www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 6, 2013

ယာဉ်အန္တရာယ် ကင်းဝေးရေး ထိရောက်စွာ အရေးယူပေး


ယာဉ်အန္တရာယ် ကင်းဝေးရေး ထိရောက်စွာ အရေးယူပေး

အသိပညာ ပေးခြင်း ဆိုသည်မှာ လိုက်နာ ကျင့်သုံးရန် အတွက်ဖြစ်ပြီး အသိပညာ ပေးသူ အနေဖြင့် မိမိ ပေးလိုက်သည့် အသိပညာ များကို သက်ဆိုင်သူ များရ၏။ မရ၏။ လိုက်နာ၏။ မလိုက်နာ၏။ ထိရောက်၏။ မထိရောက်၏ ဆုံးခန်းတိုင် သိဖို့ လိုမည် ဖြစ်သည်။

ပေးသူက ပေးသော်လည်း ယူသူက မယူလျှင် မိမိတို့၏ ရည်မှန်းချက် မည်သို့မျှ ပေါက်ရောက်မှု မရှိသည့် အပြင် အချိန်ကုန် ၊ အပိုအလုပ် ဖြစ်ကာ မအောင်မြင် သော လုပ်ငန်း ဖြစ်ပေ လိမ့်မည်။ ဤသည်မှာ အများ ပြည်သူတို့ ကြုံတွေ့ နေရသော ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ၊ အသိပညာ ပေးမှုပင် ဖြစ်ပေသည်။

မည်သို့ပင် ဖြစ်စေ လုပ်ငန်းတစ်ခုေ အာင်မြင်မှု ၊ မအောင်မြင်မှု မှာ တစ်ဖက်ဖက် တွင် ချို့ယွင်းချက် ၊ အားနည်းချက် ရှိမည်မှာ အမှန်ပင် ဖြစ်သည်။ ဘေးအန္တရာယ် ကင်းရှင်းရေးကို အလိုရှိ ပါသည်ဟု သဘောပိုက် ပါသော်လည်း လိုက်နာမှု အားနည်း၍ လုပ်သလို မဖြစ်လျှင် ခုတ်ရာ တခြား ၊ ရှရာတခြား အလွဲလွဲ အချော်ချော် ဖြစ်နေမည် ဖြစ်သည်။

ပညာပေးမှု ဟူသည် နှုတ်မျှ ၊ စာမျှ အသိပေးရုံဖြင့် မပြီးတော့ဘဲ ထိထိ ရောက်ရောက် စစ်ဆေး ပညာပေးခြင်း ၊ အရေးယူခြင်း တို့ကို မဖြစ်မနေ လုပ်ကြ ရမည် ဖြစ်သည်။ ယာဉ်မောင်းသူ သည် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း တို့ကို သိရှိ နားလည် ထားပြီးဖြစ် ရမည်။ သို့သော် အလွယ်လုပ် ၊ အလစ်လုပ် တတ်ကြသဖြင့် မဖြစ်သင့် မဖြစ်ထိုက် ကြသော အဖြစ်မျိုးသို့ ရောက်ကြ ရသည်။

ယနေ့ လမ်းမများ ပေါ်တွင် ယာဉ်တိုက် မှုကြောင့် ထိခိုက် ဒဏ်ရာရ လူသေမှု များမှာ နေ့အချိန် ကာလထက် ညအချိန် ကာလများတွင် ဖြစ်ပွား တတ်ပြီး ပိုမို စိုးရိမ်ဖွယ်ရာ အန္တရာယ်များ နှင့် ကြုံကြ ရသည်။ ယာဉ်စည်းကမ်း ထိန်းသိမ်းသူ တို့မှာလည်း နေ့အချိန် တွင်သာ အရှိများပြီး ညအချိန် ရှိမှု နည်းသည်ကို တွေ့ရ ပေသည်။

လမ်းမကြီး များပေါ်တွင် မောင်းနှင် ကြသော အချို့ယာဉ်အို ၊ ယာဉ်ဟောင်း များနှင့် မော်တော် ဆိုင်ကယ်များ တွင် ရှေ့မီး ၊ နောက်မီး မစုံလင်ခြင်း ၊ ကားကြီးများတွင် ရောင်ပြန်ပြားများ မပါရှိခြင်း တို့ သာမက လမ်းစည်းကမ်း မလိုက်နာခြင်း တို့ကြောင့် ညအချိန်တွင် မဖြစ်သင့် ၊ မဖြစ်ထိုက် သည့် ယာဉ် မတော်တဆမှု များနှင့် ကြုံတွေ့ ကြရသည်။

ယခုကဲ့သို့ ဆောင်းရာသီ မြူနှင်းထူသော ကာလတွင် မော်တော်ယာဉ် များ၌ နှင်းခွဲမီးများ ပါရှိ သင့်ပေသည်။ သို့မှသာ ရှေ့ယာဉ်ကြော ကို ရှင်းလင်းစွာ မြင်နိုင်မည် ဖြစ်သည်။ သို့မဟုတ် ပါက ယာဉ်တစ်စီး နှင့်တစ်စီး အနီးကပ်မှ အမှတ်မထင် မြင်တွေ့ ကြလျှင် မဖြစ်သင့်သော ကြေကွဲဖွယ်ရာ အနိဋ္ဌာရုံ အဖြစ်ဆိုး များနှင့် ကြုံကြ ရသည်။

သို့ဖြစ်ရာ ယခုကဲ့သို့ ဆောင်းရာသီ ကာလ ခရီးဝေး လမ်းမကြီးများ ပေါ်တွင် အင်္ဂါမစုံ ၊ စည်းကမ်း မလိုက်နာသော မော်တော်ယာဉ် များနှင့် မော်တော် ဆိုင်ကယ် များကို ထိရောက်စွာ အရေးယူ ဆောင်ရွက် ခြင်းဖြင့် ယာဉ်အန္တရာယ် ကာကွယ်မှု များကို ဆောင်ရွက် ပေးသင့်ပါကြောင်း ရေးသား လိုက်ရ ပေသည်။  

(၆-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော်)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger