ထိုက်တန်သောဘဝ
မဒါလေး
" လူဆိုတာ ကိုယ်နဲ့ တန်တဲ့ဘ၀ပဲ ကိုယ်ရတာ " ဒီစကားကို လွန်ခဲ့တဲ့ လေးနှစ်လောက်က ဆရာတစ်ဦး ထံမှ ကြားခဲ့ရခြင်း ဖြစ်သည်။ ဟိုတယ် တစ်ခုတွင် ပို့ချပေးသော သင်တန်း တစ်ခုတွင် ဖြစ်သည်။ နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး နှင့် ဗဟုသုတ များစွာ ပို့ချပေးသော သင်တန်း ဖြစ်သည်။ ပို့ချသည့် ဆရာမှာ အသံသြဇာ ရှိရှိ ၊ အသံပါဝါ ကောင်းကောင်း နှင့် ခင်ဗျားတို့ ၊ ကျွန်တော်တို့ နှင့် စကာ နိုင်ငံတော် ဆိုတာ ဘာခေါ်သလဲ အထိ သင်ကြား ပို့ချ ပေးသွားသည်။ ဆရာ အမည်က ဒေါက်တာ နေ၀င်းမောင် ဟု ခေါ်သည်။ စကြားကြားခြင်း နားထဲ မိုးကြိုးပစ် သကဲ့သို့ ခံစား လိုက်ရသည်။ " ခင်ဗျားတို့ ကိုယ်နဲ့တန်တဲ့ ဘ၀ပဲ ကိုယ်ရတာ " ဟု ပြောအပြီးတွင် လူငယ်ပီပီ ဒေါသက ရှေ့မှ ထွက်လာသည်။ ဒီဆရာ ဒီဒေါက်တာ ဘာတွေ ပြောနေတာလဲ။ ကိုယ့်ဘာသာ ဘယ်ဘ၀ရရ သူနဲ့ ဘာဆိုင်လဲ။ သူပြောစရာ မလိုဟု ထင်မိသည်။ နိုင်ငံနှင့်ချီပြီး ပြောသည် ထားဦး ဒီလို မပြောသင့်။ အနာပေါ် တုတ်ကျသည့် အလား နာမိသည်။ ဒေါက်တာ ဆိုလျှင် ဆရာဝန်ဟုသာ သိထားသော အိမ်တွင်းအောင်း သည့် ကျွန်မ ဒီလို နိုင်ငံရေးသိပ္ပံ ဘာသာရပ် နှင့် ဒေါက်တာဘွဲ့ ရ တစ်ယောက်ကို ဘယ်လိုမှ အဓိပ္ပာယ် ဖွင့်မရအောင် ဖြစ်မိသည်။ တစ်နေ့လုံး နားထဲက လေထွက်အောင် နားထောင် ရသည်။ ဒီကြားထဲ ထိုဆရာ ပြောလိုက်သော စကားကြောင့် ဒေါသက ဖြစ်ရသေးသည်။ ဘာမျှ ပြောလို့မရ။ အာပေါင် အာရင်းသန်သန် နှင့် မမောနိုင်စွာ ပြောသွား လိုက်တာ မွန်းလွဲ ၂ နာရီလောက် မှ နောက်ဆရာ တစ်ဦး လဲသည်။ အတော်လဲ ပြောနိုင်တဲ့ သူဟုပင် မှတ်ချက် ချမိသည်။ ဒေါသကလွဲ၍ ဘာမျှ မရခဲ့ပေ။
၂၀၁၃ ခုနှစ် အစသည် ကျွန်မ အတွက်တော့ အရဲရင့်ဆုံးနှစ် ဖြစ်ခဲ့ရသည်။ အိမ်တွင်းနေ ဘ၀မှ ရန်ကုန်မြေကို ခြေချနိုင် ခဲ့သည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ထိုဆရာ တည်ထောင် ခဲ့သော သင်တန်းကျောင်း တွင် အလုပ် တစ်နေရာ ရကာ စာပေ လေ့လာခွင့် ရခဲ့သည်။ သင်တန်းတက်ခွင့် ရခဲ့သည်။ ထို သင်တန်းတွင်လည်း ထို ဆရာ၏ တပည့် ဆရာမ တစ်ဦး၏ သင်တန်းချိန်တွင် ထိုစကားကို ပြောခဲ့သည်။ ဒီတစ်ခါ ပြောင်းလဲ သွားတာက အရင်ကလို ခင်ဗျား နှင့် ကျွန်တော် မဟုတ်တော့ ရှင့်တို့ ကျွန်မတို့ ဖြစ်သွားသည်။ စ ကြားကြားခြင်း ဆရာမကို အမြင် မကြည် ဖြစ်မိသည်။ အရင်လို ဒေါသတော့ မထွက်တော့။ ကိုယ့် အခြေအနေ ကလဲ မိဘအိမ်မှ စွန့်စွန့်စားစား ထွက်ခွာပြီး အလုပ် ကြိုးစားကာ ခက်ခက်ခဲခဲ နေရချိန် ထို ဆရာမ ပြောသော စကားများသည် ကိုယ့်များ ပြောသလား ထင်မိသည်။ မိမိ ကိုယ်တိုင်လဲ မိဘအိမ်မှာ နေရင် အကောင်းသား ထွက်လာမှ ကိုယ်နဲ့ တန်တဲ့ ဘ၀က အတော် ခက်ခဲပါလား ထင်မိသည်။ သင်တန်းသာ ဆင်းခဲ့သည်။ အိမ်ပြန်ခဲ့သည်။ ထို စကားအတွက် မကျေမချမ်း နိုင်ခဲ့။
လူဖြစ်လာသည့် တစ်လျှောက်တွင် မိမိ ဘ၀၏ တန်ဖိုးသည် မိမိနဲ့သာ ဆိုင်သည်ဟု သိမြင် ခံစားမိချိန်တွင် ထို ဆရာ ပြောသည့် စကားမှာ အလွန် မှန်သည်ဟု ကျွန်မ ခံစား လာရသည်။ မိမိဘ၀၏ ပဲ့ကိုင်ရှင်မှာ မိမိသာ ဖြစ်သည်။ အခြားလူက ၀င်ရောက် ခြယ်လှယ် သည်ဆိုဦးတော့ ထိုသို့ အခြယ်လှယ် ခံရသူမှာ မိမိသာ ဖြစ်သည်။ အချို့ အပေါင်းအသင်းများ မကြာမဏ ပြောကြသည်။ ငါ့အမေ စီစဉ်တာ လက်မခံလို့ မရလို့။ ငါ့အဖေက လုပ်ခိုင်းတာ မလုပ်ချင်ဘဲ လုပ်လိုက်ရတာ။ သူငယ်ချင်းက အတင်းခေါ်လို့ စသည်ဖြင့် ပြောဆို ဆင်ခြေ ပေးကြသည်။
အမှန်တကယ် ထိုအရာ များမှာ မိမိ၏ စိတ်နှင့်သာ ဆိုင်သည်။ မိမိ၏ စိတ်က အမှန်တရား နှင့်ယှဉ်ကာ တွန်းလှန်ပါက အခြားသူကြောင့် လက်ခံရခြင်း ဆိုသည့် စကားမျိုးမှာ ရှိမလာနိုင်ပါ။ တကယ်တော့ ကျွန်မ ကိုယ်တိုင် သည်လည်း ကိုယ့်ဘ၀ကို အခြားသူ တစ်ယောက်၏ ချုပ်နှောင်မှု ခံခဲ့ရဖူးသညဘ်။ ထိုသူတို့မှာ ပါးစပ်မှပင် ပြော၍ အမှန်တကယ် ကျွန်မကို အတင်းအကျပ် ဆွဲခေါ် မထားပါ။ ကျွန်မ ထွက်သွား တော့လည်း သူတို့ ကမ္ဘာမှာ ကျွန်မ ဆိုသောသူက ခဏတော့ မှေးမှိန်ခဲ့တာ အသေအချာ ဆိုတာ ကျွန်မ ကိုယ်တိုင် သိခဲ့ရသည်။ ကျွန်မတို့၏ မ၀ံ့ရဲသော စိတ်သည်သာ ကျွန်မကိုယ်ကို ပြန်လည် ချုပ်နှောင် နေခြင်းဖြစ်သည်။ ထို အတွေ့အကြုံ များနှင့် ယှဉ်တွဲ စဉ်းစားမိချိန် တွင်တော့ ထို ဆရာသည်ကား လူ့လောကတွင် မရှိတော့။ ဆရာ့စကား မှန်လိုက်တာ ဟုပင် ရင်ထဲမှ အထပ်ထပ် အော်ဟစ် နေမိသည်။ ထို ဆရာ စကားကို ပြန်လည် အမှတ်ရအောင် လုပ်ပေးသော ဆရာမ ကိုလည်း ကျေးဇူးတင် မိသည်။ ကျွန်မတို့ ယနေ့ဘ၀ကို ဖြတ်သန်း နေကြရာတွင် အချို့သော သူတွေမှာ ကိုယ့်ဘ၀ကိုယ် မသိသေး သူတွေ အများကြီး ရှိနေ ပါသေးသည်။ ထို့ထက် " ကိုယ်နှင့် တန်သော ဘ၀ " ကို ရှာမတွေ့ဘဲ လမ်းပျောက် နေသူတွေ။ လမ်းမှား ရှာနေသူတွေ အများကြီး ရှိနေသေးသည်။ ကိုယ့်ဘ၀ ကိုယ်နှင့်သာ ဆိုသည်ဟု စဉ်းစားမည့် အစား ဘယ်သူက တော့ဖြင့် ဘာလုပ် မပေးလို့။ ဘယ်သူ ကတော့ဖြင့် ဘာလုပ် သွားလို့ဟု အပြစ်တင် အပြောတွေကြား ကိုယ်နှင့် ဆိုင်သော ကိုယ့်ဘ၀ ပျောက်နေသည် ကို မသိဘဲ ရှိနေကြသည်။ မိမိ စိတ်ကို မိမိ ဘာသာ ရှာစေလိုပါသည်။ မိမိဘ၀ မိမိ နှင့်သာ ဆိုင်သည်။ မိမိကိုယ်တိုင် ကြိုးစားမှုကြောင့် သာလျှင် မိမိနှင့် တန်သော ဘ၀ကို မိမိတို့ ရရှိမည်မှာ ဧကန်မလွဲပင် ဖြစ်သည်။
#Yadanarpondaily
No comments:
Post a Comment