ဥပဒေကို သိရှိ လေးစား လိုက်နာ
မည်သည့် နိုင်ငံတွင် မဆို တည်ဆဲ ဥပဒေများကို ပြည်သူတို့ အနေဖြင့် မဖြစ်မနေ လိုက်နာ ကြရသည်။ ဥပဒေကို လေးစား လိုက်နာမှသာ ဥပဒေဘောင် အတွင်း ဘေးကင်းရန်ကွာ နေထိုင် နိုင်မည် ဖြစ်သည်။ ဥပဒေကို ဖောက်ဖျက် ကျူးလွန်မိပါက ထိုက်သင့်သည့် ပြစ်ဒဏ် ခံစား ကြရမည်ကို သိရှိနားလည် ထားကြရမည် ဖြစ်သည်။
ယနေ့ ကာလတွင် ဥပဒေကို သိသိနှင့် ဖောက်ဖျက် ကျူးလွန်သူ ရှိသကဲ့သို့ ဥပဒေကို မသိနား မလည်သဖြင့် ကျူးလွန်မိသူ၊ ဥပဒေကို သိသော်လည်း အမှတ်မဲ့ ကျူးလွန်မိသူ၊ သူတစ်ပါး ယောင်၍ လိုက်ယောင် မိသူ၊ မိမိစိတ်ကို မိမိ မထိန်းနိုင်၍ ကျူးလွန်မိသူ၊ ဥပဒေကို သိလျက်နှင့် လက်တစ်လုံးခြား လုပ်မိသူ စသည်ဖြင့် အသွင် အမျိုးမျိုးဖြင့် ကျူးလွန် မိသူများ ရှိလာသည်ကို တွေ့ရသည်။
ဥပဒေ ချိုးဖောက် ကျူးလွန်မှုများ တိုးပွား လာရခြင်းသည် တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ လူတို့ တရား မစောင့်ခြင်း၊ ကိုယ်ကျင့် သီလ အားနည်းခြင်း၊ အသိအမြင် ဗဟုသုတ နည်းပါးခြင်း၊ လူတို့ ၏ စိတ်ဓာတ် အင်အားကို ပျက်ပြား စေသည့်၊ အကျင့် စာရိတ္တကို ချို့ယွင်း စေသည့် အမှုများကို အားပေးသော မကောင်းသည့် ကိစ္စများ အသုံးပြု ခံစားခြင်း စသည့် အချက် များကြောင့် များသော အားဖြင့် ဖြစ်ပွား တတ်သည်ဟု ဆိုချင် ပါသည်။
ထို့ကြောင့် လူတို့အနေဖြင့် မကောင်းမှု တို့တွင် မွေ့လျော် တတ်သည် မှန်သော်လည်း မကောင်းမှု ကျူးလွန် မိလျှင် ပြဋ္ဌာန်း ထားသော ဥပဒေတို့က ခွင့်လွှတ်မည် မဟုတ်ကြောင်း နားလည်သိရှိ ထားရမည် ဖြစ်သည်။ လူအများက ဥပဒေ သဘော သဘာဝကို ကောင်းစွာ သိရှိ ထားရမည်ဖြစ် သည်။ တည်ဆဲ ရာဇသတ်ကြီး ဥပဒေတွင် ဥပဒေပုဒ်မ ပေါင်း ၅၁၁ ခုရှိသည်။
ထို ဥပဒေပုဒ်မ များထဲတွင် လူတို့ အလွယ်တကူ ကျူးလွန်မိ တတ်သော အသရေ ဖျက်မှု၊ ရာဇဝတ် မကင်းသော ခြောက်လှန့်မှု၊ စော်ကားမှု၊ စိတ်ငြိုငြင် စေမှု၊ ထိမ်းမြားခြင်း ဆိုင်ရာပြစ်မှု၊ ပဋိညာဉ် ဖောက်ဖျက်မှု၊ အမှတ်တံဆိပ် နှင့် ဆိုင်သော ပြစ်မှု၊ ကျော်နင်းမှု။ အကျိုး ဖျက်ဆီးမှု၊ လိမ်လည်မှု၊ ခိုးရာပါပစ္စည်း လက်ခံမှု၊ လူခိုးမှု၊ သွေးဆောင်မှု၊ အနိုင်အထက် ခိုင်းစေမှု၊ လက်ရောက်မှု၊ နာကျင်စေမှု၊ ဘာသာရေး ဆိုင်ရာပြစ်မှု၊ ပြည်သူ့ ကျန်းမာရေး နှင့် ကိုယ်ကျင့် သိက္ခာ ဆိုင်ရာပြစ်မှု၊ တရားစီရင်ရေး ကို ဆန့်ကျင်သော ပြစ်မှု၊ အာဏာကို မထီလေးစား ပြုမှု၊ ပြည်သူ့ ဝန်ထမ်းဆိုင်ရာ ပြစ်မှု၊ ငြိမ်ဝပ် ပိပြားရေးကို ထိခိုက် စေသော ပြစ်မှု၊ အားပေးကူညီမှု စသည်ဖြင့် များစွာရှိသည်။
အဆိုပါ ပြစ်မှုများသည် လူမှုဘဝ နယ်ပယ်၌ ဖြစ်လေ့ဖြစ်ထ ရှိပြီး ပါဝင် ပတ်သက် ကျူးလွန်မိ တတ်ကြသည်။ အချို့သော ကိစ္စများတွင် တိုင်ကြားမှု မရှိခြင်း၊ တိုင်ကြား လိုသူ မရှိခြင်း တို့ကြောင့် ပြစ်မှု ကျူးလွန်သူတို့ ဥပဒေမှ လွတ်ကင်း နေသကဲ့သို့ ရှိနေသည်။ မြန်မာနိုင်ငံတွင် တရားစွဲ ဆိုခြင်း အလေ့အထ နည်းပါးသဖြင့် ထိုသို့သော ပြစ်မှု ကျူးလွန်ခြင်း ကို ပြစ်မှု မဟုတ်သကဲ့သို့ ဖြစ်လာရာ ဥပဒေ၏ စည်းနှောင်အား လျော့ရဲ လာရသည်။
ဤသို့ဖြင့် အပြစ်မဟုတ် ဟူ၍ ထင်မြင်ကာ ဥပဒေကို မသိဘဲ၊ လေ့လာမှု မရှိဘဲ ပြစ်မှုကို ကျူးလွန်မိ တတ်ကြသည်။ တရားဥပဒေ အရ ဥပဒေကို နားလည်သူ၊ ဥပဒေကို စောင့်ရှောက်သူ နှင့် တာဝန် သိသူတို့က ဥပဒေအရ အရေးယူသည့် အခါတွင်မှ မသိ၍ ကျူးလွန် မိသည်ဟူ၍ ချေပ၍ မရနိုင် တော့ဘဲ ပြစ်ဒဏ်ကို ခံယူ ရတော့သည်။ ဤသို့ ဖြစ်ရသည်မှာ စည်းကမ်း၊ စည်းမျဉ်းနှင့် ဥပဒေတို့ကို မလေ့လာ၍ ဖြစ်ရသည်။
သို့ဖြစ်ရာ စည်းကမ်း ပြည့်ဝ အေးချမ်း သာယာ ဖွံ့ဖြိုးသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက် နေချိန်တွင် ရည်မှန်းသည့် ပန်းတိုင်သို့ အရောက်လှမ်း နိုင်ရန်အတွက် စည်းကမ်းရှိရှိ၊ ဥပဒေနှင့် အညီ ဆောင်ရွက် ကြရမည် ဖြစ်ရာ ပြည်သူတိုင်း ဥပဒေကို သိရှိရန် ကြိုးစား၍ လိုက်နာ စောင့်ထိန်း သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
No comments:
Post a Comment