် နောက်တွန့် တတ်သူ မဟုတ်ပေ။ သို့ဖြစ်၍ ၀င်ငွေ အများစုကို လှူဒါန်းခြင်း ၊ ပေးကမ်းခြင်း ဖြင့်သာ ကုန်ဆုံး၍ တစ်ခါတစ်ရံ အကြွေးများဖြင့် ကျပ်တည်းစွာ နေရသည်။ အဆင်ပြေ လာသောအခါ တွင်လည်း နောက်ထပ် ပေးလှူသူသာ ဖြစ်သည်။ ကျွန်တော့် အတွက် သြကြီး၏ ဂုဏ်ဒြပ်များက ခမ်းနားလွန်း လှသည်။ သြကြီး၏ ကျေးဇူးများ ကလည်း ဆပ်၍ ကုန်နိုင်မည် မထင်ပေ။

သြကြီး၏ ကျေးဇူးကို အစဉ်အမြဲ အောက်မေ့၍ သတိရသော်လည်း ယခုတိုင် မဆပ်နိုင် သေးပါ။ ဖုန်းပြောသည့် အခါတွင် ကျန်းမာရေး ကို ဂရုစိုက်နော် ဟု ကျွန်တော် ပြောသည့် အခါတိုင်း " မင်းလုပ်စာမှ မစားရသေးတာ ၊ ငါမသေသေး ပါဘူး .... " ဟု အမြဲ ပြောလေ့ ရှိသည်။ သို့သော် သြကြီးသည် ဘာကိုမျှ တောင်းဆိုခဲ့ခြင်း မရှိပါ။ ကျွန်တော့် ဘ၀၏ အောင်မြင် တင့်တယ်မှု များအတွက် ၀မ်းသာပီတိ ဖြစ်နေတတ် သည်။ တကယ်တော့ သြကြီးသည် စိုက်ပျိုးသူသာ ဖြစ်ပြီး ရိတ်သိမ်းသူ မဟုတ်ခဲ့ပေ။ အသက်အရွယ် ကြီးလာပြီး ဖြစ်သော သြကြီး အတွက် ပူပန် မိသော်လည်း သြကြီးက သူတစ်ပါး အပေါ် ၀န်ထုပ် ၊ ၀န်ပိုး မဖြစ်စေချင်သူ ဖြစ်သည်။ ကိုယ်ပိုင် အစွမ်းအစဖြင့် ရပ်တည် လာသူ တစ်ဦးပီပီ သူတစ်ပါး အပေါ် မမှီခိုလိုသည့် မာနလည်း ရှိသည်။

သြကြီး ဟူသော အမည်ကပင် ကျွန်တော်နှင့် သြကြီး ၏ ပတ်သက်မှုကို ဖော်ပြနေသည်။ ကျွန်တော့် ဖခင်၏ ညီဖြစ်သူ သြကြီးသည် သူ့တူ ဖြစ်သူကို ငယ်စဉ် ကပင် ထိန်းပေးခဲ့သည်။ ထိုစဉ်က ကျွန်တော့ဖခင် နှင့် သြကြီးတို့သည် မိဘများနှင့် အတူ နေထိုင်ခဲ့ ကြသည်။ ကျွန်တော် စကားပြော တတ်စ အရွယ်တွင် ဦးလေး ဖြစ်သူကို ဦးကြီးဟု ခေါ်ရာ စကား မပီသ သဖြင့် သြကြီး ဟုသာ အသံထွက် ခဲ့သည်။ နောင်အခါ သြကြီး ဟူသော အမည်ကို ကျန်သော ညီအစ်ကို မောင်နှမ များသာမက ဆွေမျိုးများ အားလုံးက လိုက်ခေါ်ကြရင်း အတည် ဖြစ်သွားတော့သည်။

တကယ်တော့ သြကြီးကဲ့သို့ သော လူမျိုးများက လောကတွင် ရှိတော့ ရှိသည်။ သို့သော် ရှားပါသည်။ လောကတွင် အပေး သမားထက် အယူသမားက များသောကြောင့် ဖြစ်သည်။ ကျွန်တော့် အတွက် ကတော့ သြကြီးသည် လေးစား တန်ဖိုးထား ရသည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ တစ်ချိန်ချိန် တွင်လည်း သြကြီးကဲ့သို့ အများအတွက် အပေးသမား တစ်ယောက် အဖြစ် ရပ်တည်ချင် ပါသည်။ ယခုထိတော့ ကျွန်တော်သည် အယူသမား တစ်ယောက်သာ ဖြစ်နေဆဲ ၊ ဘ၀ တိုက်ပွဲမှာ ရုန်းကန် နေရဆဲ။ တစ်နေ့နေ့ မှာတော့ သြကြီး ၏ ကျေးဇူးကို ဆပ်နိုင်ခွင့် ရလို ပါသည်လေ။



သြကြီးက ကျွန်တော့် ဘ၀အတွက် လုံခြုံမှုကို ပေးသည်။ နွေးထွေးမှုကို ပေးသည်။ အေးမြမှုကို ပေးသည် ။ အလင်းရောင်ကို ပေးသည်။ ကျေးဇူး တရားများက အနန္တ။ တကယ်တော့ သြကြီး က ကျွန်တော် အမြဲတမ်း မော့ကြည့် နေရသည့် ကျွန်တော့် ဘ၀ရဲ့ မိုးကောင်းကင်ကြီး တစ်ခုပါလေ ။   ။

( ၂၀၁၄ ခုနှစ် စက်တင်ဘာလထုတ် မြ၀တီရသစုံမဂ္ဂဇင်းပါ ဆောင်းပါးမှ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger