www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 24, 2013

ပုဂံသူ ပုဂံသား တို့၏ ဘာသာရေး အသိအမြင် နှင့် အလှူဒါန ကုသိုလ် အဆင့်အတန်း မြင့်မား



ပုဂံသူ ပုဂံသား တို့၏ ဘာသာရေး အသိအမြင် နှင့် အလှူဒါန ကုသိုလ် အဆင့်အတန်း မြင့်မား

နေဦးမောင်(ပခုက္ကူ)

ပုဂံသူ ပုဂံသား တို့၏ ကိုးကွယ် ယုံကြည်မှု ဓလေ့ထုံးစံ များနှင့် အနုပညာ ဗိသုကာလက်ရာ တို့သည် ယနေ့တိုင် ကမ္ဘာက တအံ့တသြ လေးစား ဂုဏ်ပြု ကြရသည်။ ပုဂံသူ ပုဂံသားတို့သည် နှောင်းလူတို့ သိရှိစေရန် ကျောက်စာချပ်များ ရေးထိုး မှတ်တမ်းတင် ခဲ့ကြသည်။

ထိုကျောက်စာများ အနက် မှတ်သား လေးစားဖွယ် ကောင်းသော ကျောက်စာတစ်ချပ် ကို တင်ပြလို ပါသည်။ ထိုကျောက်စာ အလှူရှင်မှာ မင်းနန္တသူ အမတ်ကြီး ဇနီးမောင်နှံ ဖြစ်သည်။ ပုဂံမြို့သစ်မှ အရှေ့ဘက်သို့ ကတ္တရာလမ်း အတိုင်း သွားလျှင် လက်ဝဲဘက်သို့ ချိုးဝင် လိုက်ပါက မင်းနန္တသူရွာ သို့ရောက်သည်။ ရွာ၏ မြောက်ဘက်တွင် အမတ်ကြီး ဇနီးမောင်နှံ လှူဒါန်းခဲ့သော သာသနိက အဆောက်အအုံ များကို တွေ့မြင် နိုင်သည်။ အမတ်ကြီးသည် သူ၏ အလှူကောင်းမှု အကြောင်းများကို ကျောက်စာများ ရေးထိုးခဲ့သည်။ ကျောက်စာတိုင် နှစ်တိုင်တွင် လေးမျက်နှာစီ ရေးခဲ့သည်။ ဘုရားကိုလည်း " လေးမျက်နှာဘုရား " ဟု ခေါ်ဆို ကြသည်။

အခြား ကျောက်စာတိုင် တစ်ခုတွင် နှစ်မျက်နှာ ရေးထိုး ခဲ့သည်။ စုစုပေါင်း စာကြောင်းရေ (၅ဝဝ) ခန့်ရှိသည်။ အမတ်ကြီးသည် (အေဒီ-၁၂၂၃) နန်းတောင်းများမင်း ၏ အမတ်ကြီး ဖြစ်သည်။ ဘုရင် ၏ နှမတော်နှင့် လက်ထပ် ခဲ့သည်။ ကျောက်စာတွင် ကောင်းမှု၏ ရည်ရွယ်ချက် ကို ရေးသားရာတွင် '' မင်းကြီးစသော မင်းညီမင်းသား ၊ မင်းသမီး ၊ မင်းနှမ ခပ်သိမ်း ၊ မိဖုရား စသော မောင်းမတော် ခပ်သိမ်း အမတျာ စသော ဗိုလ်ပါ ခပ်သိမ်း ၊ အောက်အဝီစိ စသော အထက် ဘဝဂ်တိုင်အောင် အတို့ စကြာဝဠာ ၌ နေသော လူ နတ် သတ္တဝါ ခပ်သိမ်း တို့ကိုအကြွင်းမဲ့ သဖြင့် သံသရာ ဆင်းရဲမှ ထွက်မြောက်၍ ဆင်းရဲမဲ့သော နိဗ္ဗာန် ရွှေပြည်သို့ ရောက်စေ ချင်သောကြောင့်  . . . . '' ဟုလူအများကို အမျှဝေ လှူဒါန်းကြောင်း ဖော်ပြသည်။ '' သံသရာ ဆင်းရဲ '' နှင့် '' ဆင်းရဲမဲ့သော နိဗ္ဗာန်ပြည် '' ဟုသံသရာ နှင့် နိဗ္ဗာန်ကို တိုတိုဖြင့် အဓိပ္ပာယ် ဖွင့်ဆို နိုင်ခဲ့သည်မှာ လေးစားဖွယ် ကောင်းလှသည်။ သူ့ကိုယ်သူ လည်း ငါသည် သိစပ်မြင်နှံ့သော သဗ္ဗညုတ ဉာဏ်ဘုရားဆု ကို လိုချင် သောကြောင့် ဟုတိုတို အဓိပ္ပာယ် ဖွင့်ဆိုခဲ့ သည်မှာ ယခုခေတ် လူတို့ အတုယူ နိုင်သည်။ တစ်နေရာ တည်း၌ လှူသော အလှူတို့ ကလည်း အမျိုးစုံ လှသည်။

ရေကန် ၊ ရေတွင်း ၊ ဥယျာဉ် ၊ ထန်းပင် ၊ ခေါင်းလောင်း ၊ တံတိုင်းနှစ်ထပ် ဂူဘုရား ၊ ကျောင်းဇရပ် ၊ တရားဟော ပလ္လင် ၊ တန်ဆောင်း ၊ ကျွန် ၊ ကပ္ပိယ ကုဋီ မှအစ လိုလေသေး မရှိ လှူဒါန်း ကုသိုလ်ယူ ခဲ့သည်။ အရိယာ သံဃာ မြတ်တို့ ချမ်းသာစိမ့် သောငှာ အုတ်အတိ ဖွဲ့သော ရေကန်လည်း တူး၏။ ရေတွင်းလည်း တူး၏။ ရေကန်ကိုလည်း ကန်ကြီး နှစ်ဆင့် နှင့်တူးသည်။ အမတ်ကြီး၏ အုတ်ရေကန် ကြီးမှာ (၁၅ဝx၂ဝဝ) ပေမျှကျယ်၏။ တုရွင်းတောင်မှ စီးဆင်း လာသောရေ တို့ကို ရေစစ်ကန် နှစ်ကန်ဖြင့် သောက်ရေကန် အတွင်းသို့ စီးဝင်စေ၏။ သောက်ရေကန် အောက်ခြေ၌ ရေသန့်စင် စေရန် ကြေးနီပြားများ ကို ခင်းထား ခဲ့သည်။


ပုဂံခေတ် ကပင် ရေသန့်စနစ် ပြုမူပုံမှာ အဆင့်မြင့် လှသည်။ အမတ်ကြီး၏ လှူပုံ လှူနည်း စနစ်ကျ လှသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ၏ အနှစ်သာရကို ပေါ်လွင် စေသည်။ ပုဂံသူ ပုဂံသားတို့၏ ဘာသာရေး အသိအမြင်မှာ ယနေ့ခေတ် လူသားများထက် မနိမ့်ကျဘဲ အဆင့်အတန်း မြင့်လှသည်ကို ရေးသား တင်ပြလိုက် ရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger