www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 22, 2013

မဖဲ့တိမ်းစောင်း ကိုယ့်လမ်းကြောင်းကို

မဖဲ့တိမ်းစောင်း ကိုယ့်လမ်းကြောင်းကို

အယ်ဒီတာ့အာဘော်
( ၂၂-၁၀-၂၀၁၃ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ တာဝန်ယူ ခဲ့သည့် လပေါင်း ၃ဝ ကာလအတွင်း ပြစ်ဒဏ် ကျခံနေ ရသော အကျဉ်းသား များအား ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခြင်း များအား နိုင်ငံတော် သမ္မတ က ဆောင်ရွက် ပေးခဲ့ခြင်းကြောင့် အကျဉ်းထောင် အသီးသီးမှ လွတ်မြောက် လာသူ နှစ်သောင်းခန့် ရှိသွားပြီ ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ပုဒ်မ ၆၅ အရ နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ ကတိသစ္စာ ပြုရာ၌ '' ကျွန်ုပ်...သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နှင့် နိုင်ငံသား များအပေါ် သစ္စာစောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး ၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက် ပါမည်။ ကျွန်ုပ်သည် ဤ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်သိ လိုက်နာ ရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာ ကျင့်သုံး ဆောင်ရွက် ပါမည်။ မိမိ၏ တာဝန်ဝတ္တရား များကို ဖြောင့်မတ် မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက် ပါမည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တွင် တရားမျှတခြင်း ၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်း တည်းဟူသော လောကပါလ တရားများ ပိုမို ထွန်းကားရေး အတွက် ဆောင်ရွက် ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏ အသက်နှင့် ကိုယ်ကို အပ်နှင်းသည် ဟု လေးနက် တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာ ပြုသည်'' ဟူ၍ ကတိသစ္စာ ပြုထား သူများ ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈)ပုဒ်မ ၂ဝ၄ တွင် နိုင်ငံတော် သမ္မတ သည် (က) ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့် ရှိသည်ဟူ၍ လည်းကောင်း ၊ (ခ) အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက် နှင့်အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပိုင်ခွင့် ရှိသည် ဟူ၍ လည်းကောင်း အသီးသီး ပြဋ္ဌာန်း ထားသည်။ နိုင်ငံတော် သမ္မတ သည် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုရာတွင် နိုင်ငံတော်သစ် တည်ဆောက်ရေး အတွက် စိတ်သစ် လူသစ်ဖြင့် အားလုံး ပါဝင် နိုင်ကြစေရန် ဆိုသော ရည်ရွယ်ချက် ကို အတိအလင်း ဖော်ပြထားပြီး  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ကျွန်ုပ် လက်မှတ် ရေးထိုးသည် ဟူ၍ အထင်အရှား ရည်ညွှန်း ထားသည်။

ဤသို့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခြင်းနှင့် စပ်လျဉ်း၍ အဘယ်ကြောင့် မကြာခဏ လွှတ်ပေး နေရသနည်း ဟူ၍ ...နိုင်ငံခြားသား လူမှုစီးပွားရေး လေ့လာသူ တစ်ဦးက မေးခွန်းထုတ် ၍ ဒုစရိုက် သမားများသည် အာဏာပိုင် တို့အတွက် ပြဿနာဟု မယူဆ၍ သော်လည်းကောင်း ၊ တစ်နည်း အားဖြင့် ယင်းအာဏာပိုင် တို့၏ မိသားစုဝင် များအတွက် အန္တရာယ် မရှိသော သူများ ၊ မိမိတို့၏ လုံခြုံရေး အပြည့်ဖြင့် နေနိုင်သူများ ၊ တစ်ဖန် ယင်းဒုစရိုက် သမားများကို လိုသလို သုံးနိုင်ရန် ဖြစ်နိုင်၍ သော်လည်းကောင်း ဖြစ်မည်ဟု ၄င်း၏ ထင်မြင်ချက်ကို ပြောသွားသည် ဟု ဆိုသည်။

နိုင်ငံတော် သမ္မတ က ၂ဝ၁၁ ခုနှစ်တွင် ပထမအကြိမ် လွတ်ငြိမ်းခွင့် ပြုသည့် ကြေညာချက်၌ မည်သည့် ဖိအားပေးမှုမျှ မပါကြောင်း ဖော်ပြထား သလို ဆက်လက်၍ လွတ်ငြိမ်းခွင့် ပြုရာတွင်လည်း အကျဉ်းသားများ စိစစ်ရေး အဖွဲ့က စိစစ်ပြီးမှ တင်ပြသော အမည်စာရင်း အရ လွတ်ငြိမ်းခွင့်ပြု ခဲ့ခြင်း ဖြစ်သည်။ ခေတ်အဆက်ဆက် နိုင်ငံတော် အစိုးရက လွတ်ငြိမ်းခွင့်ပြု ရာတွင် နိုင်ငံတော် သမ္မတ စဝ်ရွှေသိုက်က ဗမာပြည် ကွန်မြူနစ် ပါတီမှ ဗိုလ်မှူး ချစ်ကောင်း အား သေဒဏ်မှ ပယ်ဖျက် ပေးခဲ့သည့် တစ်ဦးတည်း သီးသန့် ကိစ္စသာ ရှိခဲ့ဖူးသည်။ သမ္မတကြီး စဝ်ရွှေ သိုက် နှင့် ဗိုလ်မှူး ချစ်ကောင်း တို့သည် ဗြိတိသျှ အမှတ်(၁၃၆) လေကြောင်းချီ တပ်တွင် အထူးတာဝန် ထမ်းဆောင် ခဲ့ကြသူများ ဖြစ်ပြီး ဖက်ဆစ် တော်လှန်ရေး ဆင်နွှဲနေသော ဗမာ့ တပ်မတော်အား လေကြောင်းမှ အကူအညီ ပေးခဲ့ ဖူးကြောင်း သိရသည်။

ယနေ့ နိုင်ငံတော်သစ် တည်ဆောက်ရေး နှင့် လောကပါလ တရားများ ထွန်းကားရေး တို့ကို ရှေးရှု၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု ခြင်းသည် နိုင်ငံခြားသား လူမှုစီးပွား လေ့လာသူ တစ်ဦးဆိုသူ ၏ ထင်မြင်ချက် နှင့် ဆန့်ကျင်ဘက် ဖြစ်ကြောင်း တွေ့ရသည်။


သို့ဖြစ်၍ မြန်မာနိုင်ငံ အကြောင်း မြန်မာတို့သာ အသိဆုံး ဖြစ်ခြင်းကြောင့် '' အများအကျိုး ၊ ရွက်သည်ပိုးက ၊ ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း ၊ မဖဲ့တိမ်းစောင်း ၊ ကိုယ့်လမ်းကြောင်း ကို ၊ စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့ '' ဆိုသော ပညာရှိများ စကားကို မြန်မာ ပြည်သူ အပေါင်းတို့က အလေးအမြတ် ပြုကြရမည် ဖြစ်ပေသည်။  ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger