www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 23, 2014

နိုင်ငံတော်နှင့်အတူ ဖွံ့ဖြိုး တိုးတက်ရေး


နိုင်ငံတော်နှင့်အတူ ဖွံ့ဖြိုး တိုးတက်ရေး

နိုင်ငံတစ်နိုင်ငံ စတင် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် အသေးစား စီးပွားရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်ရေးသည် စီးပွားရေး လုပ်ငန်းကြီး များ၏ အခြေခံ အုတ်မြစ် ဖြစ်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံ အများစုသည် အသေးစား စီးပွားရေး လုပ်ငန်းများဖြင့် စတင် ခဲ့ကြရသည်။ စီးပွားဓန အင်အား တိုးပွား လာသည်နှင့် အမျှ လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်ရင်း ကြီးမားသော လုပ်ငန်းကြီးများ အဖြစ်သို့ ရောက်လာသည်။ အလတ်စား၊ အသေးစား စီးပွားရေး လုပ်ငန်းများ မှသည် စီးပွားရေး လုပ်ငန်းကြီး များအဖြစ်သို့ ချဲ့ထွင် လုပ်ကိုင် နိုင်ကြ၍ နိုင်ငံနှင့် အဝန်း အလုပ်အကိုင် အခွင့်အလမ်း များ ပေါများပြီး လူတစ်ဦးချင်းစီ ဝင်ငွေတိုးကာ ကြီးပွား ချမ်းသာသည့် နိုင်ငံ ဖြစ်လာ ကြသည်။

ထို့ကြောင့် လုပ်ငန်းများ လုပ်ကိုင် ရာတွင် လုပ်ငန်း အသေးများ ကစ၍ ကြီးမားသည့် လုပ်ငန်းများ ဖြစ်အောင် လုပ်ဆောင် ကြရန် လိုသည်။ နိုင်ငံတော်မှ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို အားပေးလျက် ရှိရာ အထောက် အပံ့ကောင်း ရရှိချိန်တွင် လုံ့လ ဝီရိယဖြင့် အားထည့် လုပ်ကိုင် သွားကြရမည် ဖြစ်သည်။ ကြီးမားသော ငွေကြေး ဓနအင်အား ပြည့်စုံအောင် စောင့်ရင်း လုပ်ငန်းကြီး လုပ်ရန် အချိန်ကုန်ခံ မနေသင့်ဘဲ ရှိသည့် အရင်းအနှီးဖြင့် လုပ်နိုင်သည်မှ စ၍ လုပ်ကာ လုပ်ငန်းကြီးများ ဖြစ်လာအောင် အားထည့် ဆောင်ရွက် သွားကြရမည် ဖြစ်သည်။

ငွေကြေး အရင်းအနှီး ငွေကျပ်သိန်း ၁ဝဝ ရှိလျှင် သိန်း ၁ဝဝ နှင့် တန်သော လုပ်ငန်း ငွေကျပ် သိန်း ၂ဝဝ ရှိလျှင် သိန်း ၂ဝဝ နှင့် တန်သော လုပ်ငန်းတို့ကို စတင် လုပ်ကိုင် ကြရမည် ဖြစ်သည်။ အသေးစား စီးပွားရေး လုပ်ငန်း စတင် လုပ်ကိုင်ကြ သူများကို မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်၊ အခွန် ကင်းလွတ်ခွင့် သုံးနှစ် ပေးမည် ဖြစ်ကြောင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ က ထုတ်ပြန် ထားကြောင်း သိရသည်။

ထိုအချက်သည် အသေးစား စီးပွားရေး လုပ်ငန်းများ အလျင်အမြန် တိုးတက် လာရေးအတွက် လမ်းဖွင့် ပေးလိုက်ခြင်း ဖြစ်သည်။ မှတ်ပုံတင်ကြေး နှင့် အခွန် ကင်းလွတ်ခွင့် ရရှိလိုက် သဖြင့် စီးပွားရေး လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင် နိုင်သည့် အခွင့်အရေးကို ရရှိခြင်း ဖြစ်ရာ ထိုအခွင့်အရေး ကို လက်လွှတ် မခံဘဲ ရယူ၍ စီးပွားရေး လုပ်ငန်းများကို အားထည့် ဆောင်ရွက် သွားကြ ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် မွေးမြူရေး လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ကုန်ကြမ်းမှ ကုန်ချော ထုတ်လုပ်သည့် လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်း စသည်ဖြင့် လုပ်ကိုင် နိုင်သော လုပ်ငန်း နယ်ပယ်များစွာ ရှိနေသည်။ အသေးစား စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် နိုင်သော အခြေခံ သွင်းအားစုများ ဖြစ်သည့် ရေ၊ မြေ၊ လုပ်သား အပြည့်အဝ ရှိနေသည်။ လုပ်ငန်းနှင့် အဆင်ပြေမည့် အနေအထား အလိုက် လုပ်ငန်း စတင် နိုင်သည်။

သို့ဖြစ်ရာ နိုင်ငံတော်မှ ပုဂ္ဂလိက ကဏ္ဍများ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်ရေး ဦးစားပေး ဆောင်ရွက် နေချိန်တွင် အသေးစား၊ အလတ်စား၊ စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် မိမိတို့၏ ရှိပြီး အရင်းအနှီးဖြင့် လုပ်ငန်း စတင်၍ နိုင်ငံတော်၏ ပံ့ပိုးမှုကို ရယူကာ လုပ်ငန်းကြီးများ ဖြစ်လာအောင် ကြိုးစား စွမ်းဆောင်၍ မိမိတို့၏ လူမှုစီးပွား ဘဝနှင့် နိုင်ငံတော် လူမှုစီးပွား ဘဝကို တိုးတက် ဖွံ့ဖြိုး လာအောင် စွမ်းဆောင် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger