www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 23, 2013

သမိုင်းမော်ကွန်းတင်မည့် မြန်မာတို့၏ ဂုဏ်ဒြပ်


သမိုင်းမော်ကွန်းတင်မည့် မြန်မာတို့၏ ဂုဏ်ဒြပ်

အယ်ဒီတာ့အာဘော်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တွင် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ၍ အောင်မြင်စွာ ကျင်းပပြီးစီး သွားခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်း ၄၄ နှစ်ကြာမှ ယခုတစ်ကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ၍ ပြန်လည် ကျင်းပခွင့် ရခဲ့ခြင်းသည် ကမ္ဘာတွင် မြန်မာတို့ မျက်နှာ ပွင့်လန်း စေသည့် အခွင့်အလမ်း တစ်ရပ်အဖြစ် ရှုမြင်၍ ပြည်သူ အားလုံး ဝမ်းမြောက် ဝမ်းသာဖြင့် ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်း ကူညီ ဆောင်ရွက် ခဲ့ကြသည် မှာလည်း မြန်မာနိုင်ငံ နှင့် မြန်မာ နိုင်ငံသားတို့၏ လှပသောပုံရိပ်ကို ကမ္ဘာသို့ ပြသ နိုင်ခဲ့ခြင်း ဖြစ်သည်။

ဆီးဂိမ်း အားကစား ပြိုင်ပွဲကြီးတွင် အားကစားနည်း ၃၃ မျိုးကို နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး နှင့် ပုသိမ် (ငွေဆောင်) တို့၌ အသီးသီး ကျင်းပ ခဲ့ကြပြီး ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ
အားကစားကွင်း ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့သည်။

၂၀၀၉ ခုနှစ် လာအိုနိုင်ငံတွင် ကျင်းပခဲ့သော (၂၅) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၌ နိုင်ငံ အလိုက်တွင် မြန်မာနိုင်ငံ က အဆင့်(၈) ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်က အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပခဲ့သည့်  (၂၆) ကြိမ်မြောက်တွင် အဆင့်(၇)ရရှိခဲ့သည်။

အားကစား အဖွဲ့ချုပ်များ နှင့် အားကစား သမားများက အားကြိုး မာန်တက် လေ့ကျင့် ပြင်ဆင် ခဲ့ကြ သကဲ့သို့ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး ကလည်း အားကစား အောင်နိုင်ရေး အတွက် အဘက်ဘက်မှ ပံ့ပိုးကူညီ ဖြည့်ဆည်း ပေးခဲ့ခြင်းကြောင့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် (၈၆) ခု ၊ ငွေတံဆိပ် (၆၂) ခု ၊ ကြေးတံဆိပ် (၈၅) ခု ၊ စုစုပေါင်း ဆုတံဆိပ် (၂၃၃) ခု ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် (၂) ရရှိကာ မြန်မာ့ အားကစား အဆင့်အတန်း တိုးတက် လာခြင်းကို ပြသ နိုင်ခဲ့သည်။

၁၉၇၉ ခုနှစ်က အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပခဲ့သော (၁ဝ) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ပြေးခုန်ပစ် တစ်ခုတည်း မှာပင် မြန်မာတို့ ရွှေတံဆိပ် ၁၅ ခု ရရှိခဲ့ သော်လည်း (၂၆) ကြိမ်မြောက်တွင် ပြေးခုန်ပစ် အားကစားနည်း များမှ ရွှေလုံးဝ မရရှိခဲ့ခြင်း ကြောင့် ယခု (၂၇) ကြိမ်မြောက်တွင် ပြေးခုန်ပစ်မှ ရွှေတံဆိပ် ရရှိရေး အပြင်းအထန် ကြိုးစား ခဲ့ကြသည်။ ဒေသတွင်းတွင် ထိုင်း ၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ် တို့သည် အားကစား အင်အားကြီး နိုင်ငံများ ဖြစ်သည်။ မြန်မာနိုင်ငံ အားကစား ဝန်ကြီးဌာန သည် တိုင်းဒေသကြီး များနှင့် ပြည်နယ်များ ၌ ရှိနေသော ရွက်ပုန်းသီး အားကစား သမားများအား ဖော်ထုတ်၍ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာတို့ မျက်နှာပန်း လှရေး ကြိုးပမ်း အကောင် အထည်ဖော် ခဲ့သည်။ နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား ပြည်သူတို့ ကလည်း ဘက်စုံ ထောင့်စုံ မှ တစ်တပ်တစ်အား ပါဝင် အားပေး ခဲ့ကြသည်။

နိုင်ငံတော် အတွင်း တည်ငြိမ် အေးချမ်းမှု ၊ တိုင်းရင်းသား တို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ ၊ ဧည့်ဝတ် ကျေပွန်မှု ၊ စည်းကမ်း ရှိမှု နှင့် အားကစား ပြိုင်ပွဲများကို စနစ်တကျ လက်ခံ ကျင်းပ နိုင်ခဲ့ခြင်း တို့သည် မြန်မာပြည်သား တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး တို့၏ ဂုဏ်သိက္ခာ မြင့်မားမှုပင် ဖြစ်သည်။ မြန်မာ အားကစား သမားတို့ ရွှေဆုများ ရယူကာ နိုင်ငံတော် အလံကို အကြိမ်ကြိမ် လွှင့်ထူခဲ့ ကြသည်။ ကြည့်ရှု အားပေးသူ ပရိသတ် အပေါင်းတို့ က နိုင်ငံတော် သီချင်း ကို သံပြိုင် ဟစ်ကြွေး ခဲ့ကြပြီး လက်ခုပ် သြဘာသံ တညံညံ မစဲသည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးကား ပြီးဆုံး သွားသော်လည်း စိမ်းလန်း ကြည်ရွှင် ချစ်ခင်ခြင်း ဆိုသော ဆောင်ပုဒ် နှင့် မြန်မာပြည်သူ အပေါင်းတို့၏ ဂုဏ်ဒြပ် မှာမူ သမိုင်းမော်ကွန်းတွင် ၍ နှစ်ပေါင်း များစွာ ကျန်ခဲ့မည်သာ ဖြစ်ကြောင်း ဂုဏ်ပြု ရေးသား လိုက်ရပါသည်။ ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger