ဘကြီး စာဖတ်နေသည်
အားကစား ဂျာနယ်ထဲတွင် ပါသော အင်္ဂလိပ်စာ အသံထွက်များ ကို အသေအချာ ဖတ်နေသော ဘကြီး အသံကို မကြားတကြား ဖြစ်နေသဖြင့် ဘကြီး၏ အနားသို့ သွားပြီး နားထောင် ကြည့်မိသည်။ အားကစား သမားအမည်များ၊ နည်းပြ အမည်များ၊ အသံထွက် လိုက်သည်မှာ ကျွန်မတို့လို ပညာတတ် ဟု သတ်မှတ် ထားသည့် ဘွဲ့ရ တစ်ယောက်ပင် အံ့သြ ရသည်။ အမှန် တကယ် ဒီလို အသံထွက်မျိုး ဖတ်တတ်သည်မှာ ဘာများ အံ့သြစရာ ရှိလို့လည်း ဟု မေးစရာ ဖြစ်မည်။ မှန်ပါသည်။ အခြား လူတစ်ယောက် အတွက် အံ့သြစရာ ဖြစ်ချင်မှ ဖြစ်မည်။ ယခု ဘကြီးမှာကား ကျွန်မ တို့အခေါ် ရှေးခေတ် ခြောက်တန်း လောက်သာ အတန်းပညာ နေခဲ့ရသောသူ မဟုတ်ပါလား။ သက်ကြီး စကား သက်ငယ် ကြား၍ ထို ခြောက်တန်း ပညာ ဆိုသည်ကိုပင် ဗုံးဆန်အကြား ပြေးလွှားရင်း သင်ခဲ့ရသည် မဟုတ်ပါလား။
ယနေ့ခေတ် ပညာရေးနှင့် ဘွဲ့ရခဲ့သည့် ကျွန်မသည်ပင် တစ်ခါတလေ မြန်မာလို ရေးထားသည့် အင်္ဂလိပ် အသံထွက် ကိုပင် တည့်အောင် အသံမထွက်နိုင်။ ထွက်သည့် အသံကလည်း ဗိုလ်သံ မပေါက်။ ထို့ကြောင့် လေသံ အနိမ့်အမြင့် နှင့် အင်္ဂလိပ် အသံထွက် ကို ပီပြင်စွာ အသံထွက် ဖတ်နေသော ဘကြီးကို ကြည့်ပြီး အဘယ်မှာ မအံ့သြဘဲ နေမည်နည်း။ တစ်ခါတလေ ကျွန်မဖတ်သည့် ကွန်ပျူတာ ဂျာနယ်တွင် ပါသော အသံထွက်များ ကိုလည်း မှန်ကန်စွာ အသံထွက် နိုင်သည်။ ကျွန်မတို့ အသံထွက် အနိမ့်အမြင့် မမှန်လျှင်လည်း ဘယ်လို ထွက်ရင် နားထောင်လို့ ကောင်းတယ်ဟု ပြောပြတတ် သေးသည်။
ကျွန်မအမေသည် လေးတန်း ထိသာ ကျောင်းနေခဲ့ ရသော်လည်း ယနေ့ သူငယ်တန်း၊ တစ်တန်း ကလေးလောက် ကို အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား ဖြောင့်အောင် သင်နိုင်သည်။ တစ်ခါတလေ စိတ်တွက် (ဈေးတွက်) တွက်တာများ ကျွန်မတို့ ဂဏန်းပေါင်းစက် နှိပ်တာထက်ပင် မြန်သေးသည်။ ထောင်ဂဏန်း၊ သောင်းဂဏန်း ဆိုလျှင် ကျွန်မ ဂဏန်းပေါင်းစက် ရှာရပြီ။ အမေအနား မှာရှိလျှင် တွက်ပြီးနေပြီ။ သူငယ်တန်း ကလေး မြန်မာစာ ကိုပင် ကျွန်မ စာအုပ်ကြည့် ပြီးမှ လိုက်ဆို နိုင်သည်။ အမေကတော့ မြန်မာ ဖတ်စာအုပ်ထဲ ပါသည်များကို အကုန်နီးပါး သင်နိုင်သည်။ ကလေးနှင့် အပြိုင် ရွတ်နိုင်သည်။
ပညာတတ်ဟု သတ်မှတ် ခံရသော ကျွန်မတို့နှင့် ဘာများ ကွာခြား ပါသနည်း။ ခေတ်လား၊ စနစ်လား၊ လူလား၊ စဉ်းစားစရာ တွေနှင့် ပြည့်နေ ခဲ့ရသည်။ သူငယ်တန်း ကလေး တစ်ယောက် စာပြန်တာ ကြည့်ပေးပါ ဆိုသဖြင့် ကျွန်မ နားထောင် ပေးခဲ့ဖူးသည်။ '' သက်မဲ့အရာ ဝတ္ထုသုံးမျိုး ကို ဖော်ပြပါ'' ဟု မေးလိုက်သည်။ ကလေးက ''စာအုပ်၊ စားပွဲ'' ဟုပင် ရှေ့ဆက် မတက်တော့။ ကျွန်မက သိတဲ့ အရာတစ်ခု ဒါမှ မဟုတ် မြင်တဲ့ အရာတစ်ခု ဖြေလို့ ပြောတော့ ''စာအုပ်ထဲက အတိုင်း မဟုတ်ရင် အမှတ်မရဘူး'' ဟု ဖြေသည်။
ကျွန်မတို့လည်း တစ်ချိန်က ဒီလို ဖြေခဲ့ဖူး လိမ့်မည်။ ကျောင်းတက် တုန်းက အမှတ်နည်း မှာကို ကြောက်ပြီး အမှတ် ရရေးသာ တွေးကာ ပူပန် ဆင်းရဲခြင်း များနှင့် စာကို ကြည့်ခဲ့ ရသည်။ စာအုပ် အပြင်ဘက် ကို ထွက်တွေး ရမှာကို ကြောက်နေ ခဲ့သည်။ ယနေ့ မိဘများ ကလည်း အဆင့်တက်ရေး၊ အမှတ်များများ ရရေးကိုသာ အဓိကထား ကြသည်။ ဆရာများ ကလည်း ခေါက်ရိုးကျိုး နေသည့်အတိုင်း သင်သည်။ ''တတ်သိတဲ့ အတိုင်း မှန်ကန်စွာ စဉ်းစား တွေးခေါ် နိုင်ရေး'' ထက် ''သင်သည့် အတိုင်း လိုက်နာ ကျက်မှတ် ရေး'' ကိုသာ ဦးစားပေး ကြဟန် တူသည်။ အမှတ် လိုချင်သော ကလေးကလည်း အမှတ်နည်း မှာ ကြောက်သည်။
ဘကြီးတို့ ခေတ်တုန်းက ဆရာမ က အပင်သုံးမျိုး အရွက်တွေ ခူးလာခိုင်း တာကို မြင်ကြည့်ရင်း ကလေးတွေ နှင့် ဆရာမ ရင်းနှီး ချစ်ခင် နေမည့်ပုံတွေ၊ အရွက်ခူးဖို့ အတွက်လည်း မိဘတွေက ကူညီ ပေးရပုံတွေ မြင်ယောင် လာမိသည်။
ကျွန်မ ကြည့်လိုက်တော့ ဘကြီးစာဖတ် နေသည်။ ကျွန်မလည်း စာဖတ် ရဦးမည်။ ကျွန်မ မသိသော သင်ခန်းစာ တွေကိုလည်း အဘိဓာန် စာအုပ် အနားချကာ ဟန်ပါပါဖြင့် ဖတ်ရ ပေဦးမည်။
မဒါလေး
No comments:
Post a Comment