ဝေဖန် ဆန်းစစ် အဖြေရှာ
ဝေဖန်ရေး နှင့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး သည် ဖန်တစ်ရာတေ အောင် သုံးစွဲ နေသော စကားလုံး ဖြစ်၍ အရည်မရ အဖတ်မရ စကားဆိုရိုး ပမာ ဖြစ်နေ သော်လည်း ပြည်သူ့ဘဝ မြှင့်တင်ရေး ၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မရှိမဖြစ်သော ကျင့်စဉ် တစ်ရပ် ဖြစ်သည်။
ပြည်သူတို့၏ အကျိုးစီးပွား ကို ဆောင်းကြဉ်း ရာတွင် လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်း အဆင့်ဆင့် သည် လုပ်ငန်း တာဝန်များကို ထမ်းရွက် ကြသည်။ ထို လုပ်ငန်း တာဝန် တိုင်းသည် အောင်မြင်သည် ချည်းလည်း မဟုတ် ၊ မိမိတို့ ထမ်းရွက် စွမ်းဆောင် လိုက်သည့် လုပ်ငန်း တာဝန်တိုင်း အကျိုး တစ်စုံတစ်ရာ ပေါ်ထွက်သည် ဖြစ်၍ ပြည်သူတို့က ကြည်ဖြူ လက်ခံ ကြသည်ချည်း လည်း မဟုတ်ချေ။ ထိုနည်းတူ အပြစ်တင်သည် ချည်း မဟုတ်၍ ပြည်သူတို့က ရှုတ်ချသည် ချည်းလည်း မဟုတ်ပေ။
ထို့ကြောင့် ပြည်သူကို အလုပ်အကျွေး ပြုသူတိုင်းသည် မိမိတို့ လုပ်ငန်း ဆောင်တာ တိုင်းကို မှန်သည် မှားသည် ၊ ကောင်းသည် ဆိုးသည် ၊ တော်သည် ညံ့သည် ၊ အောင်မြင်သည် ကျရှုံးသည် စသည် စသည်တို့ကို အထပ်ထပ် ဝေဖန် ဆန်းစစ်ရန် လိုသည်။
ထိုသို့ ဝေဖန်ရာတွင် အမှားကို အမှန် ရောက်စေမည့် ဝေဖန်ရေး မဟုတ်လျှင် အပြုသဘော ဝေဖန်ရေး မဟုတ်ဟု ဆိုရပေမည်။ ဝေဖန်ရေး တွင် အခြားသူပေါ် ဝေဖန်ရေး နည်းတူ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး သည်လည်း အရေးကြီး ၍ ဒီမိုကရေစီ ကျင့်စဉ် တစ်ခုလည်း ဖြစ်ပေသည်။
သူတစ်ပါး ကိုလည်း ဝေဖန် တတ်သည်။ ကိုယ့်ကိုယ်ကိုယ် လည်း ဝေဖန် တတ်သည်။ သို့သော် သူတစ်ပါးက ကိုယ့်အပေါ် ဝေဖန်ခြင်းကို လက်မခံ တတ်လျှင် ဝေဖန်ရေး နတ်သုဒ္ဓါ သည် အဆိပ် ဖြစ်တတ် သည်ကို သတိမူ သင့်ပြီး ဒီမိုကရေစီ ကျင့်စဉ် ဖောက်ဖျက်ခြင်း ဖြစ်သည်ကို သိသင့်သည်။
မကြာမီက လျှပ်စစ် မီတာကြေး များ တိုးမြှင့် ကောက်ခံမှု နှင့် ပတ်သက်၍ ဆန္ဒပြုမှုများ ၊ လွှတ်တော်၌ ဆွေးနွေးမှုများ ပြုလုပ်ကြခြင်း သည် ပြည်သူနှင့် အစိုးရတို့ တစ်ဦး အပေါ် တစ်ဦး ဝေဖန်ကြခြင်း ဖြစ်ပြီး မိမိတို့၏ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ခြင်း ကိုလည်း ဆောင်ရွက် နေကြသည်။ လွှတ်တော်တွင် စဉ်းစား သုံးသပ် နေသကဲ့သို့ ပြည်သူတို့က စဉ်းစား သုံးသပ် နေကြသည်။
ထိုသို့ အပြုသဘော ဝေဖန် ဆန်းစစ် ကြရာတွင် ကိုယ်တိုင်လည်း စိတ်ဓာတ် မကျစေ ၊ သူတစ်ပါး လည်း ဒေါမနဿ ပွားစေ ၊ အချင်းချင်း လည်း ညီညွတ်ရေး သည် မလျော့ပါး စေသော နည်းလမ်းမျိုး ဖြစ်စေရန် ညှိနှိုင်း ဆွေးနွေး အဖြေရှာ ကြရမည် ဖြစ်သည်။ အဖြေမှန် ထွက်ပေါ်၍ အဖြူ အမည်း သဲကွဲလျှင်လည်း ညီညွတ် အေးချမ်းစွာ လက်ခံ ကျင့်သုံး သွားရန် လိုသည်။ ဤသည် ပင်လျှင် ဒီမိုကရေစီ၏ အနှစ်သာရ ဝေဖန် ဆန်းစစ်ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ အယူအဆ ၊ အထင်အမြင် ကွဲလွဲစရာ ပေါ်ပေါက် လာသည့်အခါ အပြန်အလှန် ဝေဖန် ဆန်းစစ်၍ အဖြေမှန် ပေါ်ပေါက် လာသည့်အခါ ဥပဒေ စည်းကမ်းများ နှင့်အညီ လိုက်နာ ကျင့်သုံး၍ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော အေးချမ်း သာယာသည့် ဒီမိုကရေစီ နိုင်ငံသစ် ကို ဖော်ဆောင် သွားကြရမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက် ရပေသည်။
( ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် ၊ ၁၃-၁၁-၂၀၁၃ )





No comments:
Post a Comment