www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 29, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်

၁။ ကချင်ပြည်နယ် တွင် ဖြစ်ပွားလျက် ရှိသော လက်နက်ကိုင် ပဋိပက္ခ များနှင့် စပ်လျဉ်း၍ ပြည် တွင်း ပြည်ပမှ အဖွဲ့အစည်း အချို့ ၊ သံရုံး အချို့ နှင့် စာနယ်ဇင်း အချို့ တို့မှ မမှန်မကန် သတင်း များ နှင့် အစိုးရ နှင့် တပ်မတော် အပေါ် ပြည်သူ လူထု အထင် အမြင် လွှဲမှား စေမည့် သတင်းနှင့် ကြေညာ ချက် များ ထုတ်ပြန်ခဲ့ပါသည်။

၂။ အဆိုပါ သတင်းနှင့် ကြေညာချက် တို့တွင် မြန်မာ့ တပ်မတော် သည် KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာအနီး ၀န်းကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ် ဆင်နေကြောင်း သတင်းများ ကိုသာ တစ်ဖက်သတ် ဇောင်းပေး၍ ဖော်ပြ နေပါသည်။ တရားဝင် မီဒီယာ များတွင် KIA ဘက်မှ အကြမ်းဖက် တိုက်ခိုက်မှု များနှင့် အပြစ်မဲ့ ပြည်သူ များ၏ အသက် အိုးအိမ် ဖျက်ဆီးမှုများ ၊ ဖမ်းဆီး ခေါ်ဆောင်မှုများ ၊ စစ်ရေး နှင့် မဆိုင်သော အရပ်ဘက် လမ်း တံတား များစွာကို ဖျက်ဆီး ခဲ့မှု သတင်းများ ထုတ်ပြန် ထားပါလျက် ယင်း အဖြစ်မှန် သတင်းများကို မျက်ကွယ်ပြု ပြီး မမှန်မကန် သတင်းများ ကိုသာ ဖော်ပြ နေကြောင်း တွေ့ရှိ ရပါသည်။ ယင်းသို့ တစ်ဖက် စောင်းနင်း ဖော်ပြချက် များသည် အများပြည်သူ နှင့် နိုင်ငံတကာ၏ အထင်အမြင် လွဲမှား မှုများ ဖြစ်ပေါ် စေနိုင် ပါသည်။

၃။ နိုင်ငံတော် အစိုးရသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကို ဦးထိပ် ထားလျက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ် အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး သဘောတူညီ မှုများ ရရှိ နိုင်ရေး အတွက် စေတနာမှန် ဖြင့် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ KIO/ KIA အဖွဲ့မှ လွဲ၍ ကျန် အဖွဲ့များ နှင့် ငြိမ်းချမ်းရေး သဘော တူညီမှုများ အဆင့်ဆင့် ရရှိထားပြီး ဖြစ်ပါသည်။ ယင်းတို့ သဘော တူညီမှုများ ရရှိနိုင်ရန် တပ်မတော် သည် အစိုးရနှင့် ထပ်တူ ငြိမ်းချမ်းရေးကို လိုလားစွာဖြင့် လိုက်ပါ ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။

၎။ KIA လက်နက်ကိုင် အဖွဲ့သည် တာပိန် ရေအား လျှပ်စစ် စီမံကိန်း လုံခြုံရေး တာဝန် ထမ်းဆောင် နေသော တပ်မတော် အရာရှိ ၂ ဦးနှင့် စစ်သည် တစ်ဦး တို့အား အကြောင်းမဲ့ ဖမ်းဆီး သွားခဲ့ရာ ၄င်း ကိစ္စ ဖြေရှင်းရန် သွားရောက် ခဲ့သည့် တပ်မတော်မှ အခြေချ စစ်ဗျူဟာမှူး ဦးစီး အဖွဲ့အား စောင့်ကြို တိုက်ခိုက်ခြင်းဖြင့် ပြဿနာ များကို စတင် ဖန်တီး ခဲ့ခြင်း ဖြစ်ပါသည်။

၏၅။ ကချင်ပြည်နယ် အတွင်း ခုခံ ကာကွယ်ရုံ မှအပ ထိုးစစ်ဆင် ခြင်းများ မပြုလုပ်ရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြား ခဲ့သည့် အချိန်မှစ၍ တပ်မတော် အနေဖြင့် တိကျစွာ လိုက်နာ ခဲ့ပါသည်။ KIA တို့သည် တပ်မတော်၏ ခုခံ ကာကွယ်ရုံသာ ဆောင်ရွက် နေမှုအပေါ် အခွင့်အရေး ယူ၍ မိမိ တပ်စခန်း များအား လာရောက် နှောင့်ယှက် တိုက်ခိုက်ခြင်း ၊ ပုံမှန် ဆောင်ရွက်သည့် တပ်မတော် စစ်ကြောင်း လှုပ်ရှားမှု များကို မိုင်းအသုံးပြု တိုက်ခိုက်ခြင်း ၊ အင်အား စုစည်း၍ စောင့်ကြို တိုက်ခိုက်ခြင်း တို့ကို ဆောင်ရွက် ခဲ့သဖြင့် တပ်မတော်မှ အရာရှိ ၊ စစ်သည် အများအပြား ကျဆုံး ထိခိုက် ဒဏ်ရာ ရရှိခဲ့ ပါသည်။

၆။ KIA တို့သည် ယင်းသို့ တပ်မတော်အား တိုက်ခိုက် ခဲ့သည့် အပြင် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဘက် လမ်း ၊ တံတား ၊ လျှပ်စစ် တာဝါတိုင် နှင့် အစိုးရ အဆောက် အအုံများစွာ တို့ကို တိုက်ခိုက် ဖျက်ဆီးခြင်း ၊ တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက် နေသော အစိုးရ ဌာနများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များကို တိုက်ခိုက်ခြင်း ၊ ဒေသခံ တိုင်းရင်းသား များစွာ ကိုလည်း အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ် ခြင်း များ ဆောင်ရွက် ခဲ့ပါသည်။

၇။ KIA တို့သည် ကချင် ပြည်နယ် အတွင်း အများ ပြည်သူတို့ အဓိက အားထား နေရသည့် ဆက်သွယ်ရေး လမ်းကြောင်း များကို ဖျက်ဆီး ထိန်းချုပ် ထားခဲ့ပါသည်။ လမ်းကြောင်းများ ပြတ်တောက် ပိတ်ဆို့ နေ မှုကြောင့် ကုန်စည် စီးဆင်းမှု မပြုနိုင် တော့ဘဲ ပြည်သူတို့မှာ စားနပ် ရိက္ခာ ရှားပါးခြင်း ၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း ၊ ဆေးဝါး မလုံလောက် ၍ ရောဂါ ဘယ ထူပြောခြင်း စသည့် ဒုက္ခ မျိုးစုံ တွေ့ကြုံ ခံစား နေရ ပါသည်။

၈။ KIA တို့သည် အများပြည်သူ အသုံးပြုသည့် ဆက်သွယ်ရေး လမ်းမကြီး တစ်ခု ဖြစ်သော မြစ်ကြီးနား - ဗန်းမော် ပြည်ထောင်စု လမ်းမကြီးအား ပိတ်ဆို့ ထားသည့် အပြင် ယင်းလမ်းမ ကြီးအနီး လဂျား ယန် ဒေသရှိ မိမိ တပ်မတော် စခန်းအား လည်း ၂၀၁၂ ခုနှစ် မတ်လမှ စတင်ကာ ၀ိုင်းရံ ပိတ်ဆို့ ထားခြင်း ၊ စခန်းသို့ ရိက္ခာ ပို့ဆောင် သည့် တပ်မတော် စစ်ကြောင်း များကို ချုံခို တိုက်ခိုက် ခြင်းများ ဆောင်ရွက် ခဲ့ကြ ပါသည်။

၉။ ဖော်ပြပါ KIA တို့၏ အကြမ်းဖက် လုပ်ရပ် များကြောင့် ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ မှစတင်၍ ပွိုင့် ၇၇၁ တောင်ကုန်း အပါအ၀င် လဂျားယန် ဒေသရှိ KIA ခြေကုပ် စခန်း များအား တပ်မတော်က ရှင်းလင်း တိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ရပါသည်။ ယင်းသို့ ဆောင်ရွက် ရသော စစ်ဆင်ရေး သည် လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့ စေရေး နှင့် ပြည်သူ လူထု၏ အသက် အိုးအိမ် စည်းစိမ်အား နှောင့်ယှက် ဖျက်ဆီးလျက် ရှိသော KIA လက်နက်ကိုင် အဖွဲ့ကို တပ်မတော်၏ မူလ တာဝန် အတိုင်း ဆောင်ရွက် ရခြင်း နှင့် လဂျားယန် တပ်စခန်းရှိ တပ်မတော် သားများ ကြုံတွေ့ နေရသော ရိက္ခာ ပြတ်လပ်မှု ၊ KIA  လက်နက်ကိုင် အဖွဲ့များ ၀ိုင်းရံ ထားမှုတို့မှ ကယ်တင် ခဲ့ရသည့် အကန့် အသတ် ဖြင့် ဆောင်ရွက် ခဲ့သော စစ်ဆင်ရေး တစ်ရပ်သာ ဖြစ်ပါသည်။

၁၀။ တပ်မတော် အနေဖြင့် လဂျားယန် စခန်းရှိ စစ်သည်များ လုံခြုံရေး နှင့် မြစ်ကြီးနား - ဗန်းမော် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေး အတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းးချက် များကို ရရှိပြီး ဖြစ်သောကြောင့် ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလ ၁၉ ရက် ၀၆၀၀ နာရီ မှစတင်ပြီး လဂျားယန် ဒေသရှိ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေး များကို ရပ်ဆိုင်း ထားပြီး ဖြစ်သော်လည်း KIA တို့ ဘက်မှ တပ်မတော် စစ်ကြောင်း အခြေပြုရာ နေရာများသို့ လာရောက် နှောင့်ယှက် ပစ်ခတ်မှုများ ရှိနေသည့် အတွက် လိုအပ်သလို ခုခံ ပစ်ခတ် ခဲ့ရခြင်း သာ ဖြစ်ပါသည်။

၁၁။ ကချင် ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ အရှိန် လျော့ကျပြီး အပစ်အခတ် ရပ်စဲ၍ ထာဝရ ငြိမ်းချမ်းရေး ဆက်လက် တည်ဆောက် သွားနိုင်ရန် တပ်မတော်မှ အထူး လိုလား ပါသည်။ နိုင်ငံတော် အစိုးရ နှင့် တပ်မတော်၏ သဘောထားကို လည်း ကြိမ်ဖန် များစွာ ထုတ်ဖော် ပြောကြား ခဲ့ပြီး ဖြစ်ပါသည်။ KIA  အနေဖြင့်လည်း နိုင်ငံတော် နှင့် တပ်မတော် ကဲ့သို့ပင် ထာဝရ ငြိမ်းချမ်းရေး အတွက် စိတ်ရင်းမှန် ဖြင့် လိုလားမှု ရှိရန် အထူးလိုအပ် ပါသည်။

၁၂။ မြန်မာ့ တပ်မတော်သည် တိုင်းရင်းသား လူမျိုး ပေါင့်စုံ တို့ဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စု တပ်မတော် ဖြစ်ခြင်း ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကို ဦးစား ပေးသည့် တပ်မတော် ဖြစ်ခြင်း တို့ကြောင့် ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား များအားလုံး၏ ဘေးကင်း လုံခြုံရေးကို ပို၍ လိုလား ပါသည်။

၁၃။ တပ်မတော်သည် ပြည်သူများ၏ အသက် အိုးအိမ် လုံခြုံရေး ၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့ စေရေး ၊ နယ်မြေ ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် မိမိကိုယ်ကို ခုခံ ကာကွယ်မှု နှင့် စစ်ရေးအရ ပြန်လည် တုံ့ပြန်မှု များကို မလွှဲ မရှောင်သာ ပြုလုပ် ခဲ့ရခြင်း ဖြစ်ပါသည်။ တပ်မတော် အနေဖြင့် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် မိမိကိုယ်မိမိ ခုခံ ကာကွယ်ရန် မှအပ ပစ်ခတ် တိုက်ခိုက် မှုများ မပြုလုပ်ရန် ဆိုသည့် အချက်ကို တိကျစွာ လိုက်နာ သွားမည် ဖြစ်သလို KIO/ KIA ဘက်မှလည်း နိုင်ငံတော် သမ္မတ၏ အပစ်အခတ် ရပ်စဲရေး နှင့် ပတ်သက်၍ ကမ်းလှမ်းချက် အပေါ် လေး စား လိုက်နာ သွားရန် လိုအပ် ပါသည်။

၁၄။ တပ်မတော် အနေဖြင့် နယ်မြေ လုံခြုံရေး အရ ယာယီ စောင့်ရှောက် နေရာများသို့ ပြောင်းရွှေ့ နေထိုင် ရသူများ အတွက် လိုအပ်သည့် စောင့်ရှောက်မှု များ ပေးနေ သကဲ့သို့ အထူးသဖြင့် ပူတာအို ဒေသ ရှိ ပြည်သူများ အနေဖြင့် စားနပ် ရိက္ခာ ရှားပါးမှု နှင့် ရင်ဆိုင် နေရသဖြင့် တပ်မတော် လေယာဉ် များနှင့်ပါ ကူညီ ပို့ဆောင် ပေးလျက် ရှိပါသည်။

၁၅။ ကချင်ပြည်နယ် တွင် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ရရှိ စေရန် အလို့ငှာ  တွေ့ဆုံ ဆွေးနွေးရေး အတွက် တပ်မတော်မှ ကိုယ်စားလှယ် များ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ KIO/ KIA  အဖွဲ့ထဲ့သို့ အကြိမ်ကြိမ် ကမ်းလှမ်း လျက် ရှိပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၏ ကချင်ပြည်နယ် အတွင်း သာမက နိုင်ငံအ၀န်း ထာဝရ ငြိမ်းချမ်းရေး နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တည်ဆောက် နိုင်ရန် KIO / KIA အဖွဲ့ အပါအ၀င် တိုင်းရင်းသား  ပြည်သူ အားလုံး နှင့် လက်တွဲ ဆောင်ရွက် သွားမည့် အပေါ် တပ်မတော် အနေဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖော်ပြ အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလ ၂၈ ရက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger