www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 26, 2013

လောဘကြောင့် ဖြစ်စေသော ဒုက္ခ


လောဘကြောင့် ဖြစ်စေသော ဒုက္ခ

လူသားတိုင်း အနေဖြင့် နေ့စဉ် ရုန်းကန် လှုပ်ရှား နေကြရသော လူမှုဘဝ အထွေထွေ တို့တွင် လောဘနှင့် မကင်းနိုင် ကြပေ။ လူတိုင်း လူတိုင်းတွင် လောဘ အနည်းနှင့် အများ ရှိတတ် ကြသည်။ အတန်အသင့် လောဘ ရှိခြင်းသည် မဆိုးရွား သော်လည်း လောဘကြီး ခြင်းသည် ဘေးဒုက္ခကို ဖြစ်စေ နိုင်သည်။

လူတို့ အနေဖြင့် အတန်အသင့် သော လောဘ ရှိကြရမည် ဖြစ်သော်လည်း လောဘ မကြီးဖို့ လိုသည်။ အတန်အသင့် လောဘ မရှိလျှင်လည်း လုံ့လပြု၍ ကြိုးစား အားထုတ် လုပ်သမျှ အကျိုးကို ခံစားရမည် မဟုတ်ပေ။ ကြိုးစား အားထုတ်မှု မရှိလျှင် ဘဝတွင် တိုးတက် အောင်မြင်မှုလည်း ရရှိမည် မဟုတ်ပေ။

ထို့ကြောင့် လောဘသည် တန်ရုံ သင့်ရုံ ရှိသင့်သည်။ ဤသည်ကား လောကီအရ ဆိုခြင်း ဖြစ်သည်။ လောကုတ္တရာ အရဆိုလျှင် လောဘ မရှိလျှင် ကောင်း၏။ သို့သော် ပုထုဇဉ် လူသားတို့ အဖို့ လောဘ အထိုက် အလျောက် ရှိကြမည် ဖြစ်သည်။ လောဘမကြီးဖို့ အရေးကြီးသည်။ လောဘကြီး လျှင် အန္တရာယ်ကို ဖြစ်စေသည်။

ဥပမာ အားဖြင့် လူတစ်ဦးသည် အစားအသောက် ကို လိုသည်ထက် ပိုစားမိလျှင် ခန္ဓာကိုယ် ဝမ်းဗိုက်ကြီးက လက်ခံ နိုင်သည့် အတိုင်းအတာ တစ်ခုထက် ပိုလာ သောကြောင့် အစာကို ကောင်းစွာ ကြေချက် နိုင်မည် မဟုတ်ပေ။ ဝမ်းဗိုက်သည် တန်ရုံ သင့်ရုံ စားမှသာ အစာ ကောင်းစွာ ကြေချက် နိုင်ပြီး အလွန်အကျွံ စားမိက အစာမကြေ ဘဲ နေမကောင်း ထိုင်မသာ ဖြစ်မည်။ ဤသည်မှာ လိုသည်ထက် ပိုစားမိသည့် အတွက် ကြုံတွေ့ ရသော ဒုက္ခဖြစ်သည်။

ဤ ပိုကဲသော လောဘကြောင့် ဖြစ်ရသည့် ဒုက္ခသည် ထိုမျှလောက်နှင့် မပြီးသေးပေ။ အစား လွန်ကဲခြင်း ကြောင့် ဝလာမည်။ ဝလာရာမှ အဝလွန်ကဲ လာပြီး အသည်း အဆီဖုံးခြင်း ၊ သွေးတိုးခြင်း ၊ နှလုံးရောဂါ ၊ ဆီးချို စသော ရောဂါများ ဖြစ်ပွား လာမည် ဖြစ်သည်။ ထို့ကြောင့် လောဘကြီး ခြင်းသည် ကောင်း၏ လော ၊ မကောင်း၏လော ဟု ဆင်ခြင် လိုက်နာသင့် ပေသည်။

သို့ဖြစ်ရာ လောဘသည် လူတိုင်း လူတိုင်းတွင် ရှိကြရမည် ဖြစ်သော်လည်း လောဘကြီး မှုကြောင့် ဖြစ်ပေါ် လာမည့် ဘေးအန္တရာယ် ဒုက္ခများ ဖြစ်စေ နိုင်သည်ကို သတိပြု ကြစေ လိုကြောင်း သတိပေး ရေးသား လိုက်ရပေသည်။

( ၂၆-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger