မိဘတို့ ရုပ်ရည်
စိုင်းဆိုင်ဝမ်းတစ်
မူကြိုကျောင်းသား၊ မူလတန်း ကျောင်းသား အရွယ်တွေ ဆိုတာ ကိုယ့်မိဘ တွေကို ဂုဏ်ဖော် တတ်ကြ ပါတယ်။ တို့ဖေဖေက ဗိုလ်မှူး၊ တို့မေမေ က ဆရာဝန်မကြီး။ ဟေ့ တို့ဖေဖေက ညွှန်ကြားရေးမှူး တို့မေမေက ကုမ္ပဏီ ထောင်ထားတာ။ တို့ဖေဖေက ရုပ်ရှင်မင်းသား၊ တို့မေမေက အဆိုတော်၊ တို့ဖေဖေ ကမှ စာရေးဆရာ စသဖြင့် ကိုယ့်မိဘ တွေရဲ့ အလုပ်အကိုင် ကို လိုက်လို့ အဲဒီလို တွေ့ရင် သူ့ထက်ငါ အပြိုင် ပြောကြ၊ ကြွားကြတာ ကလေးတွေရဲ့ သဘာဝပဲ မဟုတ်လား။
ဒီတော့ မိဘတွေ အနေနဲ့ကလဲ ကျောင်းမှာ သားသမီး တွေနဲ့ သွားတွေ့ကြတဲ့ အခါ၊ အစည်းအဝေး၊ ကျောင်းကပွဲတို့ ရှိတဲ့အခါ ကျောင်းသွား ရမယ်ဆိုရင် သင့်တော်တဲ့ အဝတ်အစားလေး ဝတ်သွားဖို့ ကောင်းတာပေါ့။
အဖေအမေက ရုပ်ရှင်မင်းသား တွေမို့ ရိုက်ကွင်း ထဲမှာလို အပျံစား၊ မိတ်ကပ် အဖွေးသား လိမ်းခြယ်ပြီးမှ သွားရမယ်လို့ မဆိုလို ပါဘူး။ ကိုယ့်ဘာသာကို လွတ်လွတ် လပ်လပ် ဝတ်စား နေတတ်တဲ့ သဘာဝ ရှိပေမယ့် ကိုယ့်သား၊ ကိုယ့်သမီးရဲ့ မျက်နှာကို ထောက်ပြီးမှ သင့်တော် သပ်ရပ်တဲ့ အဝတ်အစားနဲ့ သား၊သမီးရှိတဲ့ ကျောင်းကို သွားသင့် တာပေါ့။ ပြောချင်တာ အဲဒါကိုက မိဘတို့ ရုပ်ရည်ပါပဲ။
ကွယ်လွန်သူ စာရေးဆရာ ဒါရိုက်တာကြီး ဘဘ ဦးသုခ တုန်းကတော့ သားတို့ ရုပ်ရည်၊ သမီးတို့ ရုပ်ရည် ဆိုပြီး ရုပ်ရှင်တောင်မှ ရိုက်ခဲ့ ပါရောလား။ ခုဟာက ဘယ်နှယ်၊ ဘယ်လိုက ဘယ်လို မိဘတို့ ရုပ်ရည် ဆိုတော့ ခက်လိုက်တာ။ ဒီအရွယ်အသက် က ၄ဝ၊ ၅ဝ၊ ၆ဝ မိဘတွေမှာ ရုပ်ရည် ကရော လိုသေးလို့လား လို့ မေးချင် မေးကြပါလိမ့်မယ်။ ကိုယ့်သဘောနဲ့ ကိုယ် လွတ်လွတ် လပ်လပ် ဖြစ်သလို ဝတ်စား နေထိုင် ပေမယ့် တစ်ဖက် ကကြည့်ရင် ကိုယ့်သားသမီးရဲ့ မျက်နှာကိုလဲ ကြည့်ရ အုံးမယ်လေ။ ဘဘ ဦးသုခရဲ့ ဆန္ဒကို လွန်ဆန် နေတာ မဟုတ်ပါဘူး။ မိဘတွေရဲ့ ရုပ်ရည် ဆိုတာလဲ ရှိတယ်လို့ ပြောချင်တာပါ။
တစ်ခါက ကိုဘိုထုံ တစ်ယောက် သူ့သမီးကြီး အလုပ်လုပ် နေတဲ့ ကုမ္ပဏီကြီး ရှိတဲ့မြို့ကို အလည်ရောက် သွားပါတယ်။ တည်းတော့ တည်းခိုခန်း မှာ တည်းပါတယ်။ မနက် အိပ်ရာထ၊ မျက်နှာသစ်၊ သွားတိုက် ပြီးတော့ လမ်းလျှောက် ထွက်ရင်းက လမ်းသင့်တော့ သမီးကြီး အလုပ်လုပ် နေတဲ့ ကုမ္ပဏီကြီးရှေ့ ရောက်လာတာနဲ့ အတော်ပဲ ဆိုပြီး သမီးကြီးရဲ့ နာမည်ပြောပြ ဝင်လည်မိ ပါတယ်။ စဉ်းစား ကြည့်တော့ အဲဒီနေ့က ဘာ ရည်ရွယ်ချက် မှရှိတာ မဟုတ်ဘူး။ ပြင်ဆင်ပြီးမှ သွားတာလဲ မဟုတ်ပါဘူး။ မနက်လမ်း လျှောက်ထွက်တဲ့ အဝတ်အစား နဲ့ပါပဲ။ အဲဒီ ကုမ္ပဏီမှာ သမီးကြီးက မန်နေဂျာ ရာထူးနဲ့ အလုပ်လုပ် နေတာပါ။ ဂိတ်ပေါက် လုံခြုံရေး တွေက သမီးကြီး နာမည် ပြောပြ၊ သူ့အဖေပါ။ ခရီးဝေးက လာရတာ၊ တွေ့ချင်လို့ ပါဆိုတော့ ဧည့်ခန်းကို လိုက်ပို့၊ ဧည့်ခန်းမှာ တောင်ကြည့် မြောက်ကြည့်နဲ့ ရှိနေတုန်း ကုမ္ပဏီ ပိုင်ရှင် ရောက်လာလို့ ပြောပြတော့ ကုမ္ပဏီ ပိုင်ရှင်ကလဲ ဖော်ဖော်ရွေရွေ ပါပဲ။ အသက်အရွယ် က ကိုဘိုထုံ နဲ့ သိပ်မကွာ လှဘူး။ ဇာတိမေး တော့လဲ ကိုဘိုထုံ တို့အရပ် ဒေသက ပါပဲ။ ဒီလိုနဲ့ ခဏချင်း ခင်သွားခဲ့ကြ၊ ရှေးဟောင်း နှောင်းဖြစ် တွေပြော၊ ရယ်စရာ ရှိရင် ပွင့်ပွင့် လင်းလင်း ရယ်လိုက်ကြနဲ့ ရှိနေတုန်း သမီးကြီး ရောက်လာတော့ သူ့အဖေ ကိုဘိုထုံ ကိုကြည့်ပြီး အံသြလို့။ မန်နေဂျာရဲ့ အဖေမို့ သင့်တင့်တဲ့ အဝတ်အစားနဲ့ ကုမ္ပဏီကို လာစေချင် ပုံရပါတယ်။
တည်းခိုခန်း မှာတည်း မျက်နှာသစ်ပြီး ထလာခဲ့တဲ့ သူဆိုတော့ အင်္ကျီ အိတ်ထောင့်မှာ သွားတိုက်တံ ကြီးက တောင် ထိုးထိုး ထောင်ထောင် ပါလာလိုက် သေးရဲ့။ တမင် မဟုတ်ပါဘူး။ မေ့ပါ လာတာပါ။ ကိုဘိုထုံ သမီး မျက်ရိပ် မျက်ကဲ ကြည့်တော့ ပျက်ချင်ချင်။ အဖေကလဲ သေချာ ဝတ်စား လာတာ မဟုတ်ဘူးလို့ အပြစ်တင် နေချင်တဲ့ ပုံစံပါ။ သမီးကြီးရဲ့ကုမ္ပဏီ ပိုင်ရှင်ကရော သူ့လက်အောက် က ဝန်ထမ်းတွေ ကပါ ဟိုတစ်နေ့ ကလာ တဲ့လူကြီးက အဲဒါ မန်နေဂျာရဲ့ အဖေတဲ့လား။ သိပေါင်ဟယ် နဲ့ ဝေဖန်နေကြ မှာစိုးတယ်နဲ့ တူပါတယ်။
ကိုဘိုထုံ က လူကြီးသာ ဖြစ်တာ ရှေ့၊ နောက် ဘာမှ မကြည့်မိ ပါဘူး။ ကိုယ် ပြောချင်တာ တွေပဲ ကုမ္ပဏီ ပိုင်ရှင်နဲ့ ပြောဖြစ်ခဲ့ တာရော ပြန်တွေး ကြည့်တော့ ပြောတဲ့စကား တွေထဲမှာ စပါးဈေး၊ ပဲဈေး၊ နွားဈေးတွေ လဲပါရဲ့။ ဒီတော့ ကြားတဲ့ လူတွေက ရယ်ကြတော့ မပေါ့။ ရယ်တာ အရေး မကြီးပါဘူး။ သမီးကြီး မျက်နှာ သိပ်မကောင်းဘူး။ အရေးထဲ ကိုဘိုထုံ ဝတ်စားသွား တာကလဲ သာမန်ဆိုတော့ သမီးကြီး မျက်နှာ ငယ်နေ တော့မှာပေါ့။ ကိုဘိုထုံ ဘာသာ စဉ်းစားမိတာ တွေကို ပြောနေတာပါ။ ဒီတော့ ခင်ဗျားတို့ မိဘတွေ ဖြစ်ကတတ် ဆန်းလဲ မနေကြ နဲ့အုံးဗျ သိလား။ မိဘရုပ်ရည် ဆိုတာကလဲ ရှိသေးတယ် ဆိုတာ ပြောချင် တာပါ။
#Yadanarpondaily
No comments:
Post a Comment