www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 21, 2013

ကျေးလက် သမ၀ါယမ ဖွံ့ဖြိုးရေးမှ လုပ်ငန်းစဉ် အားလုံး လွှမ်းခြုံရေး

ကျေးလက် သမ၀ါယမ ဖွံ့ဖြိုးရေးမှ လုပ်ငန်းစဉ် အားလုံး လွှမ်းခြုံရေး

အယ်ဒီတာ့အာဘော်
(၂၁-၁၀-၂၀၁၃)

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် မြန်မာ့ ကုန်သွယ်မှုဘဏ် နှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ပို့ကုန်သွင်း ကုန်ဘဏ် တို့အကြား မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အသေးစား ငွေရေး ကြေးရေး လုပ်ငန်းများ ချေးငွေ အမေရိကန် ဒေါ်လာသန်း ၁ဝဝ သဘော တူညီချက် လက်မှတ် ရေးထိုးပွဲ အခမ်းအနား ကို နေပြည်တော် ဟိုတယ်ဇုန်ရှိ မြတ်တော်ဝင် ဟိုတယ်၌ အောက်တိုဘာ ၁၈ ရက်တွင် ကျင်းပခဲ့သည်။ ချေးငွေရယူ နိုင်ရေး သဘော တူညီချက် အောင်မြင်စွာ လက်မှတ် ရေးထိုး နိုင်ခြင်းကြောင့် ကျေးလက်ဒေသရှိ သမဝါယမ အသင်းသား တောင်သူ လယ်သမား များ၏ လူမှုစီးပွား ဘဝ တိုးတက် မြင့်မားရေး အထောက်အကူ ရရှိ လာနိုင်မည် ဖြစ်သည်။

မြန်မာ ပြည်သူ တို့သည် ပူးပေါင်း ဆောင်ရွက်ခြင်း သမဝါယမ စိတ်ဓာတ် အခြေခံ ရှိခဲ့သူများ ဖြစ်သည်။ ၁၉ဝ၄ ခုနှစ်က ဖွဲ့စည်း ခဲ့သော မြင်းမူမြို့ ငွေစုငွေချေး သမဝါယမ အသင်းသည် မြန်မာနိုင်ငံ ၏ သမဝါယမ လုပ်ငန်းအစ ပင် ဖြစ်သည်။ ထို့နောက် ၁၉ဝ၉ ခုနှစ်တွင် ပခုက္ကူမြို့၌ သမဝါယမဘဏ် ၊ ၁၉၁ဝ ပြည့်နှစ်တွင် မန္တလေးမြို့၌ အထက် မြန်မာပြည် သမဝါယမဘဏ် ၊ ၁၉၁၂ ခုနှစ်တွင် ပဲခူးမြို့၌ တတိယ မြောက်ဘဏ် တို့ကို အသီးသီး တည်ထောင် ခဲ့ကြသည်။

၁၉၂ဝ-၁၉၃ဝ ပြည့်နှစ်များတွင် သမဝါယမ အသင်းများ ဖွဲ့စည်းရေး အတွက် ပြဇာတ် စာပေ ရေးသား လှုံ့ဆော်ခဲ့ ကြရာ '' မယ်သမနှင့်မောင်ဝါယမ '' ဆိုသော ပြဇာတ်စာပေ တစ်ပုဒ် ရှိခဲ့သည်။ မအူပင်မြို့မှ အမြတ်ကြီးစား သူဌေး ဦးလောဘ ထံတွင် သူရင်းငှား လုပ်နေသော အညာသား ကလေး မောင်ဝါယမ သည် သမဝါယမ မြို့အုပ်နှင့် တွေ့၍ ငွေစုငွေချေး လုပ်ငန်းကို စိတ်ဝင်စား ရာမှ အသင်း အမှုဆောင် ဖြစ်လာ ပြီးနောက် ဦးလောဘ ၏ သမီးမယ် သမနှင့် ဖူးစာဆုံ သွားသည်။ သိကြားမင်း က နတ်သဘင် အစည်းအဝေး ခေါ်ပြီး မအူပင် အနီးတစ်ဝိုက် မှ နတ်တို့နှင့် တိုင်ပင် ၍ ငွေစုငွေချေး အသင်းများ တည်ထောင်ရန် ၊ လှုံ့ဆော်ရန် ဆုံးဖြတ် ကြပုံတို့ကို ပြဇာတ်ပုံစံဖြင့် ရေးဖွဲ့ ထားသည်။

၁၉၃ဝ ပြည့်နှစ်တွင် ကျေးလက် ပြုပြင်ရေး ပြဇာတ်စာပေ တစ်ပုဒ်ကို စိုက်ပျိုးရေး အရာရှိ ဦးထွန်းလှ က  ရေးသား ခဲ့ရာ ပြဇာတ် အမည်မှာ ''တာဝတိံသာ'' ဖြစ်ပြီး မလှိုင်မြို့ရှိ စိုက်ပျိုးရေး ကျောင်းသားများ စင်တင် ကပြရန် ရေးသား ခဲ့ခြင်း ဖြစ်သည်။ တာဝတိံသာ ရွာသား စိုက်ပျိုးရေး ကျောင်းဆင်း မောင်ရိုးနှင့် ပွဲစားကြီး သမီး မမြတို့ ချစ်သူနှစ်ဦး ၏ လုံ့လကြောင့် စိုက်ပျိုးရေး ၊ မွေးမြူရေး ဖွံ့ဖြိုးပြီး တာဝတိံသာ ကဲ့သို့ သာယာသော ရွာကြီး ဖြစ်လာပုံကို ရေးဖွဲ့ထား သည်။ ကျေးလက် ဖွံ့ဖြိုးရေးကို သိပ္ပံနည်းကျ ခေတ်မီ စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းများ ဖြင့်သာ ဆောင်ရွက် နိုင်ကြောင်း သရုပ်ဖော် ထားသည်။

လွတ်လပ်ရေး ရပြီး နောက်ပိုင်း မြန်မာနိုင်ငံ တွင် သမဝါယမ အသင်းများ ဆက်လက် ရပ်တည်လျက် ရှိရာ ၁၉၉၂ ခုနှစ်တွင် ဈေးကွက် စီးပွားရေး စနစ်နှင့် အံဝင်ခွင်ကျ သော သမဝါယမ အတွက် အက်ဥပဒေကို ပြဋ္ဌာန်း ပေးခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ တွင် ဖွဲ့စည်း ထားသော ဗဟို သမဝါယမ အသင်းသည်  အပြည်ပြည် ဆိုင်ရာ သမဝါယမ အဖွဲ့ချုပ်၏ အဖွဲ့အဖြစ် ၁၉၉၃ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် ဝင်ရောက် ခဲ့ပြီး ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေး အင်အားစုကြီး လေးရပ် ဖြစ်သော လယ်ယာကဏ္ဍ ၊ စက်မှုလက်မှု ကဏ္ဍ ၊ ငွေရေးကြေးရေး ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍ အသီးသီးတွင် သမဝါယမ အသင်းများ တစ်တပ်တစ်အား ပါဝင် ဆောင်ရွက် ခဲ့ကြသည့် အတွေ့အကြုံ များ ရှိခဲ့ပြီး ဖြစ်သည်။


သို့ဖြစ်၍ နိုင်ငံတော် အစိုးရက ဆောင်ရွက် နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် (၈)ရပ်မှ ကျေးလက် သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ ရရှိသော ချေးငွေများဖြင့် ဆောင်ရွက်၍ အခြား လုပ်ငန်းစဉ် (၇) ရပ်ကိုလည်း လွှမ်းခြုံ စေမည့် အစီအမံ များဖြင့် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း။  ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger