www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 17, 2014

ဗုဒ္ဓဟောကြား မြတ်တရားနှင့်အညီ စာနယ်ဇင်းသမားတို့ အလေးထား ရေးသားဖို့ လိုပါသည်


ဗုဒ္ဓဟောကြား မြတ်တရားနှင့်အညီ စာနယ်ဇင်းသမားတို့ အလေးထား ရေးသားဖို့ လိုပါသည်

အောင်ဝင်း (ဖျာပုံ)

အမှိုက်ကစ ပြာသာဒ် မီးလောင် ဆိုသည့် ရှေးစကားကို အားလုံး ကြားဖူး ကြသည်။ နိုင်ငံတော် အတွင်း နေရာအချို့တွင် ကွက်ကျား ဖြစ်ပျက် နေသည့် ဘာသာရေး အသွင်ဆောင် လူမှုရေး ပဋိပက္ခများ သည် တရားဥပဒေ အဆုံးအဖြတ် အရ ပြီးစီးရမည့် ကိစ္စရပ် ဖြစ်သော်လည်း မီဒီယာ အနည်းစုက ကောလာဟလ သတင်းများ ထုတ်ပြန်ခြင်း၊ ဖြစ်ရပ်မှန် အပြင် ကိုယ်ပိုင် ထင်မြင် ယူဆချက်များ ချဲ့ကား ရေးသား ဖော်ပြခြင်း တို့ကြောင့် ပြဿနာများ ပိုမို ကြီးထွားကာ ဥပဒေအရ သော်လည်းကောင်း၊ စီမံခန့်ခွဲမှု အရ သော် လည်းကောင်း ရှင်းလင်း ဆောင်ရွက်ရန် အခက်အခဲ များနှင့် ကြုံတွေ့ နေရသည်ကို ပြည်သူ များလည်း ကိုယ်တိုင် ကြားသိ တွေ့မြင် ဖတ်ရှု နေကြ ရသည်။

ထို့အပြင် အင်တာနက်၊ အွန်လိုင်း နှင့် ဖေ့စ်ဘွတ်ခ် တို့တွင်လည်း သတင်းဓာတ်ပုံ များကို လိုအပ်သလို ပြင်ဆင် တည်းဖြတ် ဖော်ပြနေပြီး ကောလာဟလ သတင်းများ ရေးသား ဖော်ပြလျက် ရှိနေသည်။ စာနယ်ဇင်း လွတ်လပ်မှု အပေါ် တစ်လွဲ အသုံးချနေခြင်း ပင် ဖြစ်သည်။ သိနားလည်သူ တို့က ရည်ရွယ်ချက် တစ်မျိုးဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့် တစ်လွဲ အသုံးချ နေသလို မသိ နားမလည် သူတို့ကလည်း တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုသကဲ့သို့ အစုအဖွဲ့လိုက် ကိုယ်ကျိုးအတွက် ရရှိမည့် အခွင့်အရေး လက်မလွတ်တမ်း အသုံးချ နေသည်တို့ကို ပြည်သူအများ ခံစား တွေ့ကြုံ မြင်တွေ့ နေကြ ရပြီ ဖြစ်သည်။

မီဒီယာသည် နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင် ဖြစ်ပြီး ပြည်သူတို့သည် ပဉ္စမမဏ္ဍိုင် ဟု ဆိုရမည် ဖြစ်သည်။ မီဒီယာ နှင့် ပြည်သူတို့ ဒီမိုကရေစီ လမ်းကြောင်း မယိမ်းမယိုင်အောင် တာဝန်ရှိ သူတို့နှင့် ဝိုင်းဝန်း ထိန်းသိမ်း ပေးရန် လိုအပ်သည်။ ဗုဒ္ဓမြတ်စွာ ရှိစဉ်အခါက အရာရာ တို့တွင် မျက်ကန်း မယုံကြည်ရန် ''ကာလာမသုတ်'' သို့မဟုတ် ကေသမုတ္တိသုတ် တွင် လမ်းညွှန် ထားရှိပုံကို တင်ပြလိုသည်။

ဗုဒ္ဓမြတ်စွာက ...
  • (၁) သူတစ်ပါးတို့ထံမှ အဖန် တလဲလဲ ကြားလာရသည့် သတင်းစကား တစ်ဆင့်ကြား ရကာမျှဖြင့် အမှန်တကယ် ဟုတ်သည်ဟု မယုံကြည် လိုက်ပါနှင့်ဦး။
  • (၂) ဘိုးဘွားဘီဘင် ဆွေစဉ်မျိုးဆက် အဆက်ဆက်မှ ဆင်းသက် လာသည့် အစဉ်အလာ စကားဖြင့် ကိုက်ညီသည် ဆိုရုံမျှနှင့် လည်း အမှန်တကယ် ဟုတ်သည်ဟု မယုံကြည်လိုက် ပါနှင့်ဦး။ 
  • (၃) တိုင်းပြည်အနှံ့ လူအများက ဤသို့ ဖြစ်ပေသည်ဟု တီးတိုး ပြောကြသည့် ''ကောလာဟလ'' စကားဖြင့်လည်း အမှန်တကယ် ဟုတ်သည်ဟု မယုံကြည် လိုက်ပါနှင့်ဦး။
  • (၄) အလွန် ဉာဏ်ပညာ ကြွယ်ဝသည့် ပုဂ္ဂိုလ်ကြီး များမှ ဖော်ထုတ် ရေးသားခဲ့သည့် ကျမ်းဂန် စာပေများနှင့် ကိုက်ညီသည် ဆိုသည့် အချက်ဖြင့်လည်း ဟုတ်မှန် လှပြီဟု မယုံကြည် လိုက်ပါနှင့်ဦး။ 
  • (၅) မိမိတို့ စိတ်ကူး စိတ်သန်းဖြင့် ကြံစည် မှန်းဆချက်၊ တွေးတော ယူဆချက် တို့နှင့် သဘောထား တူညီသည် ဆိုသည့် အချက်ဖြင့်လည်း ဟုတ်မှန် လှပြီဟု မယုံကြည် လိုက်ပါနှင့်ဦး။ 
  • (၆) မိမိတို့ သမားရိုးကျ လုပ်ဆောင် နေလေ့ရှိသည့် ရိုးရာ အလေ့အထ၊ အလေ့အကျင့် များနှင့် ကိုက်ညီ နေသဖြင့်လည်း ဟုတ်မှန်လှပြီဟု မယုံကြည် လိုက်ပါနှင့်ဦး။
  • (၇) မိမိတို့ ကြံစည် ရှာဖွေထားသည့် အထောက်အထား၊ ကိုးကားချက် တို့နှင့် ဆက်စပ် တူညီမှု ရှိသည် ဆိုသည့် အချက်ဖြင့်လည်း ဟုတ်မှန် လှသည်ဟု မယုံကြည် လိုက်ပါနှင့်ဦး။
  • (၈) မိမိ တွေးခေါ် ကြံစည်၍ နှစ်သက် လက်ခံ လာခဲ့သော အယူဝါဒ တို့နှင့် ထပ်တူထပ်မျှ ကိုက်ညီကြောင်း တွေ့ရှိရသည် နှင့်လည်း ဟုတ်မှန် လှသည်ဟု မယုံကြည် လိုက်ပါနှင့်ဦး။
  • (၉) မိမိတို့၏ ယုံကြည် လေးစားထိုက်သည့် ဆရာသမား၊ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် တို့၏ စကားများနှင့် ကိုက်ညီသည် ဆိုရုံမျှနှင့် လည်း ဟုတ်မှန် လှသည်ဟု မယုံကြည် လိုက်ပါနှင့်ဦး။
  • (၁ဝ) မိမိတို့ ကိုးကွယ် ဆည်းကပ် အလေးအမြတ် ပြုရသည့် ပုဂ္ဂိုလ်၊ ဆရာသမား တို့၏ သွန်သင် ဟောပြောချက် တို့ဖြင့် ကိုက်ညီ၍လည်း ဟုတ်မှန် လှပြီဟု မယုံကြည် လိုက်ပါနှင့်ဦး ဟု 

Freedom of thought အတွေးအခေါ်ပိုင်း ဆိုင်ရာ လွတ်လပ်မှုကို အရဲရင့် ဆုံးသော ကြွေးကြော်သံ The bravest annoucement ဖြင့် ပြတ်ပြတ်သားသား ဟောကြားခဲ့ သည်။

သို့ပါ၍ မျက်မှောက် ကာလ မီဒီယာ သမားများ အနေဖြင့် မိမိတို့ စောင့်ထိန်း လိုက်နာ ရမည့် မီဒီယာ ကျင့်ဝတ်နှင့် စည်းကမ်းများ လိုက်နာ သကဲ့သို့ ကြီးသည့်အမှု သေးအောင်၊ သေးသည့်အမှု ပပျောက်အောင် ကြားသိ မြင်တွေ့ရသည့် သတင်းများကို ဗုဒ္ဓဟောကြား မြတ်တရား နှင့်အညီ အပြန်အလှန် လေ့လာ သုံးသပ်ကာ ဖော်ပြ ရေးသား ထုတ်ဝေမှ သာလျှင် ပဋိပက္ခ အားလုံး ချုပ်ငြိမ်းပြီး သာယာ စိုပြည်သော လူ့ဘောင် လောကကြီးကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger