အသိနောက်ကျချိန်
မဒါလေး
တောမကျ မြို့မကျသည့် ရွာလေးတစ်ရွာတွင် ဖြစ်သည်။ နယ်လှည့်ကာ ပရဟိတ ကွန်ပျူတာ သင်ပေးသော သင်တန်းတစ်ခု အစပျိုး ခဲ့သည်မှာ ယခုဆိုလျှင် ရက်ပေါင်း ၄၀ ပြည့်ခဲ့ပြီ။ ၄င်း သင်တန်းကို အနီးအနား ရွာများနှင့် အဝေးမှ သင်တန်းသား သင်တန်းသူ ပေါင်း ဦးရေ ၁၅၀ ကျော် တက်ရောက် ကြသည်။ ကွန်ပျူတာ အလုံး ၃၀ နှင့် တစ်ရက်လျှင် တစ်ကြိမ်ကျ တစ်ခါသင် နှစ်နာရီခန့် သင်ရသည်။ စက်အင်အား လူအင်အား မမျှသဖြင့် စက်တစ်လုံးလျှင် သုံး ၊ လေးဦး စုပေါင်း ကြည့်ကြ ရသည်။
ဘာပဲဖြစ်ဖြစ် သည်လို လာသင်ပေးသော ဆရာ ဆရာမ များနှင့် နေရာထိုင်ခင်း ကအစ အစစ အရာရာ စီစဉ်ပေးသော သူများကို ကျေးဇူးတင် ရမည် ဖြစ်သည်။ ကွန်ပျူတာ ကို မြင်ဖူး ထိတွေ့ဖူးသည် ကိုက သည်လို နေရာ ဒေသတွင် နေရသူတို့ အဖို့ ၀မ်းသာစရာ တစ်ခု ၊ မျှော်လင့်ချက် တစ်ခု ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ ရခိုင်ရိုးမ နှင့် မနီးမဝေး ချင်းတိုင်းရင်းသား တို့ နေထိုင်ရာ ဒေသအနီး မင်းကိုင်း ဆိုသည့် ရွာကလေးတွင် ဖြစ်သည်။
သူမ အမည်မှာ မလှမေ ဖြစ်သည်။ တက္ကသိုလ် မှ ရုက္ခဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ တစ်ယောက်လည်း ဖြစ်သည်။ သူမ ကျောင်းပြီးချိန် တွင် သူမ မိခင် ဆုံးပါးသွား ခဲ့ပြီးနောက် တစ်ဦးတည်းသော သမီး အနေဖြင့် ကျန်ရစ်သူ ဖခင်ကြီး နှင့်အတူ လယ်ယာများကို ထိန်းသိမ်းဖို့ အကြောင်းဖန် လာသည်။ သူငယ်ချင်းများ အားလုံး လုပ်ငန်းခွင် ၀င်သွားကြ သကဲ့သို့ မလှမေ လည်း လုပ်ငန်းခွင် ၀င်ခဲ့ရပါပြီ။ လယ် နှင့် ယာများကို ဦးစီး လုပ်ကိုင် ရသည်။ ရသည့် ကောက်ပဲသီးနှံ များကို ရောင်းချရသည့် ၀င်ငွေနှင့် တစ်နှစ်ပြီး တစ်နှစ် လုံးချာလိုက် နေသည်။ တစ်နှစ် ၀င်ငွေ ကျပ် ၄ သိန်းကျော် ၊ ၅ သိန်းဖြင့် ဘ၀ကို သာမန် ဖြတ်သန်း ခဲ့သည်။ အခြားသော အရာများမှာ မလှမေ ဘ၀အတွက် ဘာမှ အရေးမကြီး သကဲ့သို့ တွေးပင် မတွေးမိပေ။
နိစ္စဓူဝ လယ်ထဲ ဆင်းလိုက် ၊ ယာထဲ သွားလိုက် ၊ မိုးစပါးပြီး နွေးစပါး ၊ နွေစပါးပြီး ယာလုပ် ၊ ယာခုတ် သည်လိုနှင့် သံသရာလည် လာလိုက်တာ အသက်ပင် ၄၀ နားနီး လာသည်။ တစ်နေ့ သူငယ်ချင်း တစ်ဦး အလည် ရောက်လာသည်။ စကား စမြည် ပြောကြရင်း ပညာရေး အကြောင်းတွေ ပြောမိသည်။ ထို သူငယ်ချင်း ပြောသွားသော စကားတွင် " သူငယ်ချင်း လှမေရေ အသစ်တွေ မတတ်ချင် နေပါစေ ၊ တတ်ထား တာလေးတော့ ပျောက်ပျက် မသွားအောင် စာဖတ်ပါ ... " ဟု ဆိုသော စကားမှာ ယနေ့ အချိန်ထိ စွဲမြဲနေသည်။ ထို အချိန်မှ စပြီး တွေ့သမျှ စာအုပ်တွေ ဖတ်သည်။ မှတ်သည်။ ပညာလို အိုသည်မရှိ ဆိုသည့်အတိုင်း သိပြီးရင်း သိချင် လာမိသည်။ ထို သိချင်စိတ် များ၏ လှုံ့ဆော်မှုကြောင့် ယခု အခမဲ့ ကွန်ပျူတာ သင်တန်းကို တက်ဖြစ်ခြင်း ဖြစ်သည်။
ကွန်ပျူတာ သင်တန်း အပြီးတွင် အခြား လူငယ် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း တစ်ခုကလည်း ဖိတ်ခေါ်ကာ ဗဟုသုတများ ဖလှယ်ပေးသည်။ ထိုသို့ ဗဟုသုတများ ဖလှယ်အပြီးတွင် သူမ၏ စိတ်တို့သည် ကလေးများ ထက်ပင် ပိုမို တက်ကြွလာသည်။ ယခင် မိမိ မလေ့လာ မလိုက်စား ခဲ့သော ၊ လျစ်လှူရှု ခဲ့သော နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ကအစ ကျန်းမာရေး နှင့် လူမှု ဆက်ဆံရေး တို့တွင် လူငယ် ဆရာ ၊ ဆရာမ များက ဗဟုသုတ မျှဝေ ပေးခဲ့သမျှ ကို အဖိုးမဖြတ် နိုင်သော ယာခင်းကြီး ပမာ ဖြစ်သည်။
ယခင်က လယ်ထဲ ယာထဲတွင် ကုန်ခဲ့သော အချိန်များကို နှမြော တတ်လာသည်။ မိမိ သင်ကြားခဲ့သော ပညာများ ဆုံးရှုံး သွားမှုကို နှမြောတတ် လာသည်။ မိမိနှင့် ရွယ်တူ သူငယ်ချင်းများ ၊ အစိုးရဌာန များနှင့် ကုမ္ပဏီများတွင် ရာထူးကြီး များဖြင့် ဘ၀ အဆင့်အတန်း မြင့်မားစွာ ရပ်တည် နေကြတာကို မြင်တော့ မိမိဘ၀မှာ ဘာမှ မဟုတ်ခဲ့ ပါလားဟု မလှမေ တစ်ယောက် ပိုမြင် လာမိသည်။ တစ်နှစ်စာ ၀မ်းရေးအတွက် ငွေကျပ် ၃ ၊ ၄ သိန်း ပမာဏကို သူများတွေ တစ်လနှင့် အရယူ နေကြချိန်တွင် မလှမေ မှာတော့ ချွေးသံ တရဲရဲနှင့် နေပူထဲ ပြေးလွှား နေရသည်။ မလှမေ မိမိဘ၀ကို အားမလို အားမရ ဖြစ်မိသည်။ မိမိသည် ပညာမဲ့သူ တစ်ဦး မဟုတ်ခဲ့ပါ။ ပညာသင် ခဲ့သည်။ ပညာရှာ ခဲ့သည်။ ထိုပညာကို အသုံးမချ ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် မိမိဘ၀အတွက် နောက်ကျ ခဲ့လေပြီ။ ယခု မိမိ လုပ်နိုင်သည်မှာ မိမိ၏ ပတ်ဝန်းကျင်ရှိ လူငယ် လူရွယ်များ ၊ မိမိ တူသားများ မိမိဘ၀မျိုး မရောက်စေရန် တစ်ဖက် တစ်လမ်းမှ အသိဉာဏ် ဗဟုသုတ ပေးရင်း လမ်းညွှန် ပေးရုံမှအပ မိမိဘာများ တတ်နိုင်ဦး မည်နည်း
#Yadanarpondaily
No comments:
Post a Comment