တိုးတက်လာသော လူဦးရေ နှင့် ကျန်းမာရေး စောင့်ရှောက်မှု
နိုင်ငံတော်တွင် နိုင်ငံတကာ အဆင့်မီ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ် နိုင်ရေးအတွက် ကြိုးပမ်း ကြရာ၌ ကျန်းမာရေး ဝန်ကြီးဌာန ကလည်း တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံ တွင် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ပေါင်း ၁၅ ခုမှ မွေးထုတ် လိုက်သော ဆရာဝန် ဦးရေမှာ သုံးသောင်းကျော် ရှိခဲ့သော်လည်း ဆရာဝန် တစ်ဦးသည် လူ ၂ဝဝဝ နှုန်း ကုသရသည့် အချိုးအစား ရှိသည်။ သူနာပြု သင်တန်းကျောင်း ၄၆ ကျောင်းမှ သူနာပြုနှင့် သားဖွား ဆရာမများ မွေးထုတ် ရာတွင်လည်း လုံလောက်မှု မရှိသေးဘဲ ဆရာဝန် နှင့် သူနာပြု အချိုးမှာလည်း ဆတူ နီးပါး ဖြစ်ကြောင်း သိရသည်။
ပြည်သူများ အတွက် ကျန်းမာရေး ကုသ စောင့်ရှောက်မှုတွင် ဆေးပညာ အရည်အသွေး မြင့်မားရေး အတွက် ထူးချွန်သော ဆရာဝန် များအား နိုင်ငံခြားသို့ စေလွှတ်၍ ဆေးပညာ သင်ယူ နိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာန က ဆောင်ရွက် ပေးနေပြီ ဖြစ်သည်။ သူနာပြု များ၏ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး မြင့်မားရေး အတွက် သူနာပြု တက္ကသိုလ် (ရန်ကုန်) သို့ တက်ရောက်လျက် ရှိသော သင်တန်းသူ များအား သင်ကြား လေ့ကျင့် ရာတွင် နိုင်ငံခြားမှ သူနာပြု တက္ကသိုလ်များ နှင့် ပူးပေါင်း၍ ထိရောက်စွာ ဆောင်ရွက်လျက် ရှိသည်။ အနာဂတ် ကာလတွင် ပုဂ္ဂလိက နှင့် အစိုးရ ကဏ္ဍများ၌ ဆောင်ရွက် နေသည့် သူနာပြု များကိုလည်း ခွဲခြားမှု မရှိဘဲ အခွင့်အရေး ပေးသွားမည် ဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ် မတ် ၂၁ ရက်တွင် သူနာပြု တက္ကသိုလ် (ရန်ကုန်) သို့ ရောက် ရှိစဉ် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ပြောကြားခဲ့ပြီး ကျေးလက်နေ ပြည်သူများကို သူနာပြုများ၊ သားဖွား ဆရာမများက စောင့်ရှောက် ကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက် မှုတွင် ကာကွယ်ရေး၊ ကုသရေးနှင့် ပြန်လည် ထူထောင်ရေး ဟူ၍ ကဏ္ဍသုံးရပ် ရှိရာ သူနာပြု များမှာ ကုသရေး နှင့် သက်ဆိုင်သော ကျန်းမာရေး ဝန်ထမ်းများ ဖြစ်သည်။
အာဆီယံ အသိုင်းအဝိုင်းမှ ဖိလစ်ပိုင် နိုင်ငံသည် သူနာပြု အများဆုံး မွေးထုတ် ပေးသည့် နိုင်ငံ ဖြစ်သော်လည်း သူနာပြု ဘွဲ့ရသူ ၇ဝ ရာခိုင်နှုန်းမှာ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် နေကြသဖြင့် နိုင်ငံအတွင်း ကျန်းမာရေး ဝန်ဆောင်မှု အတွက် အခက်အခဲ ဖြစ်ရသည်။ ၂ဝဝ၁ ခုနှစ် စာရင်းများ အရ ဖိလစ်ပိုင် နိုင်ငံ၌ ဆေးရုံပေါင်း ၁၇ဝဝ ခန့် ရှိသည့်အနက် အစိုးရ ဆေးရုံ ၄ဝ ရာခိုင်နှုန်း နှင့် ပုဂ္ဂလိက ဆေးရုံ ၆ဝ ရာခိုင်နှုန်း ရှိသည်။ ၂ဝ၁ဝ ပြည့်နှစ် စာရင်းများ အရ ကျန်းမာရေး အသုံးစရိတ် အတွက် အစိုးရ ဘတ်ဂျက်မှ ခွင့်ပြုငွေ အမေရိကန် ဒေါ်လာ ၅၉၇ သန်း ခွင့်ပြု ပေးခဲ့ရာ လူတစ်ဦး အတွက် ၇ ဒေါ်လာ (ပီဆို ၃၁ဝ) ရှိခဲ့သည်။ ခန္ဓာဗေဒ ဆရာဝန် ၉ဝ၃၇ဝ ဦးရှိသဖြင့် ဆရာဝန် တစ်ဦးလျှင် ပြည်သူ ၈၃၃ ဦး ကုသရသည်။ သူနာပြု ၄၈ဝ၉၁ဝ ဦး နှင့် သွားဆရာဝန် ၄၃၂၂ဝ ဦးရှိကြောင်း သိရသည်။ ၂ဝဝ၆ ခုနှစ် စာရင်းများအရ ကျန်းမာရေး အသုံးစရိတ်မှာ GDP ၏ ၃ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာ ပုဂ္ဂလိက ကဏ္ဍပါဝင်မှု ၆၇ ဒသမ ၁ ရာခိုင်နှုန်း နှင့် အစိုးရ ကဏ္ဍပါဝင်မှု ၃၂ ဒသမ ၉ ရာခိုင်နှုန်း အသီးသီး ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံ ကျေးလက်ဒေသ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ၂ဝဝ၅ ခုနှစ်က စာရင်းများ အရ ကျေးလက် ကျန်းမာရေး ဌာန တစ်ခုသည် ပြည်သူ ၂၂၇၁ ဦး၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ တစ်ခုသည် ပြည်သူ ၅ဝ၃၄ ဦးနှင့် တိုက်နယ် ဆေးရုံတစ်ရုံ သည် ပြည်သူ ၇၅၄၅၃ အချိုးအစားဖြင့် အသီးသီး ကုသ ပေးခဲ့သည်။ ကျန်းမာရေး ဝန်ထမ်း အင်အားနှင့် ကျေးလက် လူဦးရေ အချိုးအစားမှာ လက်ထောက် ကျန်းမာရေးမှူး တစ်ဦးသည် ပြည်သူ ၁၆၈ဝ၅ ဦး၊ အမျိုးသမီး ကျန်းမာရေး စောင့်ရှောက်မှု လက်တွေ့ လုပ်ငန်းခွင် သင်တန်းသူ ( Lady Health Visitor ) တစ်ဦးသည် ပြည်သူ ၁၉၄၃၁ ဦးနှင့် သားဖွား ဆရာမ တစ်ဦးသည် ပြည်သူ ၄၈ဝဝ ဦးစီ အသီးသီး တာဝန် ယူခဲ့ကြ ရသည်။
သို့ဖြစ်၍ နှစ်စဉ် လူဦးရေ တိုးတက် လာသည်နှင့် အမျှ ပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ကာကွယ်ရေး၊ ကုသရေး နှင့် ပြန်လည် ထူထောင်ရေး ကဏ္ဍသုံးရပ်တွင် ပြည်ထောင်စု တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့များက ဝင်ရောက် ဖြည့်ဆည်း ပေးလျက် ရှိသည်မှာ လူ့ဘဝကို ရခဲ၏၊ သတ္တဝါတို့ အသက်ရှည်ခြင်း ကို ရခဲ၏ ဆိုသော တရားဓမ္မနှင့် အညီ တိုင်းရင်းသား ပြည်သူတို့ အကျိုးသယ်ပိုး နေခြင်းပင် ဖြစ်ပေသည်။ ။
( အယ်ဒီတာ့အာဘော် )
#Themyawadydaily
No comments:
Post a Comment