www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 24, 2014

အခွင့်အလမ်းကောင်းများကို ရယူ


အခွင့်အလမ်းကောင်းများကို ရယူ

လူတိုင်း လူတိုင်းသည် မိမိတို့၏ လူမှု စီးပွားဘဝ ရပ်တည် နေထိုင်ရေး အတွက် တိုးတက်ရာ တိုးတက်ကြောင်း အလုပ်အကိုင် အခွင့်အလမ်း ကောင်းများကို စောင့်မျှော် နေထိုင်ရင်း အခြေအနေ ကောင်းများ ပေးလာပါက အရယူတတ် ကြသည်။

အတတ်ပညာကို လိုသူများက အတတ်ပညာ ပေးမည့် အတတ် ပညာရှင် များအား ချဉ်းကပ် ကြရသည်။ စီးပွားရေး၊ ကျန်းမာရေး စသည့် အခြားသော တိုးတက်မှု ဆိုင်ရာ အလုပ်အကိုင် အခွင့် အလမ်းသစ် ရယူလို သူများက အခွင့်အလမ်း ကောင်း ရရှိမည့် နေရာများသို့ အဆက်အသွယ် ကောင်းများ ရှာ၍ သွားကြ ရသည်။ ထို့ပြင် ချမ်းသာခြင်းကို အလိုရှိ သူများက ချမ်းသာ နိုင်မည့် အကြောင်း တရားများကို ရှာဖွေကြ ရသည်။

လူတို့ အနေဖြင့် အဆိုပါ တန်ဖိုးရှိသော စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသော အလုပ်အကိုင် အခွင့် အလမ်းကောင်း အမျိုးမျိုးကို မျှော်လင့် တောင့်တ နေကြ ရသော်လည်း ရချင်မှ ရတတ် ကြသည်။ မမျှော်လင့် သော်လည်း ရတတ်၏။ အခွင့် အလမ်းကောင်း များသည် မျှော်လင့်ချက် ထား၍ ရတန် ကောင်းသော အရာ မဟုတ်ပေ။ အခွင့်အလမ်း ကို ရယူ နိုင်အောင် ကြိုးစား တတ်သူ များသာ အခွင့် အလမ်းကို ရရှိတတ် ကြသည်။ တစ်ဖန် အခွင့် အလမ်းကောင်း ရရှိရန် လုံ့လ၊ ဝီရိယ တည်းဟူသော ကြိုးစား အားထုတ်မှု ရှိရန်လည်း အထူး လိုအပ်သည်။ ဝီရိယ ထုတ်မှု အားကောင်းလျှင် အခွင့်အလမ်း ကောင်းများတွေ့ရမည် ဖြစ်သည်။ အခွင့်အလမ်း သည် ဝီရိယ သမားများ အတွက် အသင့်ရှိ နေပြီး ဖြစ်သည်။ အချို့ သူများသည် အခွင့် အလမ်းကောင်း မှန်း သိသော်လည်း လုံ့လ၊ ဝီရိယ မရှိသဖြင့် လွဲချော် တတ်သည်။

အခွင့်အလမ်း ဆိုသည့် ရှေ့တွင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တိုးတက်ရေး ဟူသော စကားရပ် ထည့်၍ သုံးလျှင် စီးပွားရေး အခွင့်အလမ်း၊ ပညာရေးအခွင့်အလမ်း၊ ကျန်းမာရေး အခွင့်အလမ်း၊ တိုးတက်ရေး အခွင့်အလမ်း စသည်ဖြင့် တန်ဖိုးရှိသော စကားရပ်များ ထွက်ပေါ် လာရသည်။ ထို့ကြောင့် အခွင့်အလမ်း ဟူသော စကားရပ်သည် အသုံး တွင်ကျယ် သလောက် တန်ဖိုးလည်း ရှိ၏။ တွန်းအား ကိုလည်း ဖြစ်စေသည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်း အနေဖြင့် အခွင့် အလမ်းကောင်း များကို အလိုရှိပါမူ အခွင့်အလမ်း ကို အမိအရ စွဲကိုင် တတ်သည့် အလေ့အကျင့်၊ အခွင့်အလမ်း များကို ချဉ်းကပ် တတ်သော ဉာဏ် အမြော်အမြင်၊ အခွင့်အလမ်း ကို ရယူ နိုင်မည့် လုံ့လ၊ ဝီရိယ စသည်တို့ကို ကြိုးစား မွေးမြူသင့် ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger