www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 20, 2014

အင်တာဗျူး


အင်တာဗျူး

ဒီနေ့ ဆိုင်အတွက် သတင်းစာ ထဲမှာ ကြော်ငြာ ထည့်ပြီး လူခေါ်တာ သုံးရက် မြောက်သောနေ့ ၊ နံနက် ၉ နာရီလောက် ဖုန်းတစ်ခု ဝင်လာ ပါတယ်။ စုံစမ်းတဲ့ ဖုန်းပါ။ ဘာစုံစမ်း တာလဲဆိုတော့ အလုပ် လာလျှောက် မလို့ နေရာလေး ပြောပေးပါတဲ့။

သေချာ ပါတယ်။ သူ သတင်းစာကို သေသေချာချာ မဖတ်ဘူး ဆိုတာ။ အလုပ်ခေါ်တယ် ဆိုတာနဲ့ အပျော်လွန် ပြီးပဲ လိပ်စာ ဆက်ဖတ်ရန် မေ့ခဲ့လေ သလား မသိ။ မွန်းလွဲ ၁ နာရီလောက် လူငယ် တစ်ယောက် ကျွန်မ အလုပ်ရှိရာကို ရောက်လာ ပါတယ်။ ဂျင်းဘောင်းဘီ အရှည် ၊ ရှပ်အင်္ကျီ အကွက်နဲ့ အိတ်ကို စလွယ်သိုင်း ထားပါတယ်။ လက်မှာ ဖုန်းကို ကိုင်လျက်။ ထားပါတော့။ လူငယ်ဆိုတော့ ယနေ့ခေတ် စတိုင်နဲ့ ကိုယ့် အလုပ်ကလဲ ဓာတ်ပုံဆိုင်နဲ့ ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်း ဆိုတော့ လူပုံစံနဲ့ စတိုင်က သိပ်တော့ အရေးမကြီး ဘူးပေါ့။

အင်တာစဗျူးမယ်...
အမည်...မောင်...
အသက်...၂၁
နေရပ်...အမှတ်
မျှော်မှန်းလစာ...၁၅ဝဝဝဝ

အခြား တတ်ကျွမ်းသည့် ပညာ ... Computer Basic, Advance, Photoshop, A+, English, Japanese ... အချက်အလက် တွေက လိုတာထက်ပင် ပိုနေသည်။ မျှော်မှန်း လစာက တစ်သိန်းခွဲ ဆိုတော့ စဉ်းစားစရာ ကျွန်မတို့ ဆိုင်မှာက အလုပ်စဝင် လျှင် ငွေကျပ် ၈ဝဝဝဝ မှ စပေးသည်။ သုံးလနေလျှင် အလုပ်နှင့် ကိုက်ညီသည့် မျှော်မှန်း လစာကို တိုးမြှင့် ပေးမည်။ သူက ဝင်ဝင်ချင်း တစ်သိန်းလောက် ရမှ အဆင်ပြေ မည်ဟု ပြောသည်။ သုံးလ ပြည့်လျှင် သူလိုချင်သော လစာ တိုးပေးမှာ သေချာလားတဲ့။ သူက ကျွန်မကို ပြန်ပြီး အင်တာဗျူး နေတာ ပါလား။ အရည်အချင်းနဲ့ ကိုက်ညီအောင် လုပ်နိုင်တယ်။ အလုပ်ရှင် ဘက်ကလဲ စိတ်ကျေနပ်မှု ရှိတယ်ဆိုရင်တော့ တိုးပေးကြောင်း ပြန်ဖြေ ပေးရတယ်။

တတ်ကျွမ်းသည့် ဘာသာရပ်များ ၊ လက်တွေ့ စစ်ဆေးရန် စတင်သည့် အခါတွင်တော့ သူက လုပ်ငန်း အတွေ့အကြုံ ၊ လက်တွေ့ လုပ်ကိုင် ဖူးခြင်း မရှိသေး ကြောင်းနှင့် ဒီဆိုင်မှာ အလုပ်သင် အနေဖြင့် လုပ်ချင်ကြောင်း ၊ သူ့အတွက် လိုအပ်သော လက်တွေ့ လေ့ကျင့်မှု များကို ကြိုးစား လေ့ကျင့်မည် ဖြစ်ကြောင်း ၊ နေပူထဲနဲ့ အပြင်သွား ရတဲ့ အလုပ် ကိုတော့ မလုပ် နိုင်ကြောင်း ၊ စာစီစာရိုက်လဲ တစ်လလောက် လေ့ကျင့် လိုက်လျှင် ရနိုင်ကြောင်း ပုံပြင်တာ ကိုတော့ ရက်အနည်း ငယ်လောက် ပြန်သင်ပေးလျှင် သူကောင်းကောင်း ပြင်နိုင်မည် ဖြစ်ကြောင်း ၊ အလုပ်သင် အနေနဲ့ လက်ခံမည် ဆိုရင် ဝင်ဝင်ချင်း လစာကို ငွေကျပ် ၈ဝဝဝဝ သာ ယူမည် ဖြစ်ကြောင်း ၊ ရေပက် မဝင်အောင် ပြောသွား ပါတယ်။ စကားပြော နေရင်းမှပင် သူ့ သူငယ်ချင်းများ ဖုန်းလှမ်းဆက် နေသဖြင့် သူ အင်တာဗျူး ဖြေနေကြောင်း ပြီးမှ လာမည့် အကြောင်းနှင့် မင်းတို့ ဘယ်ဆိုင်က စောင့်ဟု နာမည်ကြီး ဘီယာဆိုင် တစ်ဆိုင်၏ အမည် ကို ပြောပြီး ဖုန်းချ လိုက်ပါတယ်။ ပြီးမှ ကျွန်မကို ကြည့်ပြီး ကျွန်တော် ဘယ်နေ့လောက် အလုပ် စဆင်းရင် အဆင်ပြေ မလဲတဲ့။ ဖြစ်နိုင်ရင် မြန်မြန် ဆင်းချင် ပါတယ်တဲ့။ ကျွန်မလဲ အလုပ်ဆင်း ရမယ့်နေ့ကို ဖုန်းနဲ့ အကြောင်းပြန် ပေးပါမယ်။ ထုံးစံ အတိုင်းပဲ ပြောလိုက်ပါ တော့တယ်။ ပြီးပြီ ဆိုတာနဲ့ အသေအချာပင် နှုတ်မဆက် အားဘဲ ပြေးထွက် သွားပါ တော့တယ်။

အင်တာဗျူး အပြီးမှာတော့ ကျွန်မတို့ အလုပ်စဝင် တုန်းက အင်တာဗျူး ဖြေတာကို ပြေးပြီး သတိရမိ ပါသေးတယ်။ အင်တာဗျူး မည့်နေရာ နဲ့ အခြေအနေကို ကြိုတင် သွားကြည့် ရတာက တစ်မျိုး ၊ ပတ်ဝန်းကျင် အနေအထားကို စုံစမ်းရတာက တစ်ဖုံ ၊ အဝတ်အစားက အစ ဘယ်လို ဝတ်ရမလဲ ၊ အဆင်ပြေ ပါ့မလား ၊ ပူပင် ရတာကလဲ အလုပ်တစ်ခု ၊ မျှော်မှန်းလစာ ဆိုတာ စကားပင် မဟရဲခဲ့။ ပေးသလောက် နဲ့ ရအောင် လုပ်မယ် ဆိုသော စိတ်သာရှိခဲ့ပါတယ်။ ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ ပြောင်းလဲ လာသော ခေတ်ကြီး အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။ ဒါပေမဲ့ အရည်အချင်း များကိုလည်း ပွင့်လင်း မြင်သာ အောင်ထုတ်ပြ နိုင်ရန် ပြည့်စုံ လုံလောက်တဲ့ အနေအထားမျိုး တတ်ကျွမ်းသင့် သည်ဟု ထင်မိ ပါတယ်။ ပေးတဲ့သူက ပေးနေပါတယ်။ ယူတတ်ရန် လည်း လိုအပ်ပါတယ်။ အရည်အချင်း မရှိ၍ အလုပ်ရှာ မရ ဖြစ်တိုင်း ၊ လိုချင်သော လုပ်ခလစာ မရတိုင်း အပြစ်တင် ဝေဖန် နေမည့်အစား ကိုယ့်ကိုယ် ကိုယ်သာ ပြန်လည် ဆန်းစစ် စေလိုပါတယ်။

( မဒါလေး )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger