စည်းလုံးညီညွတ်မှု အင်အားဖြင့် ခေတ်သစ်သမိုင်း မှတ်တမ်းတင်
ပထမ မြန်မာ နိုင်ငံတော်ကြီး ကို တည်ထောင် ခဲ့သော အနော်ရထာ မင်းကြီး သည် နိုင်ငံတော် စည်ပင် ဝပြောရေး နှင့် သာသနာ ပြန့်ပွားရေး တို့ကို ဆောင်ရွက် ရာတွင် မျိုးနွယ်နှင့် ယဉ်ကျေးမှု အခြေခံ မတူသော တိုင်းသူ ပြည်သား များအား စည်းရုံး သိမ်းသွင်း၍ နိုင်ငံ တစ်ခုတည်း အဖြစ် တည်ထောင် နိုင်ခဲ့သည်။ ကျန်စစ်သား မင်းကြီး သည် အရှင်သခင် အပေါ် သစ္စာ စောင့်သိမှု၊ အမျိုး ဘာသာ သာသနာကို စောင့်ထိန်းမှု နှင့် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝမှု တို့တွင် စံပြု ထိုက်သော မင်းကောင်း မင်းမြတ် ဖြစ်သည်။ အနော်ရထာ မင်းကြီးနှင့် ကျန်စစ်သား မင်းကြီး တို့သည် တိုင်းသူ ပြည်သားများ အတွက် တူညီသော ယုံကြည် ကိုးကွယ်မှု တစ်ခုကို မြှင့်တင် ထူထောင် ပေးခြင်းဖြင့် လူမျိုးစု များအား ပေါင်းစည်း ပေးနိုင်ကာ အင်အား ဖြစ်စေ နိုင်ကြောင်း မြန်မာ့သမိုင်း တွင် ဦးစွာ သာဓက ပြခဲ့ကြသည်။
ဒုတိယ မြန်မာ နိုင်ငံတော်ကြီး တည်ထောင် သည့် ခေတ်သည် အရင်းရှင် ခေတ် အင်အား ကောင်း လာသော အချိန် ဖြစ်သည်။ အေဒီ ၁၆ ရာစုတွင် မြန်မာနိုင်ငံ ဆိပ်ကမ်းမြို့ များသို့ ကုန်သွယ် အရင်းရှင်တို့ လမ်းပေါက် စပြု နေသော ကာလတွင် ဘုရင့်နောင် မင်းတရားကြီး က အင်အား တောင့်တင်းသော ဒုတိယ မြန်မာ နိုင်ငံတော်ကြီး ကို စည်းလုံး တည်ထောင် နိုင်ခဲ့သည်။ စက်မှု အရင်းရှင်၊ ဘဏ္ဍာ အရင်းရှင်၊ ကုန်သွယ် အရင်းရှင် ခေတ်တို့ ရွေ့လျား လာခဲ့ပြီး နယ်ချဲ့ အရင်းရှင် ခေတ်အင်အား အထွတ်အထိပ် သို့ ရောက်လာ သော ၁၈ ရာစုတွင် အလောင်းမင်း တရားကြီး ဦးအောင်ဇေယျ သည် ၁၇၅၂ ခုနှစ်၌ တတိယ မြန်မာ နိုင်ငံတော် ကြီးကို စည်းလုံး တည်ထောင် ခဲ့သည်။
အလောင်းမင်း တရားကြီး ဦးအောင်ဇေယျ သည် တတိယ မြန်မာ နိုင်ငံတော် ကြီးကို စည်းရုံး သိမ်းသွင်း နေသည့် ကာလ သန်လျင် မြို့သိမ်း တိုက်ပွဲမှာ ကြည်းတပ် နှင့် ရေတပ်တို့ ဟန်ချက်ညီ ရွေ့လျား တိုက်ခိုက် ခဲ့ကြသည်။
မြန်မာ့ ရေတပ်မှ ထင်ရှားသော ရေနန်း စကြာ မဟာ သင်္ဘောကြီး ပါဝင်ခဲ့သည်။ မြန်မာ သက္ကရာဇ် ၁၁၁၈ ခုနှစ် ဝါဆိုလကွယ် နေ့တွင် သန်လျင်မြို့ကို သိမ်းပိုက် ရရှိသော အခါ တိုင်းတစ်ပါးမှ ရောက်ရှိ နေသော ကြေးစား စစ်သားသုံ့ပန်း ၁ဝဝဝဝ ကျော်၊ မြင်းကောင်ရေ ၁ဝဝ ကျော်၊ သေနတ် ၁၅ဝဝ ကျော်၊ အမြောက်ကြီး ၅ဝဝ ကျော်၊ ကြေးစင် ပိဿာချိန် ၁ဝဝဝဝ ကျော်၊ သင်္ဘော ပစ္စည်း ကိရိယာ တန်ဆာပလာ များနှင့် အခြား ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့သည်။ နယ်ချဲ့ အရင်းရှင် တို့၏ လုပ်နည်း လုပ်ဟန် များကို ထိုခေတ်ကာလ မှာပင် တွေ့မြင် ရသည်မှာ ၂ဝ ရာစု အထိ ဖြစ်သည်။
၂ဝ ရာစု နှောင်းပိုင်းတွင် စစ်ပွဲ အသွင်တို့ ပြောင်းလဲ လာခဲ့ရာ နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လူမှုရေးနည်း၊ သဘောတရား ရေးနည်း၊ ဝါဒဖြန့်ချိရေး နည်းနှင့် စစ်ရေးနည်း ဟူသော ဘက်စုံ စစ်ပွဲအသွင် များ ဆင်နွှဲ ခဲ့ကြသည်။ ဘက်စုံစစ်ပွဲ အသွင်တို့ သည် စစ်အေးလွန် ကာလ မျက်မှောက် ၂၁ ရာစု နှစ်သို့ ရောက်သည့် အချိန်ထိ ပျောက်ကွယ် သွားခြင်း မရှိသေးဘဲ ယခင် ခေတ်ဟောင်းက ရှိခဲ့ဖူးသော မြေသိမ်း တိုက်ပွဲ နေရာတွင် အစားထိုး ၀င်ရောက် ရှင်သန်လျက် နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု နှင့် အမျိုးသား အကျိုးစီးပွား တို့ကို စွက်ဖက် နေဆဲ ဖြစ်ကြောင်း တွေ့ရသည်။
မြန်မာ့ သမိုင်းတွင် တူညီသော ယုံကြည် ကိုးကွယ်မှု တစ်ခုကို မြှင့်တင်ပေးခြင်းဖြင့် ပထမ မြန်မာ နိုင်ငံတော်ကြီး အင်အား တောင့်တင်း စေခဲ့သည်။ ဒုတိယ မြန်မာ နိုင်ငံတော်ကြီး နှင့် တတိယ မြန်မာ နိုင်ငံတော်ကြီး တို့ကို ဇာတိသွေး ဇာတိမာန် ဖြင့် တည်ထောင် ခဲ့ကြသည်။ ၂ဝ ရာစုတွင် တိုင်းရင်းသား ပြည်သူများ နှင့် တပ်မတော် တို့၏ စည်းလုံး ညီညွတ်မှု အင်အားဖြင့် နိုင်ငံတော် လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာကို ပြန်လည် ရယူခဲ့ ကြသည်။
သို့ဖြစ်၍ ယနေ့ ကာလတွင် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ဟူသော တူညီသည့် ရည်မှန်းချက် ရှိပြီးဖြစ်ရာ နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး အခန်းကဏ္ဍ တွင် နိုင်ငံတော် အစိုးရ၊ ပြည်သူ၊ တပ်မတော် တစ်ရပ် လုံးတို့၏ စည်းလုံး ညီညွတ်မှု အင်အားဖြင့် ပူးပေါင်း ပါဝင်ကြကာ မြန်မာ့ ခေတ်သစ် သမိုင်းမှတ်တမ်း တင်ကြမည် ဖြစ်ပေ သည်။ ။
( အယ်ဒီတာ့အာဘော် )
No comments:
Post a Comment