www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 18, 2013

ဆင်ပေါင်ဝဲမြို့နယ် ဇောင်ချမ်းတောင် ရွာမှ ရွှေကျောင်းကြီး


ဆင်ပေါင်ဝဲမြို့နယ် ဇောင်ချမ်းတောင် ရွာမှ ရွှေကျောင်းကြီး

မကွေး လှမြင့်

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲ မြို့နယ် ဧရာဝတီမြစ် အနောက်ဘက် ကမ်းတွင် ရှိသော ဇောင်ချမ်းတောင် ရွာ၏ တောင်ဘက်၌ လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၅ နှစ်ခန့်က ဆောက်လုပ် လှူဒါန်းခဲ့သော  ရွှေကျောင်းကြီး မှာ ရှေးဟောင်း မြန်မာမှု ဗိသုကာ ပညာ လက်ရာ များကြောင့် ရေလမ်းမှ လာကြသော ကမ္ဘာလှည့် ခရီးသည်များ ခရီးတစ်ထောက် နားလျက် တက်ရောက် လေ့လာ ကြည့်ရှု ကြကြောင်း သိရသည်။

ကျောင်းဒကာ မှာ ဦးဖျန်း - ဒေါ်ဖွား မိသားစုတို့က ဆောက်လုပ် လှူဒါန်းသည့် မှန်စီ ရွှေချ ကျောင်းတော်ကြီး ဖြစ်သည်။ မြန်မာ သက္ကရာဇ် ၁၂၅ဝ ပြည့်နှစ်က ဆောက်ခဲ့ပြီး အကျယ်အဝန်း မှာ ၁ဝပင် ၊ လေးပင် ၊ နှစ်ဆောင်တွဲ ၊ ၁ဝ ပင် ၊ ခုနစ်ပင် ၊ ဖြစ်သည်။ တိုင် အသီးသီးတွင် ဇာတ်နိပါတ် ၊ အရုပ်ပန်းများ ၊ ကနုတ်ပန်း များဖြင့် သရုပ်ဖော်၍ မှန်စီ ၊ ကျောက်စီ ရွှေချထားသည်။

ကျောင်းတော် ကြီးသည် စုလစ်မွန်း ချွန်များ ၊ သစ်ပြောက် တန်ဆာ ၊ သစ်စေး ၊ ဟင်္သပဒါး မျက်ပါး ၊ ရွှေစင်တန်ဆာ တို့ဖြင့် လည်းကောင်း ၊ အတွင်းပိုင်း နေရာ အလပ် ရွှေမျက်ပါး တို့ဖြင့် လည်းကောင်း ၊ ပန်းဆယ်မျိုး အတတ်ပညာ ဖြင့် တန်ဆာဆင် ထားသည်ကို တွေ့ရသည်။ ကျောင်းကြီး ၏ အမိုး မျက်နှာကြက်များ အတွင်းနံရံများ ၊ ကျောင်းတိုင်များ ၊ စာတိုက် သေတ္တာများ ၊ စာပေထုပ် များကို ရွှေပိန်းချ ထားသည်။ ဗုဒ္ဓဘာသာ ထာဝရ တည်တံ့ နိုင်စေရန် အတွက် ကျောင်းတော်ကြီး ကို ရွှေဇ၀ါရေး ပန်းချီ ပန်းပု အဆင်တန်ဆာ တို့ဖြင့် မြင်ရသူ အပေါင်းကို ဖိတ်ခေါ်လျက် ရှိသည်။ ကြည့်ရှု ခံစား ရသူများ အံ့သြခြင်း ဖြစ်ရပြီး သာသနာတော် ၏ ဖြူစင် ကောင်းမြတ် သန္တိသုခ အအေးဓာတ် ကိုပါ ခံစား နိုင်အောင် တည်ဆောက် ထားခြင်း ဖြစ်သည်။ ဗုဒ္ဓ ရှင်တော်မြတ် သည် ဘုန်းတော် အနန္တ ၊ ကံတော် အနန္တ ၊ ဉာဏ်တော် အနန္တ ၊ စကြာဝဠာ အနန္တ ဖြန့်ကြက် တန်ခိုးတော် အနန္တ တို့ဖြင့် ပြည့်စုံ တော်မူခြင်းကို ရည်ညွှန်း ဖော်ပြ လျက်ရှိသည်။ ဆောက်လုပ် ထားသော ကျောင်းကြီးက မည်မျှပင် ခံညားသည် ဖြစ်စေ အတွင်း အဆင်တန်ဆာ ပြည့်စုံခြင်း မရှိပါက အသက်ဝင်ခြင်း မရှိနိုင်ကြောင်း ရှေးခေတ် ဗိသုကာ ပညာရှင် တစ်ဦး၏ စကားကို မှတ်သား ဖူးသည်။

ပေစာများနှင့် စာတိုက် သေတ္တာ များသည် ရွှေဇဝါရေး ပန်းချီများ သစ်စေးသရိုး ပန်းချီ တန်ဆာဆင် ထားခြင်းကြောင့် သမိုင်း တန်ဖိုးလည်း ကြီးမား လှပေသည်။ စာတိုက် သေတ္တာ များသည် ကျောင်းတော်ကြီး နှင့် တွဲဖက် ပါလာ ခဲ့သည်ဟု သိရပြီး ကုန်းဘောင်ခေတ် လက်ရာများ ဖြစ်ပြီး ဇာတ် နိပါတ်တော် များကို စာတိုက် သေတ္တာကြီး များပေါ်၌ တွေ့ရသည်။

နှစ်ပေါင်း ၁၂၅ နှစ် အတွင်း ဆရာတော် ခြောက်ဆက် ကျောင်းထိုင် ခဲ့သည်။ ဘဒ္ဒန္တဇာဂရ ၊ ဘဒ္ဒန္တ ကုမာရ ၊ ဘဒ္ဒန္တ ကုဝတ ၊ ဘဒ္ဒန္တ နေမိန္ဒ ၊ ဘဒ္ဒန္တ ၀ိလာသ ၊ ဘဒ္ဒန္တ ၀ိမလ တို့ဖြစ် ကြသည်။ ရွှေကျောင်းကြီး မှာ ဘုံခုနစ်ဆင့် ရှိပြီး ဘုံဆင့်တိုင်း ၌ ပြာသာဒ်ပေါက် များ ဖောက်ထားသည်။ မြေပြင်မှာ ပြာသာဒ် အဆုံးထိ ၂၄ တောင် မြင့်သည်။ ကျောင်း ဒါယကာ ၊ ဒါယိကာမ တို့သည် ဉာဏ်တော် ၂၇ တောင် မြင့်သည့် ဆုတောင်းပြည့် လေးမျက်နှာ မင်္ဂလာ ရွှေစေတီတော် နှင့် ဆုတောင်းပြည့် ဘုရားကို ကျောင်းအ၀၌ တည်ထား ခဲ့သည်။


ယခုအခါ ကမ္ဘာလှည့် ဧည့်သည် များသည် ဧရာဝတီမြစ် အစုန် အဆန် သွားကြရင်း ဆင်ပေါင်ဝဲ မြို့နယ် ဇောင်ချမ်းတောင် ကျေးရွာရှိ ရွှေကျောင်းကြီး ကို လေ့လာ ကြည့်ရှုကြရာ နိုင်ငံခြားသား အချို့က " အခုမှ ရွှေချ ထားတာလား .. " ဟု မေးမြန်း ကြကြောင်း ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဝိမလ က မြွက်ကြား တော်မူသည်။ သမိုင်းတန်ဖိုး ကြီးမားလှသော ဤ ရွှေကျောင်းကြီး နှင့် ပတ်သက်၍ လာရောက် လေ့လာ ကြသော ကမ္ဘာလှည့် ခရီးသည် များက မြန်မာတို့၏ အမျိုးသား ယဉ်ကျေးမှု ဗိသုကာ အတတ်ပညာ များသည် ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ကြောင်း ဂုဏ်ပြု ရေးသားခဲ့ ပုံများကို ဧည့်မှတ်တမ်း များတွင် ဖော်ပြ ထားကြောင်း တွေ့ရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger