အချစ် နှင့် မေတ္တာ
လောကလူတို့ သုံးစွဲနေသည့် ချစ်မေတ္တာဆိုသည့် စကားလုံးသည် လောကအတွက် အရေးပါသည့် စကားလုံး ဖြစ်သည်။ ဤ ချစ်မေတ္တာ တရားကြောင့်သာ လောက၌ လူတို့ အသက်ရှင် ရပ်တည်နိုင်ခြင်း ဖြစ်သည်။ ချစ်မေတ္တာ ကုန်ခန်းသော နေ့သည် ကမ္ဘာလောက ပျက်သုဉ်းမည့်နေ့ ဖြစ်သည်ဟု ဆိုနိုင်သည်။
ချစ်မေတ္တာ ဆိုသော စကားလုံးသည် ပုပုရွရွ အရွယ်မှ ဆံဖြူသွားကျိုး အရွယ်အထိ အသုံးပြုသည့် ဝေါဟာရ ဖြစ်ပြီး အချစ်နှင့် မေတ္တာကို ပေါင်းစပ် ထားသည့် ဝေါဟာရ ဖြစ်သည်။ အချစ်ဟူသည့် စကားလုံး သည် ၁၅ဝဝ ကိလေသာကို ဖော်ညွှန်းပြီး မေတ္တာဟူသည့် စကားလုံးသည် ၅၂၈ မေတ္တာကို ဖော်ညွှန်းသည်။
မြန်မာတို့၏ ယဉ်ကျေးမှု နယ်ပယ်နှင့် ဆက်ဆံရေး နယ်ပယ်တွင် အချစ်နှင့် မေတ္တာကို ပေါင်းစပ်လျက် ချစ်မေတ္တာဖြင့် ဆက်ဆံ ကြသည်။ အိမ်ထောင်ပြု သားမွေးသည့် လက်ထပ် မင်္ဂလာပွဲကိုပင် အချစ် တစ်ခုတည်းဖြင့် မပြုလုပ် ကြပေ။ အိမ်ထောင်ဖက်ကို အချစ် တစ်ခုတည်းဖြင့် မရွေးချယ်ဘဲ မေတ္တာတရား ဖြင့်ပါ စဉ်းစား ရွေးချယ်ကြ လေသည်။
အချစ် ဟူသည်မှာ တဏှာ (အကြိုက်) သဘော တပ်မက်မှု သဘောဖြစ်ပြီး စိတ်တစ်ခုနှင့် စေတသိက် ၅၂ ခု ပေါင်းထားသည့် နာမ်တရား ၅၃ ခုကို နိပ္ဖန္ဒရုပ် ၁၈ ခု နှင့် လက္ခဏရုပ် လေးခု ပေါင်းထားသည့် ရုပ်တရား ၂၂ ခု နှင့် ပေါင်းလိုက် ပါက ၇၅ ပါး ရသည်။ ထို ၇၅ ပါးကို သန္တာန်နှစ်ပါး နှင့် မြှောက်လျှင် ၁၅ဝ ရသည်။ ထိုတရား ၁၅ဝ ကို ကိလေသာ ၁ဝ ပါးနှင့် မြှောက်ပွားပါက အချစ်ဟု ခေါ်သည့် ၁၅ဝဝ ကိလေသာကို ရရှိသည်။ အချစ်ဟု ခေါ်သည့် ကိလေသာသည် တဏှာ ဦးဆောင်၍ ပူလောင်ခြင်း သဘောရှိသည်။
မေတ္တာတရား ဆိုသည်မှာ သတ္တဝါ အားလုံး အပေါ်၌ အကျိုး လိုလားသော စိတ်ဖြစ်ပြီး အေးချမ်းမှုကို ပေးစွမ်း နိုင်သည်။ ၅၂၈ မေတ္တာသည် အနောဓိသ ပုဂ္ဂိုလ် ငါးယောက်၊ သြဓိသ ပုဂ္ဂိုလ် ခုနစ်ယောက် ပေါင်း ၁၂ ယောက်ကို ဘေးရန် ကင်းပါစေ၊ ကြောင့်ကြ ကင်းပါစေ၊ ဆင်းရဲ ကင်းပါစေ၊ ကိုယ်စိတ်နှလုံး ရွှင်ပြုံးပါစေ ဟူသော အကျိုး လိုလားသည့် စိတ်လေးခု နှင့် မြှောက်ပွားပါက မူလမေတ္တာ ၄၈ ပါး ရသည်။ ထို မူလ မေတ္တာတရားကို အရပ် ၁ဝ မျက်နှာဖြင့် မြှောက်ပွားပါက ၄၈ဝ ရပြီးမူလ မေတ္တာ ၄၈ ပါးကို ပေါင်း ပါက ၅၂၈ ပါးသော မေတ္တာတရား ကို ရရှိသည်။
အမျိုးသားနှင့် အမျိုးသမီး တို့သည် အချစ် တစ်ခုတည်းဖြင့် ဘဝတစ်ခုကို အောင်မြင်အောင် မတည်ဆောက် နိုင်ပေ။ တစ်ဦး၏ အကျိုးကို တစ်ဦးက လိုလားသည့် အနစ်နာခံ စွန့်လွှတ် တတ်သော မေတ္တာ တရားနှင့် ဖြည့်စွက် တည်ဆောက်မှသာ တည်တံ့ခိုင်မြဲသော အိမ်ထောင်ရေး ကို တည်ဆောက် နိုင်ပေသည်။ ထို့ကြောင့် မြန်မာတို့၏ လူမှု ဆက်ဆံရေး နယ်ပယ်တွင် အချစ်နှင့် မေတ္တာကို ပေါင်း၍ ချစ်မေတ္တာ ဟူ၍ အနှစ်သာရ ရှိရှိ သုံးနှုန်းခြင်း ဖြစ်သည်။
ယခုအခါ မြန်မာ့ ယဉ်ကျေးမှု နယ်ပယ်နှင့် ဆက်ဆံရေး နယ်ပယ်တွင် အချစ် တစ်ခုတည်း အကြိုက် တစ်ခုတည်းကို ရှေ့တန်း တင်လျက် ဆင်ခြင်တုံတရား၊ ညှာတာသည့် စိတ်ထား စသည့် မေတ္တာတရား ကို မျက်ကွယ်ပြုလျက် ရှိနေသည် ကိုလည်း တွေ့နေ ရပေသည်။ လူတစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံ ကြရာတွင် ချစ်မေတ္တာ တရားဖြင့် ဆက်ဆံနိုင်ရန် လိုသည်။ အချစ်သည် အတ္တကို ရှေ့တန်း တင်၍ မေတ္တာသည် ပရကို ရှေ့တန်း တင်သည်။ မေတ္တာတရား ဦးဆောင်သည့် အချစ် သည်သာ လောကကို အကျိုးဆောင်သည်။ သို့ဖြစ်ရာ လူအချင်းချင်း ဆက်ဆံရာတွင် အများ အကျိုး လိုလားသည့် မေတ္တာစိတ်နှင့် ယှဉ်သော ချစ်မေတ္တာဖြင့် ဆက်ဆံ ကြမှသာ အေးချမ်း သာယာသည့် လောကကို ထူထောင် နိုင်မည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
No comments:
Post a Comment