www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 20, 2014

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ စတင် ဖြစ်ပေါ်စေသည့် ဖြစ်စဉ်ဖြစ်ရပ်များ နှင့် စပ်လျဉ်းသည့် သတင်း ထုတ်ပြန်ချက်


မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ စတင် ဖြစ်ပေါ်စေသည့် ဖြစ်စဉ်ဖြစ်ရပ်များ နှင့် စပ်လျဉ်းသည့် သတင်း ထုတ်ပြန်ချက်


မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီး လက်ဖက်ရည် ဆိုင်၌ ၁-၇-၂၀၁၄ ရက်နေ့တွင် ပဋိပက္ခ အသွင် လူအုပ်စု စတင် ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေး ပူးပေါင်း အဖွဲ့ဝင်များက ထိန်းသိမ်း ဆောင်ရွက် ခဲ့သည်။ လူအုပ်စုချင်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွား ခြင်းကြောင့် လူ ၂ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိကာ အဆောက်အအဦ များနှင့် မော်တော်ယာဉ် များ ဖျက်ဆီးခံ ရပြီး တည်ငြိမ် အေးချမ်းရေး ထိန်းသိန်းရန် လိုအပ် လာသဖြင့် ၄-၇-၂၀၁၄ ရက်နေ့တွင် မြို့နယ် ၇ မြို့နယ် ၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်း ခဲ့သည်။

ထိုသို့ ဖြစ်ပွား ရခြင်းသည် နေပြည် ၊ ပျဉ်းမနားမြို့ တွင် မြန်မာ အမျိုးသမီး တစ်ဦးအား အခြား ဘာသာဝင် ညီအစ်ကို နှစ်ဦးက သားမယား အဖြစ် အဓမ္မပြုကျင့် ကြောင်း သတင်းကို ဇွန်လ ၃ဝ ရက်နေ့ အင်တာနက်၊ လူမှုကွန်ရက် စာမျက်နှာ များ၌ စတင် ဖော်ပြရာမှ လူအုပ်စုဖြင့် ပဋိပက္ခများ စတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

မှုခင်း ဖြစ်ရပ်မှာ ၂၈-၆-၂ဝ၁၄ ရက်နေ့ ည ၁ဝ နာရီတွင် မန္တလေးမြို့ ၊ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ''ဆန်းကဖီး'' လက်ဖက်ရည် ဆိုင်၌ ဆိုင်ဝန်ထမ်း မစိုးစိုး ၂၅ နှစ်၊ ဗန္ဓုလ ရပ်ကွက်၊ ဘုတလင် မြို့နယ် နေသူသည် ဆိုင်ပိတ်သိမ်း နေစဉ် ဆိုင်ရှင်ဖြစ်သူ ဆန်းမောင် ၄၄ နှစ် (ဘ) ဦးမောင်မောင် အောင်မြေသာစံ မြို့နယ် မေဃဂီရိ ရပ်ကွက်၊ လေလာဝန်း၊ အကွက်အမှတ် (၁၄၆) နေသူနှင့် ယင်း၏ အစ်ကို နေဝင်း ၄၅ နှစ် (ဘ) ဦးမောင်မောင် အောင်မြေသာစံ မြို့နယ် ပုလဲငွေရောင် ရပ်ကွက် အကွက်အမှတ် (၁၄၇) နေသူတို့ နှစ်ဦးက အမျိုးအစား နှင့် ယာဉ်အမှတ် မမှတ်မိသည့် အဖြူရောင် ယာဉ်ဖြင့် နေပြည်တော် တွင် လက်ဖက်ရည် ဆိုင်အသစ် ဖွင့်မည် ဖြစ်ကြောင်း နှင့် အလုပ်လုပ် ရမည်ဟု ပြောဆိုေ ခ်ါဆောင်ပြီး ၂၉-၆-၂ဝ၁၄ ရက်နေ့ နံနက် ၃ နာရီ ခန့်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်း အုပ်စု ပျဉ်းမနား - တောင်ညို ကားလမ်း၊ တော်ဝင်နန်း စားသောက်ဆိုင် အနီး ကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကို နှစ်ဦးက ၄င်းအား သားမယား အဖြစ် ပြုကျင့်၍ တိမ်းရှောင် သွားကြောင်း တရားလို မစိုးစိုး၏ တိုင်ကြားချက် အရ ယင်းနေ့ည ၇ နာရီခွဲတွင် ပျဉ်းမနားမြို့မ ရဲစခန်း (ပ) ၂၉၃/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ခဲ့မှု ဖြစ်သည်။

အဆိုပါ အမှုအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ တရားလို မစိုးစိုး ၏ တိုင်ကြားချက် ပါ ယင်း၏ ကိုယ်ရေး အချက်အလက် များ၊ ''ဆန်းကဖီး'' တွင် အလုပ်လုပ် ကိုင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် အခြေအနေ များ၊ အတူတကွ အလုပ်လုပ် ခဲ့သည် ဆိုသော တောင်သာ မြို့နယ်မှ အလုပ်သမားများ၊ ယခင်က အလုပ်လုပ်ကိုင် ခဲ့ဖူးကြောင်း ထွက်ဆို ခဲ့သည့် လားရှိုး၊ မူဆယ် နှင့် နမ့်ခမ်းမြို့ များသို့ အသေးစိတ် စုံစမ်းစစ်ဆေး ခဲ့သည်။ စစ်ဆေးချက် များအရ ၄င်း၏ အမည်ရင်းမှာ ဖြူဖြူမင်း (ခ) ကတုံးမ ၃ဝ နှစ် ဖြစ်ကြောင်း၊ အဘအမည် အမှန်မှာ ဦးအောင်မင်း (ကွယ်လွန်) ဖြစ်ကြောင်း၊ မွေးရပ် ဇာတိမှာ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် ဖြစ်ကြောင်း၊ ''ဆန်းကဖီး'' တွင် အလုပ်လုပ် ကိုင်ခဲ့ဖူးခြင်း မရှိကြောင်း၊ မှုခင်းဆိုင်ရာ ဆေးပညာ နှင့် ဓာတုဗေဒ ဆိုင်ရာ စစ်ဆေးချက်များ အရလည်း ယင်းအပေါ် အဓမ္မ ပြုကျင့် ခံထားရသည့် လက္ခဏာ နှင့် ပြင်ပဒဏ်ရာ များလည်း မရှိကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့သည်။ ထို့ကြောင့် ယင်းအား အသေးစိတ် ဆက်လက် စစ်ဆေးခဲ့ရာ ကိုယ်တိုင် ဝန်ခံချက် အရ ရဲထွဋ်(ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့၏ ငွေပေး၍ ခိုင်းစေမှု အရ ဆန်းမောင် နှင့် နေဝင်း တို့က ယင်းအပေါ် သားမယား အဖြစ် ပြုကျင့်ကြောင်း ဖြင့် ပျဉ်းမနား ရဲစခန်းတွင် လီဆယ် အမှုဖွင့် ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သည်။

မှုခင်းဆိုင်ရာ စစ်ဆေးချက် များအရ မစိုးစိုး အမည်ခံ၍ လီဆယ် တိုင်ကြားသူ ဖြူဖြူမင်း (ခ) ကတုံးမ သည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်း အဘ ဦးကျော်ဆန်း၊ အမိ ဒေါ်မာလာ တို့၏သား မင်းသူရဇော် (ခ) နိုမိုဟာမက် နှင့် အိမ်ထောင်ကျ ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ တွင် ခင်ပွန်း ဖြစ်သူမှာ မူးယစ်ဆေးဝါး မှုဖြင့် တရားရုံးတွင် ရင်ဆိုင် နေရစဉ် အမှုမှ လွတ်မြောက်ရေး ကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့အား ရင်းနှီး ခဲ့ကြောင်း၊ အမှုအား ၁ဝ-၄-၂ဝ၁၄ ရက်နေ့တွင် မန္တလေးခရိုင် တရားရုံးက တရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက် အပေါ် ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲ တရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက် ၏ အဒေါ် ခင်မာလွင် နှင့် နီနီဌေး တို့အပေါ် ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ် ချမှတ် ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရမှု အပေါ် ခင်မာလွင် ၏ ခင်ပွန်း ခင်မောင်ထွေး (ခ) ကိုထွေး၊ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် မင်းသူရဇော် (ခ) နိုမိုဟာမက် ၏ မိခင် ဒေါ်မာလာ တို့က မကျေနပ်၍ တရားရုံး အတွင်း အော်ဟစ် ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ် ခဲ့ခြင်းကြောင့် မန္တလေးခရိုင် တရားရုံးမှ စာရေး ဦးတင်မောင်ဝင်း က တရားလို ပြုလုပ် တိုင်ကြား သဖြင့် အမှတ်(၃) ရဲစခန်း (ပ) ၁၄၉/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅ဝ၆/၃၅၃ အရ အမှုဖွင့် အရေးယူ ခံရကာ ချမ်းအေးသာစံ မြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲ ဖြစ်သည်။

ထိုသို့ ပြန်လည် အမှုဖွင့် အရေးယူ ခံရမှုအပေါ် ခင်မောင်ထွေး (ခ) ကိုထွေး၊ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် ဒေါ်မာလာ တို့က မကျေနပ် သဖြင့် မန္တလေးခရိုင် တရားရုံးမှ စာရေး ဦးတင်မောင်ဝင်း က ဟေမာကျော် အား သားမယား အဖြစ် ပြုကျင့် ကြောင်း လီဆယ် တိုင်တန်းရန် စီစဉ်ခဲ့ပြီး၊ ၂၁-၅-၂ဝ၁၄ ရက်နေ့တွင် ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့သည် ခင်မောင်ထွေး (ခ) ကိုထွေး၊ ဒေါ်မာလာ နှင့် သမီး ဟေမာကျော် တို့အား နေအိမ်သို့ ခေါ်ယူ၍ လီဆယ် တိုင်ကြားမည့် အစီအစဉ်ကို သင်ကြား ပေးခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ်ပိုင်းတွင် ခင်မောင်ထွေး (ခ) ကိုထွေး၊ ဒေါ်မာလာ နှင့် ၄င်း၏ သမီး ဖြူမ (ခ) ဖြူဖြူဇော်၊ ဟေမာကျော် တို့သည် မော်တော်ယာဉ် ဖြင့် ပြင်ဦးလွင်သို့ သွားရောက်ပြီး ဟေမာကျော် အား လီဆယ် တိုင်ကြားမည့် ဖြစ်စဉ်နှင့် သက်ဆိုင်သည့် လက်ဖက်ရည် ဆိုင်၊ တည်းခိုခန်း နှင့် စတိုးဆိုင် တို့အား ပြသခဲ့ကြောင်း၊ ထို့နောက် ဒေါ်မာလာ၊ ဖြူမ (ခ) ဖြူဖြူဇော် နှင့် ဟေမာကျော် တို့သည် ပြင်ဦးလွင် မြို့မ ရဲစခန်း သို့ သွားရောက်ပြီး ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့ သင်ကြားေ ပးသည့် အတိုင်း ပုလဲ တည်းခိုခန်း တွင် ဦးတင်မောင်ဝင်း က ၄င်းအား သားမယား အဖြစ် ပြုကျင့် ခဲ့ကြောင်းဖြင့် ဟေမာကျော် က တရားလို ပြုလုပ်၍ လီဆယ် တိုင်ကြား ခဲ့ရာ ပြင်ဦးလွင် မြို့မရဲစခန်း (ပ) ၁ဝ၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် ဦးတင်မောင်ဝင်း အပေါ် အမှုဖွင့် အရေးယူ ခဲ့သည်။

ထို့ပြင် ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့သည် မန္တလေးမြို့၊ စစ်ကိုင်းလမ်းခွဲ နေ ဟာဂျီ ထွန်းထွန်း ဆိုသူနှင့် ရင်းနှီးမှု ရှိပြီး ဟာဂျီ ထွန်းထွန်း နှင့် ''ဆန်းကဖီး'' ပိုင်ရှင် ဆန်းမောင်၊ ''နေကဖီး'' ပိုင်ရှင် နေဝင်း တို့မှာလည်း လူမှုရေး ပြဿနာ များကြောင့် မှုခင်းများ အပြန်အလှန် ဖြစ်ပွားမှုများ ရှိကြောင်း စစ်ဆေး သိရှိရသည်။ ဟာဂျီ ထွန်းထွန်း သည် ၄င်း၏ ကြက်ခြံမှ အလုပ်သမား မကေသီခိုင် (ခ) ချယ်ရီသိန်း ၂၇ နှစ်၊ (ဘ) ဦးရဲမြင့်အား ၉-၅-၂ဝ၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့ တည်းခိုခန်း ၌ သားမယား အဖြစ် ပြုကျင့်ကြောင်း တိုင်ကြား ခံရသဖြင့် ၁၇-၅-၂ဝ၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့မ ရဲစခန်း(ပ) ၂၈၁/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အမှုဖြင့် အရေးယူ ခံရသည်။ ယင်းသို့ အရေးယူ ခံရမှု အပေါ် ဆန်းမောင် နှင့် နေဝင်း တို့က သွေးထိုး မြှောက်ပင့် ခဲ့သည်ဟု ဟာဂျီ ထွန်းထွန်း က ယူဆ ယုံကြည် ခဲ့သည်။

ထို့နောက် ဟာဂျီ ထွန်းထွန်း သည် ဆန်းမောင် နှင့် နေဝင်းတို့ အပေါ် ပြစ်ဒဏ်ကြီးစွာ ရရှိနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ် တိုင်ကြားနိုင်ရေး အတွက် ရဲထွဋ် (ခ) သူရရဲထွဋ် ထံ အကူအညီ တောင်းခံ ခဲ့သည်။ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့က ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါး မှုဖြင့် ထောင်ကျပြီး ငွေကြေး လိုအပ်နေသူ ဖြူဖြူမင်း (ခ) ကတုံးမ အား အသုံးချ၍ သားမယား ပြုကျင့်မှုဖြင့် လီဆယ် တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်း ၌ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့သည် ဖြူဖြူမင်း (ခ) ကတုံးမ အား မန္တလေးမြို့ရှိ ၄င်းတို့၏ နေအိမ်သို့ ခေါ်ယူ နေထိုင်စေကာ သားမယား ပြုကျင့်သည့် လုပ်ကြံ ဖြစ်စဉ်ကို အသေးစိတ် ဇာတ်လမ်းဆင် သင်ကြား ပေးခဲ့ပြီး အောင်မြင် ပါက ဖြူဖြူမင်း (ခ) ကတုံးမ အား ငွေကျပ် တစ်ဆယ်သိန်း ပေးမည်ဟု သွေးဆောင် စည်းရုံး ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည်။

ထို့နောက် ဖြူဖြူမင်း (ခ) ကတုံးမ၊ ရဲထွဋ် (ခ) သူရရဲထွဋ်၊ နုနုမြတ်၊ ဖြူဖြူဇော် (ခ) ဖြူမ တို့သည် ဆန်းမောင် နှင့် နေဝင်းတို့ အပေါ် သားမသား အဖြစ် ပြုကျင့်မှုဖြင့် လီဆယ် အမှုဖွင့်ရန် ၂၈-၆-၂ဝ၁၄ ရက်နေ့  ညပိုင်းတွင် ပျဉ်းမနား သို့ ရဲထွဋ် (ခ) သူရရဲထွဋ် ၏ တိုရိုတာ မတ်တူး ယာဉ်ဖြင့် အမြန် လမ်းမကြီး အတိုင်း သွားရောက် ခဲ့ကြောင်း၊ ပျဉ်းမနားသို့ ရောက်ရှိပြီး ရွှေတောင် တည်းခိုခန်း တွင် တည်းခို ခဲ့ကြောင်း၊ သားမယား အဖြစ် ပြုကျင့် ခံရသည်ဟု လုပ်ကြံ ဖော်ပြမည့် နေရာနှင့် ပျဉ်းမနားမြို့၏ အနေအထား ကို ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့က မော်တော်ယာဉ်ဖြင့် လိုက်လံပြသ ခဲ့ကြောင်း၊ ၂၉-၆-၂ဝ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖြူဖြူမင်း (ခ) ကတုံးမအား ငွေ ၂၅ဝဝဝိ/- ပေး၍ ပျဉ်းမနားမြို့ မြင်းရတနာ ရုပ်တုအနီးတွင် ထားခဲ့ပြီး မန္တလေးသို့ ပြန်သွား ခဲ့ကြောင်း သိရသည်။ ဖြူဖြူမင်း(ခ) ကတုံးမ သည် ဆိုင်ကယ် ကယ်ရီဖြင့် ပျဉ်းမနား ရဲစခန်းသို့ သွားရောက်ကာ မစိုးစိုး အမည်ခံ၍ နေဝင်း နှင့် ဆန်းမောင် တို့က ၄င်းအား သားမယား အဖြစ် ပြုကျင့်ကြောင်း လီဆယ် တိုင်ကြား ခဲ့သည်ကို စစ်ဆေး ပေါ်ပေါက်သည်။

ဖြူဖြူမင်း (ခ) ကတုံးမ သည် ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့၏ စည်းရုံး သင်ကြားပေး မှုအရ ဆန်းမောင် နှင့် နေဝင်း တို့က ယင်းအား သားမယား အဖြစ် ပြုကျင့်ကြောင်း လီဆယ် တိုင်ကြား ခဲ့ရခြင်း ဖြစ်သည်ကို အမှုစစ်ရဲ အရာရှိထံ ဝန်ခံထွက်ဆို ခဲ့သည်။ ထို့နောက် ၉-၇-၂ဝ၁၄ ရက်နေ့တွင် ပျဉ်းမနား မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၄/ ၃၆၄ အရ ထိုသို့ လီဆယ်အမှု တိုင်ကြား ခဲ့ရသည့် ဖြစ်စဉ် အပြည့်အစုံ ကို ဖြူဖြူမင်း (ခ) ကတုံးမ က ဖြောင့်ဆိုချက် ပေးခဲ့၍ ပျဉ်းမနား မြို့နယ် တရားရုံးမှ ပြစ်မှုသေး အမှတ်၊ ၁၂၂/၂ဝ၁၄ ဖြင့် လက်ခံ ခဲ့သည်။

ထို့ပြင် ပျဉ်းမနား နှင့် ပြင်ဦးလွင် တို့တွင် တိုင်ကြား ခဲ့သည့် သားမယား အဖြစ် ပြုကျင့်မှု များမှ ဟေမာကျော် ၏ ဦးလေး တော်စပ်သူ ခင်မောင်ထွေး( ခ) ကိုထွေး၊ ဆက်စပ် သက်သေ ဇင်မင်းထွန်း (ခ) ဇင်လေး နှင့် ဖိုးခွား (ခ) ပြားကြီး (ခ) တင်မင်းထက် တို့ကလည်း ယင်း အမှုများသည် လီဆယ် တိုင်ကြားခြင်း သာ ဖြစ်ကြောင်း ချမ်းမြသာစည် မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၄ အရ ကြိုတင် ထွက်ဆိုချက် များ ပေးခဲ့ကြ သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ့သည် စစ်ဆေး ပေါ်ပေါက်ချက် များနှင့် ပြည်ထောင်စု ရှေ့နေချုပ် ရုံး၏ ဥပဒေ အကြံပြုချက် အရ စိုးစိုး (ခ) ကတုံးမ က တိုင်ကြား ခဲ့သော ပျဉ်းမနား မြို့မ ရဲစခန်း(ပ) ၂၉၃/၂ဝ၁၄၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အမှုအား ၁၇-၇-၂ဝ၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့် ပိတ်သိမ်းပြီး လီဆယ် တိုင်တန်းသူ ဖြူဖြူမင်း (ခ) ကတုံးမ (ဖမ်းမိ) နှင့် ထိုသို့ လီဆယ် တိုင်တန်းရန် ညွှန်ကြား စီစဉ်သူ နုနုမြတ် (ဖမ်းမိ)၊ ရဲထွဋ်(ခ) သူရရဲထွဋ် (တိမ်းရှောင်) တို့အပေါ် ဥပဒေနှင့် အညီ အရေးယူေ ဆာင်ရွက်လျက် ရှိသည်။ အလားတူ ပြင်ဦးလွင် မြို့မ ရဲစခန်း(ပ) ၁ဝ၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အမှု ကိုလည်း စစ်ဆေး ပေါ်ပေါက်ချက် နှင့် ပြင်ဦးလွင် ခရိုင် ဥပဒေရုံး ၏ ဥပဒေ အကြံပြုချက် အရ ၁၈-၇-၂ဝ၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့် ပိတ်သိမ်း ခဲ့ပြီး လီဆယ် တိုင်တန်းသူ ဟေမာကျော် (တိမ်းရှောင်) နှင့် ဒေါ်မာလာ (တိမ်းရှောင်) တို့အပေါ် ဥပဒေနှင့် အညီ အရေးယူရန် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ပျဉ်းမနား မြို့တွင် လီဆယ် တိုင်ကြား ခဲ့သော အမှုကို အကြောင်း ပြု၍ မန္တလေး မြို့၌ ၁-၇-၂ဝ၁၄ ရက်နေ့မှ စတင် ဖြစ်ပွား ခဲ့သည့် လူအုပ်စုချင်း ပဋိပက္ခ ဖြစ်စဉ် များတွင် ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်မှု များပြုလုပ် ခဲ့ရာ လူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အဦ များ ဖျက်ဆီးမှု၊ ရုန်းရင်း ဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြား ရေးကို ပျက်ပြား စေရန် သွေးထိုး လှုံ့ဆော်မှု၊ လက်နက်မှု နှင့် ရဲအက် တို့ဖြင့် အမှုပေါင်း ၁၉ မှု အရေးယူ နိုင်ခဲ့ပြီး တရားခံ ၄၉ ဦး ဖမ်းဆီး ရမိကာ တရားခံ ရှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ထုတ်ပြန် ထားသော အမိန့်ကို ချိုးဖောက် သဖြင့် ပညာပေး၍ ခံဝန်ချုပ်ဖြင့် ပြန်လည် စေလွှတ်သူ ၁၅၇ ဦး၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ အရေးယူမှု မှာ ၁၇-၇-၂ဝ၁၄  ရက်နေ့ အထိ အမှုပေါင်း ၃၄၉ မှု၊ အရေးယ ခံရသူပေါင်း ၈၃၄ ဦး ဖြစ်သည်။ ကျူးလွန်ခဲ့သော တရားခံ များနှင့် ဆက်စပ် ပါဝင်သူ များကို ဥပဒေအရ အရေးယူရန် ဆက်လက် စစ်ဆေး ဖော်ထုတ်လျက် ရှိပြီး အများပြည်သူ တို့ သတင်းအမှန် သိရှိစေရန် အတွက် ဆက်လက် ထုတ်ပြန် သွားမည် ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger