ကမ္ဘာ့အမွေအနှစ် အဆင့် ပျူခေတ်ရှေးဟောင်းမြို့များ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်
ကမ္ဘာ့လူသားတို့ သမိုင်းသည် သမိုင်းဦး ဘုံမြေခေတ်၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် တို့မှ အဆင့်ဆင့် ပြောင်းလဲ တိုးတက်ခဲ့ရာ စက်မှုခေတ် သို့ ရောက်ခဲ့ပြီး မျက်မှောက် ကာလတွင် နျူကလီးယား ခေတ်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။ သမိုင်း သုတေသီတို့၏ မှတ်တမ်းများ အရ လူတို့၏ သမိုင်း စတင်ခဲ့သည်မှာ နှစ်ပေါင်း ၆ဝဝဝ ကျော်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်က စတင် ဖွံ့ဖြိုးခဲ့သည့် ပျူယဉ်ကျေးမှု ထွန်းကားရာ ဟန်လင်း၊ ဗိဿနိုး နှင့် သရေခေတ္တရာ မြို့ဟောင်း တို့အား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် ကာတာနိုင်ငံ ဒိုဟာမြို့၌ ၂ဝ၁၄ ခုနှစ် ဇွန် ၂၂ ရက်တွင် ကျင်းပသော (၃၈) ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် ကော်မတီ အစည်းအဝေးက အတည်ပြု သတ်မှတ် ခဲ့ပြီး ဖြစ်သည်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့၏ ဇွန် ၂၂ ရက်က ထုတ်ပြန်ချက် တွင် '' ဟန်လင်း၊ ဗိဿနိုး နှင့် သရေခေတ္တရာ တို့သည် လွန်ခဲ့သော နှစ် ၂ဝဝဝ ကျော်မှ စတင်၍ အရှေ့တောင် အာရှ ဒေသတွင်း ဗုဒ္ဓသာသနာ ပျံ့နှံ့ခဲ့သည်ကို သက်သေပြလျက် ရှိကြောင်း၊ ထို့ပြင် ယင်း မြို့ဟောင်း များသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု များကြောင့် ဒေသတွင်း သက်တမ်း ရှည်သော အဆင့်မြင့် ယဉ်ကျေးမှု မြို့တော်များ ဖြစ်ခဲ့ကြောင်း၊ အဆိုပါ ခေတ်များအတွင်း ဆန်းသစ်သော နည်းပညာများ ဖြစ်သည့် အရင်းအမြစ် စီမံခန့်ခွဲမှု၊ အရည် ဖိအားသုံး အတတ်ပညာ၊ စိုက်ပျိုးရေး ပညာ၊ အုတ်ဖုတ် ပညာနှင့် ပန်းပဲဆိုင်ရာ အတတ်ပညာ တို့ဖြင့် တီထွင် ဆန်းသစ်မှုများ ပြုလုပ် နိုင်ခဲ့ကြောင်း၊ ကောင်းမွန်သော မြို့ပြစီမံကိန်း နှင့် အဆောက်အအုံ ဆောက်လုပ်ခြင်း တို့သည် အရှေ့တောင် အာရှ ဒေသအတွင်း စံပြအဖြစ် ရပ်တည် နိုင်ခဲ့ကြောင်း '' ဖြင့် ပျူခေတ် မြန်မာနိုင်ငံသား တို့၏ အသိပညာ၊ အတတ်ပညာ နှင့် ယဉ်ကျေးမှု တို့ကို ထည့်သွင်း ဖော်ပြထားသည်။
ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၂ဝဝ ခန့်စော၍ ထွန်းကား ခဲ့သော ပျူ ယဉ်ကျေးမှုသည် ခရစ်နှစ် ၉ဝဝ ရာစုနှစ် အထိ နှစ်ပေါင်း တစ်ထောင်ကျော် တည်တံ့ ခဲ့သည်။ ပျူခေတ် မြန်မာနိုင်ငံသား တို့၏ ယဉ်ကျေးမှု အမွေအနှစ် များကို ပုဂံခေတ် မြန်မာ နိုင်ငံသားများ ဆက်ခံ ခဲ့ကြရာမှ လက်ရာ မြောက်မှုနှင့် ယဉ်ကျေးမှု အဆင့် မြင့်မားသော ပုဂံခေတ် ပေါက်ဖွား လာအောင် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်း တို့သည် အကောင်းဆုံး မျိုးစေ့ ချပေး ခဲ့ကြသည့် ပြယုဂ်များ ဖြစ်သည်။
ပျူမြို့ဟောင်း သုံးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်က စတင် ဖွံ့ဖြိုးခဲ့သည့် မြန်မာနိုင်ငံ၏ အစောဆုံး မြို့ပြများ ဖြစ်ခြင်း၊ လွန်စွာ ရှေးကျပြီး ကြံ့ခိုင်မှု အားနည်းနေခြင်း၊ မြေပေါ် အမွေအနှစ် အထောက်အထား ကြွင်းကျန်မှု နည်းပါးနေခြင်း၊ မြန်မာများ ပင်လျှင် ပျူခေတ် အမွေအနှစ်၏ အရေးပါမှု၊ တန်ဖိုးရှိမှုကို ဂဃနဏ သိသူ နည်းပါးခြင်း တို့ကြောင့် အမြန်ဆုံး ကာကွယ ထိန်းသိမ်းရန် လိုအပ် နေပြီဖြစ်သည့် ရှေးဟောင်း မြို့များ ဖြစ်ခြင်း တို့ကြောင့် ဦးစားပေး၍ ကမ္ဘာ့ အမွေအနှစ် တင်သွင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်၍ မြန်မာနိုင်ငံ အတွက် ပထမဆုံး အကြိမ် ကမ္ဘာ့ အမွေအနှစ် အဆင့် သတ်မှတ်ခြင်း ခံရသော ဟန်လင်း၊ ဗိဿနိုး နှင့် သရေခေတ္တရာ ပျူ ရှေးမြို့ဟောင်း များကို ကမ္ဘာ့အဆင့် သတ်မှတ်ချက် များနှင့်အညီ ဆက်လက် ထိန်းသိမ်း စောင့်ရှောက် သွားရန် လိုအပ်လျက် ရှိရာ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်း ကာကွယ် ထိန်းသိမ်း စောင့်ရှောက် ကြရမည် ဖြစ်ပေသည်။ ။
( အယ်ဒီတာ့အာဘော် )
#Themyawadydaily
No comments:
Post a Comment