www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label စည်းမျဉ်းစည်းကမ်း. Show all posts
Showing posts with label စည်းမျဉ်းစည်းကမ်း. Show all posts

Friday, March 17, 2017

ပုဂံဘုရားစေတီပုထိုးများ ပေါ်သို့ ဖိနပ်ဖြင့်တက်ရောက်ခြင်းကို တားမြစ်ခြင်းမရှိပါက နိုင်ငံခြားခရီးသွား ဧည့်သည်များအပြင် ဧည့်လမ်းညွှန်များကိုပါ အရေးယူမည်



ညောင်ဦး ၊ ၁၇-၃-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ဘုရားစေတီပုထိုး များပေါ်သို့ ဖိနပ်ဖြင့် တက်ရောက်ခြင်းကို တားမြစ်ခြင်း မရှိပါက နိုင်ငံခြား  ခရီးသွားဧည့်သည် များအပြင် ဧည့်လမ်းညွှန် များကိုပါ အရေးယူသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။

ဇန်နဝါရီလ အတွင်းက ရွှေနန်းရင်ပြင် ဘုရားပေါ်သို့ ဖိနပ်ဖြင့် တက်ခဲ့သည့် နိုင်ငံခြားခရီးသွား ဧည့်သည်တချို့ကို ဖိနပ်ချွတ်ရန် မပြောခဲ့သည့် ဧည့်လမ်းညွှန်အား ဘာသာရေး အရ သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူထားပြီး မတ် ၁၃ ရက်က ရွှေဆံတော် ဘုရား ပေါ်သို့ နိုင်ငံခြားခရီးသွား ဧည့်သည်နှစ်ဦး ဖိနပ်ဖြင့် တက်ရောက်သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့ သော်လည်း တာဝန်ရှိသူ များထံ သတင်းမရောက် ရှိ၍ အရေးမယူ နိုင်ခဲ့ကြောင်း ကမ္ဘာလှည့် ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့မှ သိရသည်။

''သူများနိုင်ငံတွေ မှာလည်း သူ့နိုင်ငံအလိုက် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း တွေရှိတယ်။ သူများနိုင်ငံကို သွားရင် သူတို့နိုင်ငံက သတ်မှတ်ချက် တွေကို လိုက်နာရတာ ပါပဲ။ ဘုရားစေတီပုထိုး တွေပေါ်ကို ဖိနပ်နဲ့တက်ခဲ့ရင် ဘာသာရေးအရ သာသနာ ညှိုးနွမ်းစေမှုနဲ့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရားဝင် သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းကို ချိုးဖောက်တာ ကြောင့်ပါပဲ'' ဟု ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားစေတီ ပုထိုးများပေါ်သို့ ဖိနပ်ဖြင့် တက်ရောက်ခြင်း အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့် ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အရေးယူလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Monday, December 19, 2016

လာမည့်နှစ်တွင် စံနှုန်းမမီသည့် မော်တော်ယာဉ် အရောင်းစင်တာများ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခွင့် ဆက်လက်ဆိုင်းငံ့ထားမည်



ရန်ကုန် ၊ ၁၉-၁၂-၂၀၁၆

ယခုနှစ်ထဲတွင် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် မော်တော်ယာဉ် အရောင်းစင်တာ နှင့် အရောင်ပြခန်း များ၌ ရှိရမည့် အနိမ့်ဆုံးစံ သတ်မှတ်ချက်နှင့် မပြည့်မီသော မော်တော်ယာဉ် အရောင်းစင်တာများ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခွင့် ကို ဆိုင်းငံ့ထားပြီး လာမည့်နှစ် တွင်လည်း ၄င်းတို့အား အရေးယူမှုကို ဖြေလျှော့ပေးမည် မဟုတ်ဘဲ ဆက်လက်ဆိုင်းငံ့ ထားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''စံနှုန်းမပြည့်မီတဲ့ မော်တော်ယာဉ် အရောင်းစင်တာ တွေကို ပြင်ဆင်ဖို့ အချိန်တစ်ခု သတ်မှတ်ပေးထား ပါတယ်။ သတ်မှတ် ပေးထားတဲ့အချိန် မရောက်မချင်း တော့ သက်တမ်းတိုးခွင့်ကို ဆက်လက် ဆိုင်းငံ့ထားမှာပါ။ ဒါကြောင့် လာမယ့်နှစ်ထဲမှာ ဆက်လက် ဆိုင်းငံ့ထားမှာပါ။ သတ်မှတ်ထားတဲ့ အချိန် ပြီးသွားရင်တော့ စံနှုန်းပြည့်တဲ့ မော်တော်ယာဉ် အရောင်းစင်တာ တွေကို လုပ်ငန်းလိုင်စင် သက်တမ်းတိုး ပေးသွားမှာပါ'' ဟု ၄င်းက ပြောသည်။

ယင်းကော်မတီက ထုတ်ပြန် သတ်မှတ်ထားသည့် အနိမ့်ဆုံးစံနှုန်း သတ်မှတ်ချက် များတွင် မော်တော်ယာဉ် အရောင်းစင်တာ များနှင့် မော်တော်ယာဉ် သိုလှောင်ရုံများ မှာလည်း သတ်မှတ်ထားသည့် မြေနေရာ အကျယ်အဝန်း ရှိရမည်ဖြစ်သည်။ စံနှုန်း မပြည့်မီသည့် မော်တော်ယာဉ် အရောင်းစင်တာ များအနက် အကျယ်အဝန်း မပြည့်မီသည့် မော်တော်ယာဉ် အရောင်းစင်တာ များကိုမူ ခြွင်းချက်အနေဖြင့် ဖြေလျှော့ပေး သွားရန် မော်တော်ယာဉ် တင်သွင်းမှု ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီက စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်း ပေါင်း ၂ဝဝ ဝန်းကျင် ဖွင့်လှစ်ထားကာ ယခုနှစ်ထဲတွင် ရောင်းအားကျဆင်း မှုကြောင့် မော်တော်ယာဉ် အရောင်းစင်တာ တချို့ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် မော်တော်ယာဉ် အရောင်းစင်တာ အများစုမှာ ဂျပန်နိုင်ငံမှ မော်တော်ယာဉ် များကို အဓိကတင်သွင်း ရောင်းချနေခြင်း ဖြစ်ပြီး လက်ရှိတွင် ပြည်တွင်း၌ ယာဉ်အစီးရေ ပေါင်း ရှစ်သိန်းကျော် မှတ်ပုံတင် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Thursday, October 27, 2016

ချောင်းသာကမ်းခြေ၌ နိုဝင်ဘာ ၁ ရက်မှစတင်၍ ဈေးရောင်းချခြင်းမပြုရန် တားမြစ်စာထုတ်ပြန်



ပုသိမ် ၊ ၂၇-၁၀-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ချောင်းသာ ကမ်းခြေ၌ ဈေးရောင်းချ နေသည့် ဈေးဆိုင် ၇၅ ဆိုင်နှင့် လမ်းလျှောက် ဈေးသည် ၂ဝဝ ကျော်တို့အား နိုဝင်ဘာ ၁ ရက်မှစ၍ ဈေးရောင်းချခြင်း မပြုရန် တားမြစ်စာ ထုတ်ပြန် လိုက်ကြောင်း သိရသည်။

ချောင်းသာ ကမ်းခြေတွင် တားမြစ်ချက်များ ပါဝင်သော ဗွီနိုင်းအနီ ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာခြင်း အပြင် အောက်တိုဘာ ၂၆ ရက် မှစ၍ လက်ကမ်း စာစောင်များ လိုက်လံဝေငှ သွားမည် ဖြစ်ကြောင်း ချောင်းသာ ကမ်းခြေ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။

''အဓိကကတော့ ကမ်းခြေ သန့်ရှင်းရေးရယ် အပန်းဖြေတဲ့ ခရီးသည်တွေ အန္တရာယ် ကင်းရှင်းရေး အတွက် လုပ်ဆောင်တာပါ။ ဒီမှာက လာရောက် အပန်းဖြေကြတဲ့ ခရီးသည်တွေနဲ့ ဈေးသည်တွေ ခိုက်ရန် ဖြစ်ပွားတာ ရှိတယ်။ ခရီးသည်တွေ ရေဆင်းချိုး နေတဲ့ အချိန်မှာ ကမ်းခြေမှာ ထားတဲ့ ပစ္စည်းတွေ မကြာခဏ အလစ်သုတ်ခံ ရတာတွေလည်း ရှိတယ်။ ခရီးသွားလုပ်ငန်း တွေအတွက် မလိုလားအပ်တဲ့ ကိစ္စရပ်တွေတော့ သက်သာ သွားလိမ့်မယ် ထင်ပါတယ်'' ဟု ချောင်းသာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြောသည်။

ချောင်းသာ ကမ်းခြေသို့ အပန်းဖြေ လာရောက်သည့် ခရီးသွားပြည်သူ များအနေဖြင့်လည်း ကမ်းခြေ သာယာလှပရန် ဝိုင်းဝန်း ကူညီကြ စေလိုကြောင်း ၄င်းက ဆက်လက် ပြောသည်။

ချောင်းသာ ကမ်းခြေတွင် ဈေးမရောင်းရသည့် အပြင် နိုဝင်ဘာ ၁ ရက်မှစတင်၍ အများပြည်သူ ရေကစားရန် သတ်မှတ်ထားသည့် ဧရိယာအတွင်း Speed Boat ၊ Banana Boat စသည့် အပျော်စီးယာဉ်များ မောင်းနှင်ခြင်း မပြုရန်၊ ကမ်းခြေတွင်လည်း မြင်းစီးခြင်း၊ လှည်းမောင်းခြင်း နှင့် စက်တပ်ယာဉ်များ မောင်းနှင်ခြင်း မပြုလုပ်ရန်၊ ကမ်းခြေဆင်း လမ်းများပေါ်တွင် ယာဉ်များဖြင့် ညအိပ်ခြင်း၊ တဲထိုး ညအိပ်ခြင်းနှင့် ရေချိုးခန်း ဖွင့်လှစ်ခြင်း၊ ထို့ပြင် အများပြည်သူ အပန်းဖြေရာ နေရာများတွင် ခွပိုက်များ အသုံးပြု၍ ရေပြင်တွင် ပစ္စည်း ရှာဖွေခြင်း မပြုရန်၊ အပန်းဖြေသည့် နေရာနှင့် နီးစပ်ရာတွင် ကျန်းမာရေး ထိခိုက် စေနိုင်သည့် ငါးလှန်းစင်များ ဆောက်လုပ်ခြင်း၊ ငါးလှန်းခြင်းနှင့် စီးပွားဖြစ် တိရစ္ဆာန် မွေးမြူခြင်းများ မပြုလုပ်ရန်၊ ကမ်းခြေဧရိယာ တွင် သဲထုတ်ခြင်း၊ ကျောက်ထုတ်ခြင်း နှင့် သန္တာကျောက်များ တူးဖော်ထုတ်ယူခြင်း မပြုရန်၊ ကမ်းခြေ ဧရိယာတွင် စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်ခြင်း၊ သစ်ပင် စိုက်ပျိုးခြင်း၊ ကျူးကျော်ခြင်း နှင့် အဆောက်အအုံ တိုးချဲ့ ဆောက်လုပ်ခြင်း များမပြုရန်တို့ တားမြစ်ထားပြီး ကမ်းခြေ သဲသောင်ပြင် ဧရိယာအတွင်း မည်သူမဆို မီးပုံပွဲ၊ ကာရာအိုကေ သီဆိုခြင်းများ ပြုလုပ်ခြင်း၊ ကမ်းခြေနှင့် မည်သည့် အဆောက်အအုံ ဧရိယာတွင်းတွင် မဆို မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းနှင့် မီးပုံးပျံများ လက်ဝယ် ကိုင်ဆောင်ခြင်း၊ ပစ်ဖောက်ခြင်း၊ လွှတ်တင်ခြင်း များ ပြုလုပ်လို ပါက ကမ်းခြေ သန့်ရှင်းသာယာ ရေးနှင့် လုံခြုံရေး အလို့ငှာ ကမ်းခြေ လုံခြုံရေး နှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ ခွင့်ပြုချက် ယူရမည် ဖြစ်ကြောင်း စသည့် စည်းကမ်းချက်များ ထုတ်ပြန် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

Monday, August 22, 2016

၂၀၁၇ ခုနှစ် မတ်လနောက်ပိုင်းတွင် Call Center 199 သို့ စနောက် ဖုန်းခေါ်သူများအား အရေးယူမည်



ရန်ကုန် ၊ ၂၂-၈-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး Call Center 199 သတင်းလက်ခံ ဌာနသို့ ဖုန်းခေါ်ဆိုကာ စနောက်ခြင်း များနှင့် မမှန်မကန် သတင်းပေးခြင်း များကို ၂ဝ၁၇ ခုနှစ် မတ်လ နောက်ပိုင်းတွင် အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ Call Center 199 ကို ပြည်သူများ အရေးပေါ် အကူအညီ လိုအပ်သည့် အချိန်နှင့် အမှန်တကယ် သတင်းပေး တိုင်ကြား လိုသူများအတွက် ရဲတပ်ဖွဲ့ထံ အမြန်ဆုံး  ဆက်သွယ်နိုင်ရန် ဇူလိုင် ၄ ရက်က စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ Call Center 199 ဖုန်းနံပါတ်ထံ မမှန်မကန် သတင်းပေးခြင်း နှင့် စနောက်ခေါ်ဆို ခြင်းများ နေ့စဉ်ပြုလုပ် ခံနေရ သောကြောင့် ထပ်မံ မပြုလုပ်ရန် ရဲတပ်ဖွဲ့က ပြည်သူများထံ မေတ္တာရပ်ခံချက် ထုတ်ပြန် ထားကြောင်း သိရသည်။

ယခုအခါ မိုဘိုင်းလ် ဆင်းကတ် များကို ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား မှတ်ပုံတင် အသုံးပြုရန် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြား လိုက်ခြင်းကြောင့် ယင်းနောက်ပိုင်း Call Center သို့ နောက်ပြောင် သတင်းပေးပို့မှု များကို အရေးယူ သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် နောက်ပြောင် ဖုန်းခေါ်ဆိုသော ဆင်းကတ် များမှာ မှတ်ပုံတင် မရှိသောကြောင့် အရေးယူရန် ခက်ခဲနေကြောင်း သိရသည်။

''လူတချို့က ဖုန်းခဏခဏ ခေါ်ဆိုပြီး စနောက်ပြောဆို မှုတွေ နေ့စဉ်တွေ့ကြုံ နေရပါတယ်။ တစ်ခါသုံး ဆင်းကတ်တွေနဲ့ ဆိုတော့ အရေးယူဖို့ မလွယ်ပါဘူး'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၄)

Tuesday, July 5, 2016

ရေနံဓာတ်ငွေ့ရည် လက်လီအရောင်းဆိုင် များကို (ဃ)လိုင်စင် နှင့် (င)လိုင်စင် အတည်ပြု ထုတ်ပေးရာတွင် ပတ်ဝန်းကျင် ထောက်ခံချက်ပါ တင်ပြရန်လို



ရန်ကုန် ၊ ၅-၇-၂၀၁၆

ယာယီလိုင်စင် ထုတ်ပေး ထားသော ရေနံ ဓာတ်ငွေ့ရည် လက်လီ အရောင်းဆိုင် များကို (ဃ) လိုင်စင်နှင့် (င)လိုင်စင် အတည်ပြု ထုတ်ပေးရာတွင် ပတ်ဝန်းကျင် ထောက်ခံချက်ပါ တင်ပြရမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းမှ သိရသည်။

ရေနံဓာတ်ငွေ့ရည် လက်လီ အရောင်းဆိုင် များကို (ဃ) လိုင်စင်နှင့် (င) လိုင်စင် တို့ ယာယီထုတ်ပေး ထားပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ စ၍ ရောင်းချနိုင်ရန် စိစစ်ရာတွင် ဆိုင်အနီး နေထိုင်သူ များ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် တောင်းခံပြီး မှသာ သတ်မှတ် လိုင်စင်ကြေးများ ပေးသွင်းကာ လိုင်စင် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ရေနံ ဓာတ်ငွေ့ရည် လက်လီ အရောင်းဆိုင်ရှင် များသည် တိုင်းဒေသကြီး နှင့်ပြည်နယ် အစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနတို့သို့ ဆက်သွယ် တင်ပြရမည့် အပြင် သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီ ၊ လျှပ်စစ်နှင့် မီးသတ်တပ်ဖွဲ့ သာမက ပတ်ဝန်းကျင် ထောက်ခံချက်ပါ ပေးပို့ရမည် ဖြစ်သည်။

(ဃ) လိုင်စင်ဖြစ်သည့် ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည် အိုးများကို သိုလှောင်ရုံဖြင့် သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းနှင့် (င) လိုင်စင်ဖြစ်သည့် ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည် အိုးများကို တိုက်ခန်း၊ ဆိုင်ခန်းများဖြင့် သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း လုပ်ကိုင်နိုင်ရန် ဇွန် ၉ ရက်မှစ၍ ယာယီ လိုင်စင်များ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး၌ ယာယီလိုင်စင် (ဃ) အမျိုးအစားဖြင့် လာရောက် လျှောက်ထား သည့် ရေနံဓာတ်ငွေ့ ရည် အရောင်းဆိုင် ၃၆ ဆိုင်နှင့် ယာယီလိုင်စင် (င) အမျိုးအစားဖြင့် လာရောက် လျှောက်ထားသည့် ရေနံ ဓာတ်ငွေ့ရည် အရောင်းဆိုင် ၂၁၃ ဆိုင် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

Wednesday, June 22, 2016

ဘီပီအိုင်ထုတ် ဆေးဝါးများ အတုပြုလုပ်၍ ရောင်းချနေသူများအား စက်မှုဝန်ကြီးဌာန မှ ဖော်ထုတ် အရေးယူမည်



ရန်ကုန် ၊ ၂၂-၆-၂၀၁၆

ရန်ကုန်မြို့ရှိ အင်းစိန် ဘီပီအိုင် ဆေးဝါးစက်ရုံမှ ထုတ်လုပ်သည့် ဆေးဝါးများကို ပြည်ပ မှ ကုန်ကြမ်းများ တင်သွင်းကာ ဆေးဝါးအတုများ ထုတ်လုပ်သူများ ရှိနေရာ ဇွန်လ နောက်ဆုံး ပတ်မှ စ၍ စက်မှုဝန်ကြီးဌာနမှ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် များ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဖော်ထုတ် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

''ဘီပီအိုင် ဆေးတွေကို တုပြီး ထုတ်ထားတဲ့ ဆေးအတုတွေကို မသမာသူ တွေက ကျေးလက်ဒေသ တွေကို အဓိက ဈေးကွက် အနေနဲ့ ပစ်မှတ်ထားပြီး ဖြန့်ဖြူးရောင်းချ ကြတယ်။ အဲဒီမှာပဲ ဆေးအတု တွေကို တွေ့ရတာ များတယ်။ ဒါကြောင့် ကျန်းမာရေး ထိခိုက်မှု မဖြစ်ပေါ်အောင် ဆေးဝါးအတု ရောင်းချ နေသူတွေကို ဖော်ထုတ် အရေးယူ သွားမှာပါ'' ဟု စက်မှုဝန်ကြီး ဌာန လက်ထောက် အတွင်းဝန် ဦးမျိုးဇာနည်ဝင်း က ပြောကြားသည်။

ထို့ပြင် ပြည်တွင်းရှိ တချို့ဆေးဆိုင် များ၌ ဆေးအတု များကို ဆေးအစစ် များနှင့် ရော၍ ဖြန့်ဖြူးနေသော ဆိုင်များကို စစ်ဆေး ဖော်ထုတ်ကာ စီမံချက်များဖြင့် ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူ သွားမည် ဖြစ်ကြောင်း
သိရသည်။

ဆေးဝါးအတု ထုတ်လုပ်သူ အများစုသည် ဘီပီအိုင်မှ ထုတ်လုပ်သည့် ပါရာစီတမော ဆေးကို အတုပြုလုပ်၍ အများဆုံး ထုတ်လုပ် ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Monday, June 6, 2016

ရန်ကုန်စက်မှု၊ဇုန် မြေကွက်များတွင် စက်ရုံတည်ဆောက်ခြင်း မရှိဘဲ ဂိုဒေါင်အဖြစ် အသုံးပြုမှု ပိုမိုများလာကြောင်း စစ်ဆေးတွေ့ရှိ


ရန်ကုန် ၊ ၆-၆-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၌ လုပ်ငန်းရှင် များသည် စက်ရုံ တည်ဆောက်ခြင်း မရှိဘဲ ကုန်ပစ္စည်းများ သိုလှောင်သည့် ဂိုဒေါင်များ အဖြစ် အသုံးပြုမှု ပိုမိုများ လာသည်ကို တွေ့ရှိရကြောင်း ရန်ကုန်တိုင်း ဒေသကြီး စက်မှု ကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ စက်မှုဇုန်များ အတွင်းရှိ မြေကွက်များအား ဝယ်ယူထားပြီး လုပ်ငန်းများ လုပ်ကိုင်ခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိပြီး စက်ရုံ တည်ဆောက်ခြင်း မရှိသည့် မြေကွက်လပ် များအတွက် ဖြေရှင်းရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ စက်မှုဇုန်များ စီမံခန့်ခွဲရေး စီမံချက်အရ မြေငှားဂရန်များ ချထားပေးသည့် ညွှန်ကြားချက် များအတိုင်း ဆောင်ရွက် သွားမည်ဖြစ်ရာ ယင်းအတွက် ကွင်းဆင်း စစ်ဆေးခြင်း များမှ ရရှိသောစာရင်းများကို ဇွန်လ ပထမပတ် အတွင်း ကောက်ယူ ပြီးစီးနိုင်မည် ဖြစ်ပြီး စက်ရုံများ တည်ဆောက်ခြင်း မရှိသော မြေကွက်ပိုင်ရှင် များအား အရေးယူ ခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်မှုဇုန် ၂၉ ဇုန်ရှိ မြေကွက်လပ် များနှင့် လုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိသည့် စက်ရုံများ၊ စက်မှုဇုန်များနှင့် မြေကွက်လပ် များ၌ ဂရန်ရရှိပြီး ခြောက်လ အတွင်း လုပ်ငန်း ဖော်ဆောင်ရန် နှင့် လူနေအိမ် ဆောက်လုပ်ခြင်း မပြုရန်၊ တစ်ဆင့် ပြန်လည် ငှားရမ်းခြင်း၊ ရောင်းချခြင်း မပြုရန် ညွှန်ကြားချက် ထုတ်ပြန် ထားခဲ့ကြောင်း၊ စက်မှုဇုန်များ အတွင်းရှိ စက်မှုဇုန် မြေကွက်များ၌ စက်ရုံ တည်ဆောက်ခြင်း မရှိသော မြေကွက်လပ်များ စာရင်းကို မေ ၁၉ ရက်က စတင်ကွင်းဆင်း စစ်ဆေးပြီး စစ်တမ်း ကောက်ယူခဲ့သည်။ 

လက်ရှိတွင် လှိုင်သာယာ စက်မှုဇုန်၊ မြောက်ပိုင်းခရိုင် စက်မှုဇုန်၊ အရှေ့ပိုင်း ခရိုင် စက်မှုဇုန်များ အတွင်း စစ်တမ်းများ ကောက်ယူထားပြီး တောင်ပိုင်းခရိုင် အတွင်း စစ်တမ်း ကောက်ယူမှု သည် ဇွန် ၅ ရက်တွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၃)

Thursday, June 2, 2016

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုချက်မဲ့ အဆောက်အအုံ နှစ်ထောင်ကျော်အား တရားစွဲအရေးယူ



ရန်ကုန် ၊ ၂-၆-၂၀၁၆

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက လုပ်ငန်းလိုင်စင် ထုတ်ပေး ထားသော လိုင်စင် ကန်ထရိုက်တာများ အနေဖြင့် ခွင့်ပြုချက် ရယူပြီး စည်းကမ်းတကျ ဆောက်လုပ်သည့် အဆောက်အအုံ များနည်းတူ လိုင်စင်မဲ့ ကန်ထရိုက်တာ များဖြင့် ခွင့်ပြုချက်မဲ့ အဆောက်အအုံများ တည်ဆောက်လျက် ရှိရာ ယင်း အဆောက်အအုံ များကို စိစစ် ဖော်ထုတ်လျက် ရှိပြီး တည်ဆဲ ဥပဒေနှင့်အညီ တရားစွဲ အရေးယူ ဆောင်ရွက်ခဲ့ရာ ၂ဝ၁၆ ခုနှစ် ဧပြီ ၃ဝ ရက်အထိ ဒေါပုံမြို့နယ် အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၆၁ လုံးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း အဆောက်အအုံ ၂ဝ၇၂ လုံး တို့အား တရားစွဲဆို အရေးယူ ထားကြောင်း သိရသည်။

ထို့ပြင် တည်ဆဲ ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ ဖောက်ဖျက်သည့် ကန်ထရိုက်တာ များကို ၂ဝ၁၆ ခုနှစ် ဧပြီ ၃ဝ ရက်အထိ အရေးယူ ဆောင်ရွက်ရာတွင် ၁၃ ဦးအား လိုင်စင်မှ ပယ်ဖျက်ကာ အမည်မည်း စာရင်း သွင်းထားပြီး လေးဦးကို ရာသက်ပန် လိုင်စင် ပယ်ဖျက်ခြင်း၊ ၁၂ဝ ဦးကို လိုင်စင်ကာလ အကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ၁၇၅ ဦးကို သတိပေး လက်မှတ် ရေးထိုးစေခြင်း ဖြင့်အရေးယူ ဆောင်ရွက် ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ကန်ထရိုက်တိုက် အဆောက်အအုံများ ကြီးကြပ် ဆောက်လုပ်ရန် အဆောက်အအုံ လုပ်ငန်းဆိုင်ရာ လုပ်ပိုင်ခွင့် ကန်ထရိုက်တာ လိုင်စင်များအား အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနက စိစစ် ထုတ်ပေးလျက် ရှိသည်။

လိုင်စင်ရ ကန်ထရိုက်တာ များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောက်လုပ် စေလျက်ရှိပြီး အဆောက်အအုံ ဆောက်လုပ်မည် ဆိုပါက သက်ဆိုင်ရာ မြေရှင် အနေဖြင့် လိုင်စင်ရ ကန်ထရိုက်တာများ၊ လိုင်စင်ရ အင်ဂျင်နီယာ များ၏ လက်မှတ် များနှင့်အတူ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနသို့ အဆိုပြုပုံစံ တင်ရမည် ဖြစ်သည်။ ယင်းဌာနမှ အတည်ပြုပြီး အဆောက်အအုံ ခိုင်ခံ့မှုအတွက် လိုင်စင်ရ အဆောက်အအုံ အင်ဂျင်နီယာ ၏ ခိုင်ခံ့မှု ဆိုင်ရာ တွက်ချက်မှုနှင့် အတူ ဆောက်လုပ်ခွင့် ပုံစံကို တင်ပြရကြောင်း၊ လျှောက်ထားချက် များကို ဌာနက စိစစ်၍ ဆောက်လုပ်ခွင့် ထုတ်ပေးမှသာ စတင် ဆောက်လုပ်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပြုပုံစံ လျှောက်ထားမှု နှင့် ဆောက်လုပ်ခွင့် ပုံစံကို မြေပြင် စစ်ဆေးခြင်း၊ စည်ပင် ဆောက်လုပ်ခွင့်ဖြင့် ဆောက်လုပ်မည့် အဆောက်အအုံ ကို ခွင့်ပြုပုံစံပါ အတိုင်း စံချိန်စံညွှန်း စည်းကမ်းများ နှင့်အညီ ဆောက်လုပ်ရန် စစ်ဆေး ကြပ်မတ်ခြင်း၊ အဆောက်အအုံ ပြီးစီးသည့် အခါ ပြီးစီးကြောင်း လက်မှတ် စစ်ဆေးခြင်း များကို မြို့နယ်အလိုက် တာဝန်ပေးအပ် ထားသည့် ဌာနစုမှူး အင်ဂျင်နီယာ နှင့် မြို့နယ် စစ်ဆေးရေး အင်ဂျင်နီယာ များက စစ်ဆေး ဆောင်ရွက်ပြီးမှ သာ အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်များကို စိစစ် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၆)

Wednesday, June 1, 2016

အွန်လိုင်းတွင် တရားမ၀င် ရောင်းချနေသည့် ဆေးဝါးနှင့် အလှကုန်များကို ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်နိုင်ရန် ပြင်ဆင်



ရန်ကုန် ၊ ၁-၆-၂၀၁၆

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က တရားဝင် မှတ်ပုံတင်ထားခြင်း မရှိဘဲ အွန်လိုင်းတွင် တရားမဝင် ရောင်းချနေသည့် ဆေးဝါးများ၊ အလှကုန်များကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်နိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောသည်။

လက်ရှိတွင် FDA က မှတ်ပုံတင်ထားခြင်း မရှိဘဲ တရားမဝင် ရောင်းချနေသည့် ဆေးဝါးများနှင့် ပတ်သက်၍ ဖော်ထုတ်ပေး နိုင်သည့် အဆင့်သာ ရှိသေးပြီး အမျိုးသား ဆေးဝါးဥပဒေအရ အရေးယူပေးရန် တရားရုံးများ၌ လျှောက်ထားရသည်။

ထို့ပြင် အလှကုန်၊ ဆေးဝါးနှင့် အစားအသောက် များအား ပြန်ကြားရေး ဝန်ကြီးဌာန မှ တရားဝင် ကြော်ငြာမည်ဆိုလျှင် သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက်ရမှာသာ ကြော်ငြာရန် ခွင့်ပြုသင့်ပြီး သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီ အနေဖြင့်လည်း ကြော်ငြာ Billboard ထောင်ခြင်းကို သက်ဆိုင်ရာဌာန ၏ ခွင့်ပြုချက် ရမှသာ ခွင့်ပြုသင့်သည်။

လက်ရှိတွင် အွန်လိုင်းပေါ်၌ မျက်နှာလိမ်းဆေး၊ အသားဖြူဆေး၊ အဆီကျပိန်ဆေး၊ အမျိုးသား အားတိုးဆေး၊ အမျိုးသမီး များအတွက် ရင်သား၊ တင်သားပြည့်ဆေး စသည့် ပုံစံအမျိုးမျိုးဖြင့် လူကြိုက်များအောင် ကြော်ငြာ လာကြသည်ကို တွေ့ရပြီး ကျင့်ဝတ်နှင့် မညီသည့် ကြော်ငြာများကို အရေးယူမှုများ လုပ်ဆောင်နိုင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Thursday, May 5, 2016

လုပ်ငန်းလိုင်စင် မရှိသည့် ဧည့်လမ်းညွှန်များကို ရှောင်တခင် စစ်ဆေး အရေးယူမည်



ရန်ကုန် ၊ ၅-၅-၂၀၁၆

လုပ်ငန်းလိုင်စင် မရှိသည့် ဧည့်လမ်းညွှန် များကို စစ်ဆေးရေး အဖွဲ့များဖွဲ့၍ ရှောင်တခင် စစ်ဆေးအရေးယူ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေပုဒ်မ ၂၃ အရ လိုင်စင်မရှိသည့် ဧည့်လမ်းညွှန် လုပ်ငန်း ဝင်ရောက် လုပ်ကိုင်သူ များကို စစ်ဆေးတွေ့ရှိ ပါက ဒဏ်ငွေ ငွေကျပ် ၅ဝဝဝဝ မှ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်အရေးယူ နိုင်ကြောင်း သိရသည်။

နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်မှု များသည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေးနှင့် ပုဂံ စသည့်ဒေသ တို့၌ ဧည့်လမ်းညွှန် လိုင်စင်ရှိ၊ မရှိ စစ်ဆေးပြီး လိုင်စင်မရှိပါက အရေးယူမည် ဖြစ်သည်။

''ဥပမာ မန္တလေးနန်းတွင်း ထဲမှာ စစ်မယ်ဆိုရင် နန်းတွင်းထဲက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခေါ်ပြီး သက်သေအဖြစ် စစ်ဆေးမှာပါ။ စစ်လို့ လိုင်စင်မရှိဘူး ဆိုရင် အရေးယူဖို့ လုပ်ရမှာပါ'' ဟု ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့် က ပြောသည်။

''လိုင်စင်မဲ့ ဧည့်လမ်းညွှန် အရေအတွက် နည်းပေမယ့် ခရီးသည်တွေ အပေါ် သူတို့ရဲ့ သက်ရောက်မှု ရှိတယ်လို့ ပြောပါတယ်။ သူတို့က ဘာမှ အခွန်မဆောင်တဲ့ အပြင် တာဝန်ယူမှုလည်း မရှိကြဘူး။ ဧည့်လမ်းညွှန် သင်တန်း အောင်လက်မှတ် ကိုင်ဆောင်နိုင်မယ့် သင်တန်းတွေလည်း အများကြီး ဖွင့်လှစ်ပေးနိုင်ဖို့ လိုတယ်။ အပတ်စဉ် အလိုက် လက်မှတ် ထုတ်ပေးမှုနဲ့ လူဦးရေ တိုးခေါ်မယ်ဆိုရင် လက်မှတ်မရှိဘဲ ဝင်လုပ် တာမျိုးတွေကို လျှော့ချနိုင်မယ်လို့ ထင်တယ်။ နှစ်နှစ်သက်တမ်း ရှိတဲ့ ဧည့်လမ်းညွှန် လိုင်စင်ကို သက်တမ်းတိုး တဲ့အခါ အခွန်ဆောင် ပြီးကြောင်း ပြေစာပြမှ သက်တမ်း တိုးပေးတာဖြစ်ပြီး နှစ်နှစ်စာ အခွန် ငွေကျပ် ၁ဝဝဝဝဝ ပေးဆောင် ရပါတယ်'' ဟု ဧည့်လမ်းညွှန် မဟေမာအောင် က ပြောသည်။

ဧည့်လမ်းညွှန် လိုင်စင်ဝင်ရန် ပထမဆုံး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတွင် ရေးဖြေ စာမေးပွဲ ဖြေဆိုရပြီး ဝန်ကြီးဌာနမှ နှစ်လကြာ ဖွင့်လှစ်သည့် ဧည့်လမ်းညွှန် သင်တန်းကို ငွေကျပ် ၁ဝဝဝဝဝ ပေးပြီး တက်ရောက်ပါက ဧည့်လမ်းညွှန် လိုင်စင် ရရှိမည်ဖြစ်သည်။

ပြည်ပခရီးစဉ် ( Outbound Tour ) လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ငန်းဆောင်ရွက် နေသော ခရီးသွားကုမ္ပဏီ များအား မေလမှစတင်၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဧပြီ ၂၈ ရက်တွင် ထုတ်ပြန် ခဲ့သည်။

တချို့သော ခရီးသွား ကုမ္ပဏီများမှာ ပြည်ပခရီးစဉ် ( Outbound Tour) လိုင်စင် လျှောက်ထား ရယူခြင်း မရှိသေးသော်လည်း သတင်းစာများတွင် ပြည်ပခရီးစဉ် များကို ကြော်ငြာဆောင်ရွက် နေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေတွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း တစ်ခုခုကို ဥပဒေအရ ထုတ်ပေးထားသော လိုင်စင်မရှိဘဲ လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုရန် ပြဋ္ဌာန်းထားရှိ သဖြင့် ပြည်ပခရီးစဉ် လုပ်ငန်း ဆောင်ရွက်မည် ဆိုပါက လုပ်ငန်းလိုင်စင် လျှောက်ထား ရယူရန် လိုအပ်ကြောင်း သိရသည်။

ယခုအခါ ပြည်ပခရီးစဉ် ( Outbound Tour) လုပ်ငန်းကို စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးလျက် ရှိရာ ဧပြီ ၂၈ ရက်အထိ လိုင်စင် ၁၈၂ ခုကို ခွင့်ပြုပေးထားပြီး ဖြစ်သည်။ ထပ်မံ တင်ပြလာသော ကုမ္ပဏီများ ကိုလည်း စိစစ်ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၅)

Sunday, March 13, 2016

လုပ်ငန်းလိုင်စင် လျှောက်ထားသူများ အီးမေးလ်လိပ်စာ မဖြစ်မနေ ထည့်သွင်းဖော်ပြပေးရမည်


ရန်ကုန် ၊ ၁၃-၃-၂၀၁၆

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီတွင် လုပ်ငန်းလိုင်စင် လျှောက်ထားသူများ အနေဖြင့် ငွေပေးသွင်း ခြင်းကို နီးစပ်ရာဘဏ် များ၌ ဆောင်ရွက်နိုင်ရန် အီးမေးလ်လိပ်စာ ကို မဖြစ်မနေ ထည့်သွင်း ဖော်ပြပေး ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ လုပ်ငန်းလိုင်စင် များကို ပိုမိုလျင်မြန် စေရေးအတွက် ၂ဝ၁၃ ခုနှစ်မှ စတင်၍ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားမှု များကို ခွင့်ပြုပေး ခဲ့ကြောင်း၊ ယခုအခါ ငွေပေးချေမှုကို အလွယ်တကူ ဆောင်ရွက်နိုင်ရန် အီးမေးလ် လိပ်စာကိုပါ ထည့်သွင်းခိုင်းခြင်း ဖြစ်ကြောင်း၊ အွန်လိုင်းမှ တစ်ဆင့် လျှောက်ထား ရာတွင် အိမ်ခြံဂရန် လျှောက်ထားခြင်း များနှင့် အဆောက်အအုံ ကိစ္စရပ်များ ကိုပါ ဆောင်ရွက် ပေးလျက် ရှိကြောင်းနှင့် ယခု အီးမေးလ်ဖြင့် ဆောင်ရွက်မည် ဖြစ်သောကြောင့် ငွေပေးသွင်း ရာတွင် ယခင်ကထက် ပိုမိုလျင်မြန် စေမည် ဖြစ်ကြောင်း သိရသည်။

ယင်း လုပ်ငန်းလိုင်စင် များလျှောက်ထား ရာတွင် ငွေပေးသွင်းမှု များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဘဏ် နှင့် ဧရာဝတီဘဏ် တို့၌ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လျှောက်ထားမှု များကို လက်ခံပေးနေပြီ ဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်များ ချထားပေး ရာတွင်လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ သတ်မှတ် စည်းကမ်းချက် များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပြီး ကိုက်ညီမှုရှိသော လျှောက်လွှာများကို လက်ခံခွင့်ပြု ပေးလျက် ရှိကြောင်း သိရသည်။

ယခင်က လုပ်ငန်းလိုင်စင် များအတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသို့ လာရောက် လျှောက်ထား ရခြင်းကြောင့် အချိန်ကြန့်ကြာမှု ရှိခဲ့ပြီး ယခုအခါ အွန်လိုင်း မှတစ်ဆင့် ဆောင်ရွက် နိုင်ခြင်းကြောင့် လျှောက်ထားသူ များသည် အီးမေးလ်လိပ်စာ လိုအပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အွန်လိုင်းမှ တစ်ဆင့် လိုင်စင်များ လျှောက်ထားရာတွင် လုပ်ငန်းလိုင်စင်များ၊ အစားအသောက် လိုင်စင်များ၊ တည်းခိုခန်း လိုင်စင်များ၊ ဘော်ဒါဆောင် လိုင်စင်များ၊ ယာဉ်ဖြင့် လှည့်လည် ရောင်းချခွင့် လိုင်စင်များ နှင့် ယာယီဇာတ်ရုံ ပါမစ်များကို လျှောက်ထားနိုင်ပြီး လိုင်စင်အဟောင်း နှင့် ပတ်သက်သော ကိစ္စရပ်များနှင့် သီးခြားကြော်ငြာ ဆိုင်းဘုတ် လျှောက်လွှာများ ကိုလည်း လျှောက်ထား နိုင်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၃)

Thursday, February 25, 2016

တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသည့် မော်တော်ယာဉ်နံပါတ်ပြား တပ်ဆင်၍ မောင်းနှင်ခြင်း ၊ ရပ်နားထားခြင်း များကို စိစစ် အရေးယူမည်


တရားဝင်သတ်မှတ်ထားခြင်း မရှိသော အက္ခရာဂဏန်းများ ရေးသားတပ်ဆင်ထားသည့် ယာဉ်တစ်စီးကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၅-၂-၂၀၁၆

တရားဝင် သတ်မှတ်ထားခြင်း မရှိသည့် အက္ခရာဂဏန်းများ ရေးသား တပ်ဆင်၍ သွားလာနေသော ယာဉ်များနှင့် ရပ်နားထားသော ယာဉ်များအား စစ်ဆေး အရေးယူမည် ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင်၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တရားဝင် မှတ်ပုံတင် ထားသော မော်တော်ယာဉ် စီးရေ ၇၇၂၇၈၈ စီး၊ မော်တော် ဆိုင်ကယ် ၄၅၃၆၅၇ဝ စီး၊ သုံးဘီးဆိုင်ကယ် ၇၃၆၁၁ စီးအထိ ရှိနေပြီး ယခင်ကထက် မော်တော်ယာဉ် ပိုင်ဆိုင် အသုံးပြုခြင်း များပြားလာလျက် ရှိနေကြောင်း သိရသည်။

မော်တော်ယာဉ် များသည် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင် ထားရှိပြီးမှသာ အများပြည်သူ ဆိုင်ရာ လမ်းများပေါ်တွင် မောင်းနှင်ခွင့် ရှိကြောင်း၊ မော်တော်ယာဉ် များ မှတ်ပုံတင် ပေးခြင်း လုပ်ငန်းကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနကသာ ဆောင်ရွက်ပေးလျက် ရှိပြီး ယာဉ်အမျိုးအစား အလိုက်၊ လုပ်ငန်းအလိုက် တပ်ဆင်ရမည့် ယာဉ်နံပါတ် ပြားအရောင်၊ အက္ခရာဂဏန်း အရွယ်အစား၊ နံပါတ်ပြား အသုံးပြုသည့် ပစ္စည်းများ သတ်မှတ်၍ မူသေအမှတ် များကို ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

မော်တော်ယာဉ် ဥပဒေအရ မော်တော်ယာဉ်တွင် တပ်ဆင်ရမည့် မော်တော်ယာဉ် နံပါတ်များနှင့် ပတ်သက်၍ ယာဉ်နံပါတ်ပြား ကို မထင်ရှားအောင် ပြုလုပ်ခြင်း၊ ယာဉ်နံပါတ်ပြား ကို ထင်ယောင် ထင်မှား ဖြစ်စေရန် ပြုလုပ်ခြင်း၊ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင် အသုံးပြုခြင်း များအား မည်သူမျှ မပြုလုပ်ရဟု တားမြစ်ပြဋ္ဌာန်း ထားသည်။

ယခုအခါ လမ်းများပေါ်တွင် မော်တော်ယာဉ် အချို့သည် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတ်မှတ် ထုတ်ပေး ထားသော ဖောင်းကြွ အက္ခရာ ဂဏန်းများ မဟုတ်သည့် နံပါတ်များ၊ ယာယီနံပါတ်များ၊ ကိုယ်ထည် နံပါတ်များ (ဥပမာ-ယာယီ- ANH 10/----,  ZE-2---- စသည်ဖြင့်) ရေးသား၍ တပ်ဆင်သွားလာ နေသည်ကို တွေ့ရှိရသည်။

မော်တော်ယာဉ် ဥပဒေအရ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိဘဲ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင်၍ အများပြည်သူ ဆိုင်ရာ နေရာတွင် မောင်းနှင်ခြင်း၊ ရပ်နားထားခြင်း များကို စိစစ်သွားမည် ဖြစ်ပြီး အဆိုပါ ယာဉ်များအား မောင်းနှင်သူများ၊ မောင်းနှင်ခွင့်ပြု သူများအား မော်တော်ယာဉ် ဥပဒေ၊ တည်ဆဲဥပဒေ များနှင့်အညီ တရားစွဲဆို အရေးယူ သွားမည် ဖြစ်သည့်အပြင် မော်တော်ယာဉ် ကိုလည်း သိမ်းဆည်းသွားမည် ဖြစ်၍ မှတ်ပုံတင်ထားခြင်း မရှိသည့် ယာဉ်များ၊ မမှန်မကန်သည့် ယာဉ်နံပါတ်များ တပ်ဆင်၍ မောင်းနှင် စီးနင်းခြင်း မပြုလုပ်ကြရန် အသိပေး တိုက်တွန်းနှိုးဆော် ထားကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မင်းလွင်

မြ၀တီနေ့စဉ် ၊ စာ(၅)

Tuesday, February 9, 2016

တပ်မတော်၏ စည်းမျဉ်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်


နေပြည်တော် ၊ ၉-၂-၂၀၁၆

မကြာသေးမီ ရက်ပိုင်းအတွင်းက online လူမှုကွန်ရက် များတွင် တပ်မတော် သင်တန်းကျောင်း တစ်ခု၌ သင်တန်းသား အချင်းချင်း ပြင်းထန်စွာ အပြစ်ပေးနေသည့် ဗီဒီယို မှတ်တမ်းဖိုင် သုံးခုပျံ့နှံ့ခဲ့ပြီး ယင်း ဗီဒီယိုဖိုင်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ အနေဖြင့်လည်း ဝေဖန် သုံးသပ်ချက် များစွာ ဖော်ပြခဲ့ကြသည်။

စစ်စည်းကမ်းသည် တပ်မတော်၏ အသက်သွေးကြော ဖြစ်သဖြင့် စစ်စည်းကမ်း နှင့်ပတ်သက်ပြီး လိုက်နာ လုပ်ဆောင်ရမည့် တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက် များကိုလည်း တိကျစွာ ပြဋ္ဌာန်း သတ်မှတ် ထားရှိပြီး ဖြစ်ပါသည်။ တပ်မတော် အနေဖြင့် တပ်တွင်း စည်းလုံးညီညွတ်မှု အတွက် အုပ်ချုပ်မှု ညီညွတ်မျှတ စေရေးကိုလည်း အလေးထား ဆောင်ရွက်လျက် ရှိသည်။

ထို့ကြောင့် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသော ဗီဒီယိုဖိုင်များနှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်စေရန် အတွက် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် သက်ဆိုင်ရာ တပ်မတော် သင်တန်းကျောင်းသို့ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဦးစီးသော စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖြင့် သွားရောက် စစ်ဆေးခဲ့ရာ ဖြစ်စဉ် မှန်ကန်ကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် ပါဝင်သူများနှင့် တာဝန်ရှိ သူများကို တပ်မတော်၏ စည်းမျဉ်းဥပဒေ များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Monday, December 28, 2015

Smart Card ဖြင့် ပြည်ဝင်ခွင့်အတုများ ပြုလုပ်သည်ဟု သံသယရှိသောကြောင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ခြောက်ခုကို အရေးယူမည်



ရန်ကုန် ၊ ၂၈-၁၂-၂၀၁၅

Smart Card နှင့် ပြည်ဝင်ခွင့်အတုများ ပြုလုပ်သည်ဟု သံသယရှိသော ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ခြောက်ခုကို အရေးယူမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သတ်မှတ်ချက် များကို လိုက်နာခဲ့ခြင်း မရှိသောကြောင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အနက် ကုမ္ပဏီရှစ်ခုကို ထုတ်ပေးထားသည့် လုပ်ငန်း လိုင်စင်များ ပြန်လည် ရုပ်သိမ်းခြင်းဖြင့် အရေးယူမည် ဖြစ်ပြီး ကုမ္ပဏီ ခြောက်ခုကို စမတ်ကတ်နှင့် ပြည်ဝင်ခွင့် အတုများ ပြုလုပ်သည်ဟု သံသယ ရှိသောကြောင့် လုပ်ငန်းလိုင်စင်ကို ဆက်လက် ထုတ်မပေးဘဲ ဆိုင်းငံ့ အနေဖြင့် သတ်မှတ်ကာ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိထားသော ပြည်တွင်းကုမ္ပဏီ အရေအတွက်မှာ ၂၅ဝ ကျော်သာရှိပြီး သတ်မှတ် စည်းကမ်းများကို လိုက်နာခြင်း မရှိသော ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၂ဝ ကို အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, December 18, 2015

ဖားကန့်ဒေသရှိ ယာဉ်၊ ယန္တရားများ တရားဝင်ဟုတ်/မဟုတ် စစ်ဆေးမည် ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ယာဉ် ၊ ယန္တရားများ တင်သွင်းခွင့်ကို ဆိုင်းငံ့ထားမည်


ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းတွင် သွင်းကုန်လိုင်စင်ဖြင့် ရောက်ရှိနေသည့် မော်တော်ယာဉ်များကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၈-၁၂-၂၀၁၅

ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ဒေသမှ တရားမဝင် ယာဉ်နှင့်ယန္တရားများ ဝင်ရောက်နေကြောင်း လူမှုမီဒီယာများတွင် သတင်းများ ဖြစ်ပေါ် နေခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းအား မေးမြန်းခဲ့ရာ ၎င်းင်းက ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းမှ ယာဉ်၊ ယန္တရား အစီးရေ ၈၈ဝ တရားဝင် တင်သွင်းခွင့်ပြု ခဲ့ကြောင်း ပြောကြားသည်။

အဆိုပါ ယာဉ်၊ ယန္တရားများ တင်သွင်းခွင့်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှသာ တင်သွင်းခွင့်လိုင်စင် ထုတ်ပေးလျက်ရှိရာ နယ်စပ် ကုန်သွယ်ရေးစခန်း များမှ တင်သွင်းခွင့် တင်ပြလာမှု များကိုလည်း စိစစ်၍ ခွင့်ပြုပေးလျက်ရှိကြောင်း၊ နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တင်သွင်းခွင့်ရသည့် ယာဉ်၊ ယန္တရား များကို အကောက်ခွန် ဦးစီးဌာနမှ တင်သွင်းခွင့် လိုင်စင်နှင့် တိုက်ဆိုင်စစ်ဆေး၍ မှန်ကန်မှုရှိပါက လုပ်ထုံးလုပ်နည်း နှင့်အညီ အခွန်ကောက်ခံလျက် ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ၉၄ မိုင်ခန့်အကွာရှိ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းမှ တရားဝင် တင်သွင်းခွင့်ပြု ခဲ့သော ယာဉ်၊ ယန္တရား များသည် တင်သွင်းခွင့် လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာ စာရွက်စာတမ်း အထောက်အထားများ ပြည်စုံစွာပါရှိက ယာဉ်နံပါတ် မရှိသေးသော်လည်း မြစ်ကြီးနားမြို့သို့ မောင်းနှင်ခွင့် ရရှိကြောင်း၊ အဆိုပါ ယာဉ်၊ ယန္တရား များကို တင်သွင်းခွင့် ရရှိပြီး ၂၁ ရက်အတွင်း၌ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနတွင် မှတ်ပုံတင်မှသာ ယာဉ်နံပါတ်များ ရရှိခြင်းဖြစ်၍ ၎င်းနေရာနှင့် အချိန်အတွင်း ယာဉ်နံပါတ် မပါရှိသေးသော ယာဉ်အားလုံးကို တရားမဝင်ဟု သတ်မှတ်၍ မရနိုင်ကြောင်း ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း ၏ ပြောကြားချက် အရ သိရသည်။

ယာဉ်၊ ယန္တရားများ တရားဝင်ခြင်းနှင့် တရားမဝင်ခြင်းကို တင်သွင်းခွင့် လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာအား တိုက်ဆိုင် စစ်ဆေးမှုဖြင့် သိရှိနိုင်ကြောင်း၊ တင်သွင်းခွင့် ၂၁ ရက် ကျော်လွန်ပါက ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ဥပဒေနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ ယာဉ်၊ ယန္တရားများ တရားမဝင် ရောက်ရှိနေမှု များကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ အနေဖြင့် စစ်ဆေးအရေးယူ လျက်ရှိကြောင်း၊ အကြမ်းအားဖြင့် ယာဉ်များအားလုံး နံပါတ်ပါရှိကြ သော်လည်း ကညန ၏ နံပါတ်များနှင့် တိုက်ဆိုင် စစ်ဆေးနိုင်ကြောင်း၊ ယန္တရားအုပ်စုမှာ လုပ်ငန်းသုံးဖြစ်၍ နံပါတ်မပါ သော်လည်း အင်ဂျင်နံပါတ်နှင့် တိုက်ဆိုင် စစ်ဆေးနိုင်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း Mobile Team အဖွဲ့ဖြင့် စစ်ဆေး ကြပ်မတ်လျက်ရှိပြီး တရားမဝင် ကုန်သွယ်မှုများ စစ်ဆေး တွေ့ရှိပါက ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူလျက် ရှိကြောင်း၊ ယခုအခါ တရားမဝင် ယာဉ်အစီးရေ ၇ဝဝ ကျော် ထိန်းသိမ်းရရှိသဖြင့် လေလံစနစ်ဖြင့် ပြန်လည် ရောင်းချ၍ နိုင်ငံတော် ဘဏ္ဍာငွေ ရရှိစေရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း က ဆက်လက် ပြောကြားသည်။

ထို့အပြင် ကချင်ပြည်နယ် ဖားကန့်ဒေသသို့ ရောက်ရှိနေသော ယာဉ်၊ ယန္တရား များသည် တရားဝင် တင်သွင်းခြင်း ဟုတ်၊ မဟုတ်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစီးအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက် ရှိသည့်အပြင် ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းမှ ယာဉ်၊ ယန္တရားများ တင်သွင်းခွင့် ကိုလည်း ခေတ္တဆိုင်းငံ့ ထားရှိမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

Tuesday, December 15, 2015

လိုင်စင်မရှိဘဲ ခရီးသွားဧည့်လမ်းညွှန် လုပ်ကိုင်နေပါက လုပ်ထုံးလုပ်နည်းအရ အရေးယူနိုင်



ရန်ကုန် ၊ ၁၅-၁၂-၂ဝ၁၅

ခရီးသွား ဧည့်လမ်းညွှန်များ အနေဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပေးထားသော ဧည့်လမ်းညွှန် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရှိရမည်ဖြစ်ပြီး လိုင်စင်မရှိဘဲ လုပ်ဆောင်ပါက ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း အရ ထောင်ဒဏ်သုံးနှစ် နှင့် ဒဏ်ငွေ ကျပ်ငါးသောင်း အထိ အရေးယူ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂ဝ၁၃ ခုနှစ်ခန့်က တောင်ကိုရီးယား နိုင်ငံသားများ အနေဖြင့် လုပ်ကိုင်ခွင့်မရှိဘဲ ခရီးသွား ဧည့်လမ်းညွှန် အဖြစ် လုပ်ကိုင်မှုများ ရှိခဲ့သည်ဟု တိုင်ကြားမှုကြောင့် ယာယီရပ်တန့် သွားခဲ့သော်လည်း ယခု အချိန်အထိ တောင်ကိုရီးယား အပြင် ထိုင်းနိုင်ငံသား  များပါ လုပ်ကိုင်မှုများ ရှိနေကြောင်း၊ အဆိုပါ ကိစ္စရပ်ကို တာဝန်ရှိသူများ အနေဖြင့် စစ်ဆေး အရေးယူမှုများ လုပ်ဆောင် သင့်ပြီး နိုင်ငံခြားသားများ ဧည့်လမ်းညွှန် လုပ်ဆောင် ခြင်းကြောင့် ပြည်တွင်းရှိ မြန်မာနိုင်ငံသား ဧည့်လမ်းညွှန် များအတွက် အလုပ်အကိုင် အခွင့်အလမ်း နစ်နာမှု ဖြစ်စေပြီး နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ရသင့်သော အခွန်အခများ ဆုံးရှုံးကြောင်း ဝါရင့် ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ အနေဖြင့် လိုင်စင်မရှိဘဲ လုပ်ဆောင်ပါက ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီး ဌာနသို့ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြား နိုင်ကြောင်း၊ လုပ်ငန်းလိုင်စင် အနေဖြင့် နှစ်နှစ်သက်တမ်း သတ်မှတ်ထား သော်လည်း အနားယူသွားသော ဧည့်လမ်းညွှန်များ အတွက် လေးနှစ် သက်တမ်းအထိ ထပ်မံသက်တမ်း တိုးနိုင်ရန် ဆောင်ရွက် ထားကြောင်း သိရသည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းကို မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ ကျိုင်းတုံနှင့် တာချီလိတ်တို့၌ ဖွင့်လှစ်ထားကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ သင်တန်းဆင်း ၁၆ဝဝ ကျော်ရှိပြီး ခရီးသွားလုပ်ငန်း ဆိုင်ရာသင်တန်းမှ သင်တန်းဆင်း ၃၇ဝဝ ကျော် စုစုပေါင်း ၅ဝဝဝ ကျော်ကို လုပ်ငန်းလိုင်စင် ထုတ်ပေးထားကြောင်း၊ ယခင်နှစ်များက ခရီးသွား ဧည့်လမ်းညွှန် ၈၇ဝဝ ကျော်အထိ ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

Wednesday, December 2, 2015

အမှန်တကယ် လုပ်ငန်းလည်ပတ်နေသည့် အထောက်အထား ပြနိုင်မှသာ ကုမ္ပဏီလုပ်ကိုင်ခွင့် ပြန်လည်ခွင့်ပြုမည်



ရန်ကုန် ၊ ၂-၁၂-၂ဝ၁၅

လုပ်ငန်း လည်ပတ်ခြင်း မရှိသည့် ကုမ္ပဏီများကို ရှင်းလင်း ဖယ်ရှားရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အမှန်တကယ် လုပ်ငန်း လည်ပတ်နေသည့် အထောက်အထား ပြနိုင်မှသာ ကုမ္ပဏီ လုပ်ကိုင်ခွင့် ပြန်လည် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

''ကုမ္ပဏီတွေ လုပ်ငန်းလည်ပတ် နေခြင်း ရှိ၊ မရှိ အကြောင်းကြားဖို့ ကို စက်တင်ဘာလ က ကြေညာခဲ့တယ်၊။ ဒါပေမဲ့ ကုမ္ပဏီ အများစုက အခုချိန်ထိ ဆက်သွယ်ခြင်း မရှိသေးဘူး။ ဆက်သွယ်ခြင်း မရှိတဲ့ ကုမ္ပဏီ တွေကို ဒီဇင်ဘာ ၁၄ ရက်အထိ စောင့်မယ်။ အဲဒီ အချိန်အထိ ဆက်သွယ် မလာရင်တော့ ကုမ္ပဏီ အက်ဥပဒေ အရ မှတ်ပုံတင် စာရင်းကနေ ပယ်ဖျက် သွားမှာပါ'' ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ဒီဇင်ဘာ ၁၄ ရက်အထိ မဆက်သွယ်သည့် မည်သည့် ကုမ္ပဏီကို မဆို ဖျက်သိမ်းမည် ဖြစ်ပြီး အမှန်တကယ် လည်ပတ် နေသည့် အထောက်အထား ပြနိုင် မှသာ ကုမ္ပဏီ လုပ်ကိုင်ခွင့် ပြန်လည် ခွင့်ပြုမည် ဖြစ်ကြောင်း၊ ပြည်တွင်း ကုမ္ပဏီ နှစ်သောင်းကျော် နှင့် ပြည်ပ ကုမ္ပဏီ နှစ်ထောင်ကျော်မှာ ဆက်သွယ်ခြင်း မရှိသေးသည့် အတွက် ကုမ္ပဏီ အက်ဥပဒေ အရ နှစ်ပတ်အတွင်း မဆက်သွယ် ပါက မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်မည်ဟု ကြေညာ ထားကြောင်း သိရသည်။

ဆက်သွယ်ရန် လိုအပ်နေသည့် ကုမ္ပဏီများ အနေဖြင့် ဖုန်းဖြင့် လည်းကောင်း၊ ဖက်စ်ဖြင့် လည်းကောင်း အလွယ်တကူ ဆက်သွယ် နိုင်ကြောင်း၊ ဆက်သွယ်ခြင်း မရှိ၍ ဖျက်သိမ်းမည့် ကုမ္ပဏီ အရေအတွက် သည် လက်ရှိ

လည်ပတ်နေသည့် ကုမ္ပဏီ စုစုပေါင်း၏ ထက်ဝက်ခန့် ရှိကြောင်း၊ ဒီဇင်ဘာ ၁၄ ရက်အထိ ဆက်သွယ်ရန် ပျက်ကွက်ပါက ကုမ္ပဏီ မှတ်ပုံတင် စာရင်း ပယ်ဖျက်ခြင်းကို ပထမအဆင့် ဆောင်ရွက်မည် ဖြစ်ပြီး ကုမ္ပဏီ ဖျက်သိမ်းခြင်းကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ ဖျက်သိမ်းပြီးမှ ပြန်လည် လျှောက်ထားမည် ဆိုပါက အမှန်တကယ် လုပ်ငန်း လည်ပတ်နေကြောင်းအထောက်အထား ခိုင်မာမှသာ မှတ်ပုံတင် ပြန်လည် လျှောက်ထား ခွင့်ပြုမည် ဖြစ်ပြီး ဆက်သွယ်ရန် ပျက်ကွက် သည့် ကုမ္ပဏီများတွင် ပြည်တွင်းရှိ ထိပ်တန်း ကုမ္ပဏီများလည်း ပါဝင်ကြောင်း၊ လက်ရှိတွင် မှတ်ပုံတင် ထားသည့် ပြည်တွင်း ကုမ္ပဏီ ၄၃ဝဝဝ ကျော်နှင့် ပြည်ပကုမ္ပဏီ ၄ဝဝဝ ကျော်ရှိပြီး ကုမ္ပဏီ စုစုပေါင်း ၄၇ဝဝဝ ကျော် ရှိကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၆)

Thursday, October 22, 2015

ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့် ဥပဒေ ထပ်မံထွက်ပေါ်ရန် လိုအပ်


ရန်ကုန် ၊ ၂၂-၁၀-၂၀၁၅

မြန်မာနိုင်ငံ၌ သတင်း အချက်အလက် နှင့် နည်းပညာ အသုံးပြုမှု များပြား လာသည် နှင့်အမျှ ဆိုက်ဘာ ရာဇဝတ်မှုများ ဖြစ်ပေါ် လာပါက အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် ဆိုက်ဘာ လုံခြုံရေးနှင့် ပတ်သက်သည့် ဥပဒေထပ်မံ ပေါ်ထွက်လာရန် လိုအပ်ကြောင်း သတင်း အချက်အလက် နှင့် နည်းပညာ ကဏ္ဍ ဆောင်ရွက်နေသူ တချို့က အကြံပြု ပြောသည်။

တစ်ကမ္ဘာလုံး၌ အင်တာနက် အသုံးပြုမှုကို စီးပွားရေး၊ ကျန်းမာရေး ၊ နည်းပညာ စသည့် သတင်း အချက်အလက် များတွင် အသုံးပြု လာသည်မှာ ကောင်းမွန်မှု ရှိသော်လည်း မလိုလား အပ်သည့် ပြဿနာများ ဖြစ်ပေါ်လာပါကအသုံးပြုသူများ လိုက်နာရမည့် အချက်များ ရှိကြောင်း၊ ဥပဒေ အပိုင်းတွင် နိုင်ငံတိုင်း၌ အရေးယူ နိုင်သည့် ဥပဒေ ရှိရန်လိုအပ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် သင့်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင် က ပြောသည်။

နည်းပညာ အသုံးပြုသူ ပိုမိုများပြား လာခြင်းကြောင့် ဆိုက်ဘာ မှုခင်းများ ဖြစ်ပေါ် လာခဲ့လျှင် ဖြေရှင်းနိုင်ရန်၊ နည်းပညာ အရ တားဆီးရေး ဖြစ်ပေါ် လာခဲ့လျှင် တားဆီး စစ်ဆေး အရေးယူ နိုင်သည့် ဥပဒေများ ဖြစ်ပေါ်လာရန် ဆောင်ရွက်သွား ရမည် ဖြစ်သည်။

လက်ရှိတွင် မိုဘိုင်းလ်ဖုန်းများ၊ ကွန်ပျူတာ များ၌သာ အချက်အလက် သိမ်းဆည်း ရုံတင်မကဘဲ အွန်လိုင်း၌ပါ သိမ်းဆည်း လာကြသည့် အတွက် သတင်း အချက်အလက်နှင့် ပတ်သက်သည့် ပြဿနာများ ပေါ်ပေါက်လာ ပါက ဖြေရှင်းနိုင်ရန် အတွက် လက်ရှိဥပဒေ အပြင် သီးခြား ဥပဒေ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း သိရသည်။

''ဆိုက်ဘာ လုံခြုံရေးနှင့် ပတ်သက်၍ သုံးစွဲသူများ အကြား အသိပညာများ ကျယ်ပြန့်စွာ သိရှိနိုင်စေရန် လိုအပ်ကြောင်း၊ သုံးစွဲသူများ အနေဖြင့် သတင်း အချက်အလက် လုံခြုံမှု အတွက် နည်းပညာပိုင်း အားနည်းမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ကြောင့် ဆိုက်ဘာ လုံခြုံရေး နည်းပညာရှင်များ အဖြစ် အသက်မွေး နိုင်ရန်နှင့် မျိုးဆက်သစ် လူငယ်များ ပါဝင်လာ စေရန် ဆိုက်ဘာ လုံခြုံရေး နည်းပညာနှင့် သက်ဆိုင်သည့် ပြိုင်ပွဲများ ပြုလုပ်ပေးလျက် ရှိကြောင်း၊မြန်မာနိုင်ငံ၏ လက်ရှိ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု ပမာဏ သည်လည်း လူဦးရေ၏ ၅ဝ ရာခိုင်နှုန်းကျော် သုံးစွဲလျက်ရှိပြီး အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေနှစ်ရပ် ဖြစ်သည့် Electronic Transition Law ကို ၂ဝဝ၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကာ ဆက်သွယ်ရေး ဥပဒေကို ၂ဝ၁၃ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

#Themyawadydaily

Monday, October 19, 2015

ပင်လယ်ပြင် ညစ်ညမ်းမှုကာကွယ်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုလုပ်နိုင်ရန် လိုအပ်


ရန်ကုန် ၊ ၁၉-၁၀-၂၀၁၅

မြန်မာနိုင်ငံသည် ပင်လယ်ပြင် ညစ်ညမ်းမှု များကို ကာကွယ်မှု အချက်အလက်များ ပါဝင်သည့် နိုင်ငံတကာ ပင်လယ်ရေကြောင်း ဆိုင်ရာ အဖွဲ့အစည်း ဖြစ်သော IMO ( international maritime organization) အဖွဲ့၏ လုပ်ထုံးလုပ်နည်း များအတိုင်း ဆောင်ရွက်မှု အချို့ ရှိနေ သကဲ့သို့ အချို့ အချက်အလက် များကို လက်ရှိအတိုင်း လိုက်နာကျင့်သုံး နေပြီး ပိုမို ဆောင်ရွက် နိုင်ရန် ဥပဒေ မရှိသေးကြောင်း သိရသည်။

နိုင်ငံတကာ ပင်လယ်ရေကြောင်း ဆိုင်ရာ အဖွဲ့အစည်း မှ သတ်မှတ် သဘောတူညီ ထားသော အချက် ၆ ချက်ပါ စက်သုံးဆီနှင့် ဓာတုပစ္စည်း ယိုဖိတ်ခြင်း ကြောင့် ပင်လယ်ပြင် ညစ်ညမ်းမှု များကို ကာကွယ်မည့် အချက်၂ ချက်ကို မြန်မာနိုင်ငံမှ သဘောတူ လက်မှတ်ရေးထိုး ထားပြီး သဘော တူညီချက် များကို ပိုမိုတိကျစွာ လုပ်ဆောင် လာစေရန် အတွက်လည်း ဥပဒေပြဋ္ဌာန်း နိုင်ရန် ဆောင်ရွက် နေကြောင်း သိရသည်။

ပြည်တွင်း အလံတင် ထားသည့် သင်္ဘောများကို ပင်လယ်ရေ ညစ်ညမ်းမှု ဆိုင်ရာ ကြိုတင် ကာကွယ်မည့် အသိအမှတ်ပြု လက်မှတ်များအား သက်ဆိုင်ရာ ဌာနမှ ထုတ်ပေးလျက် ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော IMO ၏ သဘောတူညီမှု များကို အကောင်အထည် ဖော်မှု ပိုမိုလုပ်ဆောင် လာနိုင်ရန် ဥပဒေ ပြဋ္ဌာန်းချက် ပေါ်ပေါက် လာရန် လိုအပ်ကြောင်း၊ IMO သည် ကမ္ဘာလုံးဆိုင်ရာ သင်္ဘော လုပ်ငန်းများ၏ ပင်လယ် သွားလာမှု ရှိသည့် နိုင်ငံများက ၉ဝ ရာခိုင်နှုန်းသော အချက်အလက် များကို ချမှတ်ပေးပြီး ဖြစ်သည်။

စက်သုံးဆီနှင့် ဓာတုပစ္စည်း များကြောင့်လည်း ပင်လယ်ပြင် ညစ်ညမ်းမှုမှာ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းမျှ ရှိနေကြောင်း သိရသည်။ (မိုးအောင်)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

Wednesday, August 26, 2015

ကားမှန်စတေကာ အမည်း ကပ်ထားသူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မောင်းလိုင်စင် နှစ်နှစ်ပိတ်သိမ်းသည် အထိ အရေးယူမည်


ရန်ကုန် ၊ ၂၆-၈-၂ဝ၁၅

လက်ရှိတွင် ရန်ကုန်မြို့၌ ကားမှန်များကို စတေကာ အမည်းကပ်ပြီး မောင်းနှင်သူ များပြားလာ၍ မြန်မာနိုင်ငံ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ယင်းကဲ့သို့ စတေကာ အမည်း ကပ်ထားသည့်  ယာဉ်များ လျော့နည်း သွားစေရန် အဆိုပါ ယာဉ်များကို သြဂုတ်လ တတိယ ပတ်မှစ၍ အမြင့်ဆုံး ပြစ်ဒဏ် အနေဖြင့် ယာဉ်မောင်းလိုင်စင် နှစ်နှစ် ပိတ်သိမ်းမှု ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

''အမြင့်ဆုံး ပြစ်ဒဏ် အနေနဲ့ ဒဏ်ငွေကျပ် ၁၅ဝဝ နဲ့ ယာဉ်မောင်း လိုင်စင်နှစ်နှစ် ပိတ်သိမ်းမှု ပြုလုပ်သွားမှာပါ။ ရန်ကုန်မြို့မှာ စတေကာ အမည်းကပ် စီးသူတွေက တစ်နေ့တခြား များလာတာကြောင့် ဒီလို ပြင်းပြင်းထန်ထန် အရေးယူမှု ပြုလုပ်မှ စတေကာ ကပ်စီးတဲ့ ကားတွေ လျော့နည်း သွားမှာပါ'' ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယာဉ်ထိန်း ရဲတပ်ဖွဲ့သည် ရန်ကုန်မြို့တွင်း ၌ စတေကာအမည်း ကပ်စီးသူ များကို ပထမအကြိမ် ဖမ်းမိလျှင် ယာဉ်မောင်း လိုင်စင် ခြောက်လ ပိတ်သိမ်းမည် ဖြစ်ပြီး ဒုတိယအကြိမ် ဖမ်းမိပါက တစ်နှစ်နှင့် တတိယအကြိမ် ဖမ်းမိလျှင် အမြင့်ဆုံး ပြစ်ဒဏ် အနေဖြင့် ယာဉ်မောင်း လိုင်စင် နှစ်နှစ်ပိတ်သိမ်း အရေးယူမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စတေကာ အမည်း ကပ်ထားသည့် ယာဉ်များကို ဖမ်းဆီးရာတွင် ၁ဝဝ ရာခိုင်နှုန်း အမည်း ပါဝင်သည့် စတေကာ များကို သာမက အမည်း ပါဝင်မှု ၄ဝ ရာခိုင်နှုန်း နှင့် ၆ဝ ရာခိုင်နှုန်း ပါဝင်သည့် စတေကာများ ကပ်ထားပါက လည်း ဖမ်းဆီး အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ အတွင်း၌ စတေကာ အမည်းကပ် စီးခွင့်ကို နိုင်ငံ၏ အုပ်ချုပ်ရေး ခေါင်းဆောင် များနှင့် အနုပညာရှင် များကိုသာ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ခွင့်ပြု ထားကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ စတေကာ အမည်းကပ်စီးမှု လျော့နည်း စေရန် နေ့စဉ် ရန်ကုန်မြို့၏ အဓိက လမ်းများ၌ ယာဉ်ထိန်းရဲ များ အဖွဲ့လိုက် ချထားကာ စစ်ဆေး အရေးယူ နေကြောင်း သိရသည်။

မင်းသော်တာလွင်

မြဝတီနေ့စဉ် ၊ စာ(၃)

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger