www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 4, 2014

အင်တာနက်ခေတ် နှင့် သတင်းစာ၏ အခန်းကဏ္ဍ


အင်တာနက်ခေတ် နှင့် သတင်းစာ၏ အခန်းကဏ္ဍ

ဘာသတင်းမှ မရှိတာဟာ သတင်းကောင်း ပဲလို့ ဆိုတဲ့ ဆိုရိုးစကား လေးကို အင်္ဂလိပ်လို ကြားဖူးပါတယ်။ စိတ်ရှုပ်စရာ ကောင်းတဲ့ သတင်းတွေက အရပ် လေးမျက်နှာ ကနေ အရှိန်ပြင်းပြင်း နဲ့ ၀င်နေလို့ စိတ် အနှောင့်အယှက် ဖြစ်စေတဲ့ အခါမျိုးမှာတော့ ဒီ ဆိုရိုးစကား ဟာ မှန်ကောင်း မှန်ပါလိမ့်မယ်။

ဒါပေမဲ့ နေ့စဉ်ဘ၀မှာ သတင်းဆိုးတာ အရေးပါလှ ပါတယ်။ ကိုယ်နေနေတဲ့ မြို့ ၊ နိုင်ငံ ၊ ကမ္ဘာမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို လူတိုင်း စိတ်ဝင်စား ပါတယ်။ သတင်းကို ပုံမှန် သိနေရမှသာ လောကကြီး နဲ့ အဆက်အသွယ် ရပြီး နေသာ ထိုင်သာ ရှိကြတာပါ။ သဘာဝ ပတ်ဝန်းကျင် အကြောင်း ၊ ပြည်တွင်းရေး ၊ ဘာသာရေး ၊ လူမျိုးရေး ၊ နိုင်ငံတကာ ကိစ္စရပ်တွေကို အားပါးတရ လေ့လာကြပြီး အတွေးအခေါ် အမြော်အပြင် တွေ တိုးတက် လာကြတာပါ။

သတင်းကို အဓိက ဖြန့်ချိပေးတာ သတင်းစာပါ။ တကယ်တော့ သတင်းကို ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ် အစရှိတဲ့ ပုံနှိပ်မီဒီယာ တွေကနေ ရနိုင်သလို ရေဒီယို၊ ရုပ်သံ၊ အင်တာနက်၊ ဖုန်း၊ ဖုန်းစာဆို အစရှိတာတွေ ကနေလဲ ရနိုင်တယ်။ ဒါပေမဲ့လဲ သတင်းစာ တွေကို နေ့စဉ်စောင်ရေ သိန်းသန်းချီ ရိုက်နှိပ်ဖြန့်ချိ နေရတာ ဘာကြောင့်များ ပါလိမ့်။

ရုပ်သံ ဘယ်လောက် ကောင်းကောင်း၊ အင်တာနက် ဘယ်လောက် မြန်မြန်၊ သတင်းစာဟာ အမြဲ အရေးပါ နေမှာပါ။ သတင်းစာမှာ သတင်း အချက်အလက် တွေကို ကျယ်ပြန့် နက်ရှိုင်းစွာ ဖော်ပြနိုင်ပြီး ကုန်ကျစရိတ် သက်သက် သာသာနဲ့ ဖြန့်ချိပေး နေသလို အချိန်အားမှ အေးအေး ဆေးဆေး ဖတ်လို့ ရပါတယ်။ သွားလေရာ သယ်ဆောင် သွားနိုင်ပါတယ်။ ကြိုက်တာ လေးတွေ တွေ့ရင်လဲ ဖြတ်သိမ်း ထားလို့ ရသလို အကြိမ်ကြိမ်လဲ ပြန်ဖတ်၊ ပြန်ပြလို့ ရပါတယ်။

သတင်းစာက အကြောင်းအရာ မျိုးစုံ အကြောင်းကို ပုံစံ အမျိုးမျိုးနဲ့ ဖော်ပြပေးနိုင် ပါတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေ မှာ သတင်းတွေ ပါပေမယ့် သတင်းကို ရွေးချယ် ဖော်ပြ ရာမှာတော့ သတင်းစာက ပိုပြီး စုံလင် ထိရောက်စွာ ဖော်ပြနိုင် ပါတယ်။ ရုပ်သံနဲ့ အင်တာနက်က သတင်းတွေကို စောစောစီးစီး ဖော်ပြ နိုင်ပေမယ့် သတင်းစာလို ကျယ်ပြန့် နက်ရှိုင်းစွာ ဖော်ပြနိုင်ခြင်း မရှိတဲ့ အပြင် အားတဲ့အချိန် အေးအေး ဆေးဆေး ကြည့်ဖို့ သယ်သွားရမှာ ခက်ခက်ခဲခဲ ပါပဲ။ ဒါ့အပြင် ရုပ်သံနဲ့ ကွန်ပျူတာ တွေကြောင့် ဖြစ်ရတဲ့ ကျန်းမာရေး ထိခိုက်မှုမျိုး သတင်းစာက မဖြစ်စေပါဘူး။

လူတန်းစား တိုင်းက သတင်းစာ ဖတ်ကြ ပါတယ်။ အင်ဂျင်နီယာ၊ ဆရာဝန်၊ သိပ္ပံပညာရှင်၊ ပရော်ဖက်ဆာ တွေသာမက အခြား နေ့စဉ်သတင်း တွေနဲ့ ကမ္ဘာကြီးမှာ၊ ကိုယ့်နိုင်ငံထဲမှာ ဘာတွေ တိုးတက် ပြောင်းလဲ နေသလဲ ဆိုတာကို သိချင်တဲ့ လူတိုင်းက သတင်းစာ ဖတ်ပါတယ်။ စီးပွားရေး သမားကလဲ သတင်းစာ ဖတ်ပြီး စီးပွားရေး နယ်ပယ်မှာ ပြောင်းလဲ တိုးတက်နေတာ တွေကို လေ့လာ မှတ်သား ပါတယ်။ နိုင်ငံရေးသမား တွေကလဲ အခြား နိုင်ငံရေးသမား တွေရဲ့ လှုပ်ရှားမှုတွေ၊ နိုင်ငံရေး ဇာတ်ခုံမှာ ပြောင်းလဲနေ တာတွေကို သိရဖို့ သတင်းစာ ဖတ်ပါတယ်။ လူငယ်တွေ ကလဲ ပတ်ဝန်းကျင်မှာ၊ မြို့မှာ၊ နိုင်ငံမှာ၊ ကမ္ဘာမှာ ဘာတွေ ဖြစ်ပျက် နေသလဲ ဆိုတာကို သိရဖို့ သတင်းစာ ဖတ်သလို ကျောင်းသား၊ ကျောင်းသူ တွေကလဲ သတင်းစာကို ရည်ညွှန်း စာစောင်အဖြစ် အသုံးပြုပြီး ဗဟုသုတ ရှာမှီးကြ ပါတယ်။ သတင်းစာမှာ နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံ၊ အားကစား၊ အနုပညာ၊ ယဉ်ကျေးမှု အစရှိတဲ့ ကဏ္ဍပေါင်းစုံ ပါဝင်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူ များအတွက် အကောင်းဆုံး ရည်ညွှန်း စာစောင်ဟာ သတင်းစာ ဖြစ်လာ ပါတယ်။

သတင်းစာမှာ ပါတဲ့ ကြော်ငြာတွေ ဟာလဲ သတင်း အချက်အလက် နဲ့ ပြည့်စုံပြီး နေ့စဉ် ဖြစ်ပျက် ပြောင်းလဲနေတဲ့ ခေတ် ရေစီးကြောင်း ကို ဖော်ပြပေး ပါတယ်။ အယ်ဒီတာ့ အာဘော်နဲ့  ဆောင်းပါး တွေဟာလဲ စာဖတ် ပရိသတ်ရဲ့ အမြင်ကို တိုးတက် မြင့်မားစေပြီး အသိပညာ ဗဟုသုတ ကြွယ်ဝ စေပါတယ်။

ကျောင်းစာ ဘယ်လောက် သင်သင်၊ အပြင်မှာ အလုပ် ဘယ်လောက် လုပ်လုပ်၊ ကမ္ဘာနဲ့ ရင်ပေါင်တန်း နိုင်ဖို့ သတင်းစာ ကိုတော့ ဖတ်ဖို့ လိုပါလိမ့် မယ်။ သတင်းစာ နေ့စဉ် ဖတ်ခြင်းဟာ ပညာရေးကို အထူး တိုးတက်မြင့်မား စေပြီး သမားရိုးကျ မဟုတ်တဲ့ သတင်း အချက်အလက် အမြောက်အမြား ကို ပေးပါတယ်။

ဒီတော့ သတင်းစာ တစ်စောင် ဖြစ်လာဖို့  ဘယ်လိုတွေ လုပ်ရ ပါသလဲ။ ပထမဆုံး အနယ်နယ် အရပ်ရပ်က သတင်းထောက် တွေက စက်ဘီး၊ ဆိုင်ကယ်၊ ကားရှိတာ စီးပြီး နေပူ၊ မိုးရွာ မရှောင် သတင်းလိုက် ရပါတယ်။ ကိုယ့်ကို စကား မပြောချင်တဲ့ သူတွေရှိမယ်။ အချို့ကလဲ လိုလိုချင်ချင် ပြောပြ ကြမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိသားစုရေး၊ ကိုယ့်အရေး အားလုံး စွန့်လွှတ်ပြီး လက်ဖက်ရည် တစ်ခွက်လောက် သောက်ထားတဲ့ ဗိုက်နဲ့ တစ်နေကုန် နီးပါး အလုပ်လုပ် ရတာ သတင်းထောက် တွေပါ။

အဲဒီ သတင်းထောက် တွေက သူတို့ရဲ့ သတင်းတွေ အားလုံးကို အယ်ဒီတာ ထံ ပို့ဆောင် ပေးကြ ပါတယ်။ သတင်းစာတိုက် တွေမှာ အယ်ဒီတာချုပ်၊ အယ်ဒီတာ၊ စာတည်းအဖွဲ့၊ စာပြင်အဖွဲ့၊ ကွန်ပျူတာ သမား အားလုံးပေါင်း လိုက်ရင် အယောက် ၁ဝဝ မပြည့်တောင် နည်းနည်း နောနောတော့ မဟုတ် ပါဘူး။ မနက်ထွက်မယ့် သတင်းစာ အတွက် အနယ်နယ် အရပ်ရပ်က သတင်းတွေကို ရွေး၊ ကွန်ပျူတာ စာစီ၊ နိုင်ငံတော် အဆင့်သတင်း၊ လူမှုဘဝ ထင်ဟပ်စေတဲ့ သတင်း၊ အများ စိတ်ဝင်စားမယ့် သတင်းတွေကို ဟန်ချက် ညီညီ ဖော်ပြနိုင်ဖို့ အယ်ဒီတာချုပ်၊ အယ်ဒီတာ အစရှိသူတို့က ရွေးချယ် တည်းဖြတ် ပေးပြီး ကွန်ပျူတာ သမားက စာရိုက်၊ စာပြင်သမား တွေက စာမူ တွေကို စစ်ဆေးပြုပြင် စတဲ့ အလုပ်တွေကို စုပေါင်း လုပ်ကြရတာပါ။ သတင်းစာ ဖောင်ပြည့်ပြီ ဆိုတာနဲ့ ကာလာ ဖလင်ခွဲ၊ သတင်းစာ ရိုက်တဲ့ စက်ကြီးမှာ အသုံးပြုဖို့ အဲဒီ ဖလင်တွေကို ပလိတ်ပြား ပေါ်တင်ပြီး စရိုက်တဲ့ အချိန်ဟာ မနက် ၁နာရီနဲ့ ၃ နာရီခွဲကြား မှာပါ။ နေ့ အယ်ဒီတာနဲ့ စာတည်း အဖွဲ့ပြီးရင် ညအယ်ဒီတာ နဲ့ စာတည်း အဖွဲ့က ဆက်ပြီး အလုပ်လုပ် ရတာပါ။

သတင်းစာ ထွက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အနယ်နယ် အရပ်ရပ်ကို နေ့ချင်း အရောက် ပို့နိုင်ဖို့ နောက်ထပ် လူတွေ အများကြီးက ကားတစ်တန်၊ ဆိုင်ကယ် တစ်တန် နဲ့ လိုအပ်တဲ့ နေရာအရောက် လိုက်ပို့ ရပြန်ပါတယ်။ ဒီလူတွေ ဟာ ဒီအချိန်အထိ တစ်ရေးမှ မအိပ်ရ သေးပါဘူး။ သတင်းထောက် များကလဲ ဒီနေ့ သတင်းတင် ပြီးရင် နောက်နေ့ သတင်းတင် နိုင်ဖို့ ဆက်ကြိုးစား ရပါတယ်။ သတင်းစာကို နိုင်ငံနေရာ အနှံ့နေ့ချင်း ရောက်စေဖို့  လူပေါင်းရာနဲ့ ချီက မအိပ်မနေ ကြိုးပမ်း ရတာပါ။ ဒီလိုနဲ့ ဆိုင်ကယ် ဟွန်းသံလေး နဲ့အတူ သင့်ခြံတံခါးဝမှာ သတင်းစာ နှစ်စောင် လောက် ရောက်လာ ပါလိမ့်မယ်။

အဲဒီ သတင်းစာ ထဲမှာ ပြည်တွင်း၊ ပြည်ပ သတင်းတွေ၊ စာရေး ဆရာကြီးတွေ၊ ဆောင်းပါးရှင်တွေ ရေးထားတဲ့ ဖတ်စရာ ကဏ္ဍစုံလင်စွာ ရှိနေမှာပါ။ သင်ကတော့ နှစ်မိနစ်လောက် လှန်လှော ကြည့်ရှုပြီး အဲဒီ သတင်းစာ ကို တစ်နေရာရာမှ အသာပစ်ချ လိုက်ရုံပါပဲ။ သင် မိနစ်ပိုင်းလောက် ကြည့်မယ့် သတင်းစာ အတွက် သတင်းထောက်တွေ၊ စာတည်း အဖွဲ့တွေ၊ စာစီ၊ စာရိုက်၊ စာပြင် အဖွဲ့တွေ၊ သတင်းစာ ရိုက်တဲ့ စက်ခန်းထဲက တစ်ညလုံး သတင်းစာ ရိုက်မယ့် သူတွေဟာ လူ့ဘောင် လူ့အသိုင်းအဝိုင်း ကင်းမဲ့တဲ့ ညပေါင်း များစွာကို အလုပ်လုပ်ရင်း ကျော်လွန် ဖြတ်သန်း ရတာပါ။

ပြည်တွင်း ပညာရှင်တွေ၊ စာရေးဆရာ တွေ၊ သတင်းထောက် တွေကနေ ရေးသား ဖော်ပြလိုက်တဲ့ သတင်း၊ ဆောင်းပါး၊ ကာတွန်း တွေကို ဝေဝေဆာဆာ ဖော်ပြထားတဲ့ သတင်းစာ ကိုတော့ သက်ဆိုင်ရာ နိုင်ငံအလိုက် သတင်းစာ အခမဲ့ ဖြန့်ချိတာမျိုး ရှိသလို အမှန်တကယ် ထုတ်လုပ်မှု ကုန်ကျ စရိတ်ထက်ကို လျှော့ပြီး ရောင်းချ တာလဲ ရှိပါတယ်။

ဒီလို လူပေါင်း မြောက်မြားစွာက ဝိုင်းဝန်း ကြိုးပမ်း လိုက်မှသာ အခုလို သတင်းစာ တစ်စောင် ထွက်လာပါတယ်။ သင် နှစ်မိနစ်ပဲ ဖတ်ဖတ်၊ နှစ်နာရီ ကြာအောင်ပဲ ကြည့်ကြည့်၊ အဲဒီ သတင်းစာကို ကောင်းသည်ထက် ကောင်းအောင် သတင်းစာတိုက် က ကြိုးပမ်း ရပါတယ်။ သင်ကတော့ စားပွဲပေါ် ရောက်လာတဲ့ သတင်းစာကို အသာကြည့်ပြီး ပြန်ချရုံ ပဲပေါ့။

သတင်းစာရဲ့အရေးပါပုံနဲ့ လူတိုင်း သတင်းစာ ဖတ်ပြီး အသိအမြင် ဗဟုသုတ တိုးပွား စေလိုတဲ့ စေတနာနဲ့ လေ့လာရေးသား တင်ပြ လိုက်ရ ပါတယ်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger