လျှိုမြောင်ထဲက သစ်ခွ
မဒါလေး
အိမ်နောက်ဖေးတွင် စိုက်ထားသော နှင်းဆီပန်းပင် ကိုကြည့်လျက် အတွေးများ တသီ တတန်းကြီး ဝင်လာသည်။ နှင်းဆီပင်ကို ကျွန်မတို့ နှင့် နှစ်လမ်းကျော် တွင်နေသော မိန်းကလေး တစ်ဦးက လက်ဆောင် ပေးခြင်း ဖြစ်သည်။ ပေးသည် ကလည်း ထူးဆန်းသည်။ ကျွန်မဆီကို လာပြီး ပန်းကြိုက်လား မေးသည်။ မိန်းကလေး ပီပီ '' ပန်းကတော့ ကြိုက်ပါတယ် '' ဟု ပြန်ဖြေ မိသည်။ နောက်ရက်တွင် နှင်းဆီပန်းအိုး သယ်ပြီး ရောက်လာသည်။ နှင်းဆီပင်တွင် အဖူးတစ်ဖူး ပါသည်။ မကြာခင် ပွင့်လာ တော့မည် ဖြစ်ကြောင်း ရေပြောင်း မြေပြောင်း နေရာပြောင်း တွင် အပင်ညှိုး မသွားစေရန် သူထားသည့် အနေအထားနှင့် တူသော နေရာတွင် သေချာ ထားပေး သွားသည်။ ပိုင်ရှင်၏ ဂရုစိုက်မှုကို တွေ့ရတော့ ကျွန်မလည်း သည်ပန်းပင် အပေါ် စိတ်ဝင်စား လာသည်။ အကယ်၍ သည်ပန်းပင်များ သေသွားရင် ဟူသော အတွေးတို့ သည်လည်း ကျွန်မ၏ စိတ်ကို ချုပ်မိ နေသည်။
တစ်နေ့ တစ်နေ့ နံနက် တစ်ကြိမ် ညနေတစ်ခါ နှင်းဆီ ပန်းပင်ကို ကြည့်ရသည့် အလုပ် ပိုလာသည်။ ပထမ သုံးလေးရက် တွင် နှင်းဆီရွက် တို့မှာ နည်းနည်း လိမ်လိမ်လေး ဖြစ်နေသည်။ အားအင် ချည့်နဲ့ နေသူနှယ် ဖြစ်သည်။ စိုးရိမ်စိတ် များဖြင့် ရေကို အရွက်များပေါ် ဖျန်းပေး မိသည်။ သည်လိုနှင့် သုံးလေးပတ်လောက် ကြာတော့ နှင်းဆီ ပန်းငုံလေး အဆင့် ရောက်လာသည်။ ထို နှင်းဆီပန်း လေးကို ကြည့်နေချိန်တွင် ကျွန်မကိုပြုံးပြ နေသည့်နှယ် စိတ်နှလုံးကို ငြိမ်းအေး စေသည်။ သည်လိုနှင့် နှင်းဆီပန်းလေး တဖြည်းဖြည်း ပွင့်လာသည်။ အရောင်ရဲရဲ လေးနှင့် အလွန် လှပသော နှင်းဆီ ပန်းလေး ဖြစ်သည်။
သည်လို နှင်းဆီမျိုး တခြား နေရာမှာ မရနိုင်ဟုပင် ထင်မိသည်။ တစ်ပတ် ခန့်ကြာတော့ နှင်းဆီပန်း၏ အရောင်မှာ ပန်းရောင် သန်းစပြု လာသည်။ ပွင့်ပြီးရင် ကြွေသည်မှာ သဘာဝပေမယ့် ကျွန်မ လက်မခံနိုင် ကြွေလျှင်တောင် လူသိသူသိ နှင့် ဦးခေါင်းထက်မှာ အလှဆင်ရင်း ကြွေစေချင်သည်။ အပင်မှခူးပြီး ကျွန်မ ပန်လိုက်သည်။ တစ်ရက်တာ အလှတရားတို့ ဖြင့် ပြည့်စုံစေလျက် ပန်းပွင့်လေး ကြွေသွားရသည်။
လွန်ခဲ့သော နှစ်က ဖြစ်သည်။ ကျွန်မ အလျှို ချင်းများ နေထိုင်ရာ ဒေသ တစ်ခုကို ရောက်ခဲ့သည်။ ထိုဒေသတွင် သစ်ခွပန်း အလွန်ပေါသည်။ ထိုဒေသမှ လူများ သည်လည်း သစ်ခွပန်း ခူးခြင်း အလုပ်ဖြင့် အသက်မွေး ကြသည်။ ချောင်း အထပ်ထပ် တောင် အထပ်ထပ် ဖြတ်ရသော ထိုဒေသမှ လူများသည် သစ်ခွပန်းကို တန်ဖိုးထား ကြသည်။ သူတို့ ချစ်မြတ်နိုး သူများကို သစ်ခွပန်း နာမည်များ ပေးပြီး ဂုဏ်ယူ တတ်ကြသည်။ အပြန်တွင် ကျွန်မအား သစ်ခွပန်းပင် လက်ဆောင် ပေးလိုက်သည်။ ထိုဒေသ တွင်တော့ အဲဒီ သစ်ခွပန်းပင်မှာ တန်ဖိုး အရှိဆုံး ဖြစ်ပြီး ထိုဒေသ၏ ဂုဏ်ကို ဆောင်သော ပန်းတစ်ပွင့် ဖြစ်သည်။ ဥယျာဉ်မှူးကောင်း မဟုတ်သော ကျွန်မသည် ထို သစ်ခွပန်းကို သူနှင့် သင့်တော်သည့် ရေမြေ သဘာဝနှင့် အရင် ရင်းနှီး ကျွမ်းဝင်အောင် မလုပ်ဘဲ မြို့ပြ၏ နေဒဏ်၊ ရေဒဏ် တွေကြား တစ်ခါတည်း စိုက်ခဲ့သည်။ ကြမ်းတမ်းသော ရာသီဥတု အောက်တွင် သစ်ခွပင်သည် အပွင့်လည်း မပွင့်နိုင် အပင်လည်း ကြီးမလာနိုင် တဖြည်းဖြည်း ညှိုးနွမ်း လာသည်။
ကျွန်မဘယ်လို စွမ်းဆောင် ရမည်မသိ။ များပြားလှသော လူမှု ပတ်ဝန်းကျင်၏ တာဝန် ဝတ္တရားများ စောင့်သိမှုများ နားလည်မှု မပေးခြင်းများ စသည် စသည် တို့ကြားတွင် သည် သစ်ခွပင်မှာ သေရန်သာ ရှိတော့သည့် အဖြစ်ကို ရောက်လာသည်။ သို့သော် ထို လျှိုမြောင်ထဲမှ သစ်ခွပင် လေးမှာ ကံကောင်း ပါသည်။ ကျွန်မလို ဥယျာဉ်မှူး၏ လက်ထဲတွင် ဆက်လက် ရှင်သန်ရန် ခက်ခဲ ခဲ့သော်လည်း အခြား ဥယျာဉ်မှူး တစ်ယောက် ၏ လက်ထဲတွင် ရှင်သန်ရန် အကြောင်းဖန် လာသည်။ ဥယျာဉ်မှူး ကောင်း ပီသသော ကျွန်မ၏ အစ်မကို ကျွန်မ ကြည်ကြည် ဖြူဖြူပင် ပေးလိုက်သည်။
နှမြောတသခြင်း ပြောမပြ တတ်ပေမယ့် ပန်းပင်လေး ရှင်သန်ဖို့က ကျွန်မပေါ် မူတည် နေသည် မဟုတ်ပါလား။ ယခုတော့ ထို ပန်းပင်လေး သည် ခက်လက် မဝေဆာ သေးသည့်တိုင် လန်းလန်း ဆန်းဆန်း ရှိသည်။ ပေါ့ပါး လွတ်လပ်စွာ ပတ်ဝန်းကျင် ကို ထိတွေ့ခွင့် ရှိသည်။ ကျွန်မေ ပျာ်ပါသည်။ ယခုတော့ ကျွန်မလည်း သင်ခန်းစာ တစ်ခု ကောင်းကောင်း ရခဲ့ပါပြီ။
#Yadanarpondaily
No comments:
Post a Comment