www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ကုလသမဂ္ဂ. Show all posts
Showing posts with label ကုလသမဂ္ဂ. Show all posts

Sunday, October 14, 2018

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဦးဆောင်သော အဖွဲ့ စစ်တွေမြို့သို့ ရောက်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဦးဆောင်သော အဖွဲ့ စစ်တွေမြို့သို့ ရောက်ရှိ
-
စစ်တွေ အောက်တိုဘာ ၁၃
-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စစ်တွေမြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိ ကြသည်။
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အား ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသော ဦးအောင်ကျော်ဇံ၊ ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြ သည်။
-
အထူးကိုယ်စားလှယ် နှင့်အဖွဲ့သည် ဘူးသီးတောင်နှင့် မောင်တောဒေသတို့သို့ သွားရောက်၍ လူမှုအသိုက်အဝန်း များနှင့် တွေ့ဆုံကာ ဒေသတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ကြည့်ရှုလေ့လာ သွားမည်ဖြစ်ကြောင်း သိရသည်။
-
ကျော်သူဝင်း၊ အောင်ကျော်ဦး
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, October 11, 2018

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နေပြည်တော်သို့ ရောက်ရှိ


နေပြည်တော် အောက်တိုဘာ ၁ဝ
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener  သည် ယနေ့ ည ၆ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ဗန်ကောက်မြို့မှ နေပြည်တော်သို့ ရောက်ရှိသည်။
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား နိုင်ငံ ခြားရေး ဝန်ကြီးဌာနမှ  တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။  
-
 (သတင်းစဉ်)
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 2, 2018

အကြမ်းဖက်ဝါဒကင်းစင်သည့် ကမ္ဘာမြေတစ်ရပ်ပေါ်ထွန်းရေးလုပ်ထုံးလုပ်နည်းတွင် မြန်မာနိုင်ငံမှပါဝင်လက်မှတ်ရေးထိုး




နေပြည်တော်   အောက်တိုဘာ   ၁
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် (၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးကာလအတွင်း အကြမ်းဖက်ဝါဒကင်းစင်သည့် ကမ္ဘာမြေတစ်ရပ်ပေါ်
ထွန်းရေးလုပ်ထုံးလုပ်နည်း(Code of Conduct Towards Achieving A World Free Of Terrorism)လက်မှတ်ရေးထိုးသည့်အခမ်းအနားကို စက်တင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ကုလသမဂ္ဂဌာနချုပ် 
စီးပွားရေးနှင့် လူမှုရေးကောင်စီအစည်းအဝေးခန်းမ၌ ကာဇက်စတန်နိုင်ငံက ကမကထပြုလုပ်၍ ကျင်းပခဲ့သည်။
-
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်၍ အကြမ်းဖက်ဝါဒကင်းစင်သည့် ကမ္ဘာမြေ တစ်ရပ်ပေါ်ထွန်းရေးလုပ်ထုံးလုပ်နည်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ကုလသမဂ္ဂဆိုင်ရာ
မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း လက်မှတ်ရေးထိုးထားသည့်မှတ်တမ်းကို ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Kairat Abdrakhmanov ထံသို့ လွှဲပြောင်းပေးအပ်
ခဲ့သည်။
-
အခမ်းအနားတွင် ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Kairat Abdrakhmanov၊ ကုလသမဂ္ဂ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးရုံး (UNOCT) လက်ထောက်အတွင်းရေးမှူးချုပ် H.E. Mr. Vladimir 
Voronkov၊ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာကော်မရှင်နာ H.E.Mr.Smail Chergui၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အကြမ်းဖက်မှုတန်ပြန်တိုက် ဖျက်ရေးကော်မတီ သဘာပတိ ကုလသမဂ္ဂဆိုင်ရာ ပီရူး
နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Gustavo Meza-Cuadra၊ ကုလသမဂ္ဂအကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးစင်တာ အကြံပေးဘုတ်အဖွဲ့ဝင်နှင့် ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီနိုင်ငံအမြဲတမ်းကိုယ်စားလှယ် 
ံH.E.Ambassador Ahdallah Y.Al-Mouallimi တို့က အမှာစကားများပြောကြားခဲ့ကြသည်။ 
-
မြန်မာနိုင်ငံအနေဖြင့် အထက်ပါလုပ်ထုံးလုပ်နည်းကို လက်မှတ်ရေးထိုးခြင်းဖြင့် အကြမ်းဖက်ဝါဒအန္တရာယ် 
ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားသောလက်မှတ်ရေးထိုးဖက်နိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်မည့်အခွင့်အလမ်းရရှိလာမည်ဖြစ်သည့်
အပြင် အကြမ်းဖက်ဝါဒကို ပိုမိုထိရောက်စွာကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် ကုလသမဂ္ဂအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာ (GCTS)နှင့် ယင်းကိုပြန်လည်သုံးသပ်ထားသည့် သုံးသပ်
ချက်(Biennial UN GCTS Review)တို့ပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်သည့်အခွင့်အရေးများ ရရှိလာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)

Friday, April 7, 2017

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး၍ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်နေ ၊ UNICEF ၏ လုပ်ငန်းဆောင်ရွက်မှုများတွင်လည်း ပူးပေါင်းလုပ်ဆောင်မည်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် UNICEF ၏ Deputy Executive Director Mr. Robert Justin Alexander Forsyth အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၊ ၇-၄-၂၀၁၇

လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအား ယှဉ်တွဲဆောင်ရွက်ရာတွင် စာနာစိတ်ဖြင့် ချိန်ထိုးစဉ်းစား လုပ်ဆောင်နေကြောင်း ၊ တပ်မတော် အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေး၍ အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်း လုပ်ဆောင် နေကြောင်း၊ UNICEF ၏လုပ်ငန်း ဆောင်ရွက်မှုများတွင်လည်း အတတ်နိုင်ဆုံး ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ UNICEF ၏ Deputy Executive Director Mr. Robert Justin Alexander Forsyth အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး UNICEF ၏ Deputy Executive Director နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Bertrant Bainvel တို့ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က UNICEF သည် ကုလသမဂ္ဂ၏ ထင်ရှားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကမ္ဘာ့တတိယနိုင်ငံ များကို များစွာ အထောက်အကူပြု နေသည့်အဖွဲ့လည်း ဖြစ်ကြောင်း၊ အထူးသဖြင့် ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထား လုပ်ဆောင်နေသည်ကို တွေ့ရှိပါကြောင်း၊ ကလေးသူငယ်များ ကောင်းမှသာ တိုင်းပြည်၏ အနာဂတ် ကောင်းမွန်မှာ ဖြစ်ကြောင်း၊ ၂ဝ၁၁ ခုနှစ်နောက်ပိုင်းတွင် တပ်မတော် အနေဖြင့်လည်း ကလေးစစ်သား ပပျောက်ရေး အတွက် UNIEF နှင့် တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး မိမိတို့အပိုင်းမှ လုပ်ဆောင်ချက် များကို ကျေနပ်မှုရှိကြောင်း၊ UNIEF အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက် ပိုမိုကောင်းမွန်သည့် အခွင့်အရေး ရရှိအောင် ရည်ရွယ်လာ ရောက်ခြင်းအား ကြိုဆိုပါကြောင်း ပြောကြားသည်။

ထို့နောက် Mr. Robert Justin Alexander Forsyth က UNIEF သည် မြန်မာနိုင်ငံ အစိုးရနှင့် ၆၅ နှစ်ကျော် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ကလေးသူငယ် များစွာ၏ အသက် ကယ်ဆယ်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း၊ လက်ရှိ တွင်လည်း ကျန်းမာရေး၊ ပညာရေး၊ အာဟာရ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများအား အစိုးရနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်နေကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် ကလေးစစ်သား ပပျောက်ရေးတွင် အင်တိုက်အား တိုက်ပူး ပေါင်းဆောင်ရွက်မှု များအတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ ဆက်လက်၍လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှိ ကလေးစစ်သား များနှင့် ပတ်သက်၍ သဘောထားအမြင်နှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် များတွင် လူသားချင်းစာနာမှု ကိစ္စရပ်များ၊ နိုင်ငံသားဖြစ်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးသည်။

ယင်းမေးမြန်း ဆွေးနွေးမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်ဆွေးနွေး ရာတွင် မကြာမီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကို ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် NCA ကို လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့်အဖွဲ့များမှ နောက်ထပ်အဖွဲ့ ၅ ဖွဲ့နှင့် ထပ်မံလက်မှတ် ရေးထိုးနိုင်မည် ဟုယုံကြည်ပြီး ယင်းတို့အား NRPC က ဦးစီး လုပ်ဆောင်နေကြောင်း၊ NCA လက်မှတ်ရေးထိုး ပြီးပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ DDR ၊ SSR လုပ်ငန်းများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်၍ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကလေးစစ်သား ကိစ္စရပ်များပါ တစ်ပါတည်း ပြီးပြတ်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ကလေးစစ်သား ဖြစ်စဉ်များသည် ယင်းတို့၏လူမှုစီးပွားကို ထိခိုက်နစ်နာစေသည့် အပြင် တပ်မတော်၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်သောကြောင့် တပ်မတော်အနေဖြင့် အကောင်းဆုံးဖြေရှင်း ဆောင်ရွက် နေကြောင်း၊ ဖြစ်စဉ်အနည်းငယ် မျှသာကျန်ရှိပြီး အမြန်ပြီးပြတ် သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြတ်ပြတ်သားသား လုပ်ဆောင်နေကြောင်း ထည့်သွင်း ပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ပတ်သက်၍ နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလုပ်ဆောင် နေကြောင်း၊ အဓိကမှာ စာရင်းဇယား အချက်အလက် မှန်ကန်စွာ ရရှိရေးဖြစ်ကြောင်း၊ ယင်းတို့အား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးရမည်ကို နားလည်ပါကြောင်း၊ ဥပဒေနှင့်အညီ စာရင်းဇယားများ ဆောင်ရွက် ပေးရန် ကြိုးစားနေခြင်း ဖြစ်ပြီး ဆက်လက်၍ ဥပဒေအရ ပေးရမည့် အခွင့်အရေး များကို ဆောင်ရွက်သွားရန် ရှိကြောင်း ဆွေးနွေး ပြောကြားသည်။ ဆက်လက်ပြီး မိမိတို့အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် အကောင်းဆုံး ကြိုးစားလုပ်ဆောင် နေကြောင်း၊ တချို့နေရာ များတွင် လုံခြုံရေးရှုထောင့်မှ ကာကွယ်လုပ်ဆောင် ရသည်များလည်း ရှိကြောင်း၊ တစ်ဖက်တွင်လည်း တပ်မတော် အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ လူမှုဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား လုပ်ဆောင် နေကြောင်း ရှင်းလင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် UNICEF ၏ Deputy Executive Director တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Wednesday, March 15, 2017

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကို လက်ခံတွေ့ဆုံ


ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း UNICEF ၏ 
အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Katharina Hulshof နှင့် 
ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၅-၃-၂၀၁၇

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည် UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Katharina Hulshof ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကို ယမန်နေ့နံနက် ၁ဝ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကလေးစစ်သား ပပျောက်ရေး၊ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ နယ်မြေများ အတွင်း မိုင်းရှင်းလင်းရေးနှင့် မိုင်းအသိပညာ ပေးရေးကိစ္စ များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲသို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Tuesday, January 31, 2017

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးသင်တန်း UN Peacekeeping (Platoon Size) Contingent Training Course ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 နှင့် အဖွဲ့ဝင်များ သည် ဖွင့်ပွဲအခမ်းအနား ကို တက်ရောက် လာကြသူများ နှင့်အတူ 
အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၃၁-၁-၂၀၁၇

မြန်မာ့တပ်မတော် နှင့် အိန္ဒိယတပ်မတော် တို့အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ် အနေဖြင့် ဆောင်ရွက်သော ဒုတိယအကြိမ် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး သင်တန်း UN Peacekeeping (Platoon Size) Contingent Training Course ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ရှိ Park Royal ဟိုတယ်၌ ကျင်းပ ပြုလုပ်သည်။ 

အဆိုပါ ဖွင့်ပွဲအခမ်းအနား သို့ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Shri Vikram Misri နှင့် စစ်သံမှူး Colonel Naveen Mahajan ၊ အိန္ဒိယတပ်မတော် Centre For United Nations Peacekeepong ( CUNPK) မှ နည်းပြ အရာရှိများ ၊ မြန်မာ တပ်မတော်မှ သင်တန်းသား အရာရှိ ၊ စစ်သည်များ တက်ရောက် ကြသည်။

ဦးစွာ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ တပ်မတော် အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တာဝန် များကို ၁၉၅၈ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ တပ်ဖွဲ့ဝင်များ စေလွှတ်တာဝန် ထမ်းဆောင်မှု အခြေအနေများ ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ မှစတင်၍ တောင်ဆူဒန် နှင့် လိုက်ဗေးရီးယား နိုင်ငံများသို့ အရာရှိများ စေလွှတ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် ပြန်လည်ပါဝင် ထမ်းဆောင်နေသည့် အခြေအနေ များ ၊ မြန်မာ့ တပ်မတော် အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ် များတွင် စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင် နိုင်ရေး အတွက် စပိန် ၊ နော်ဝေ ၊ သြစတြေးလျ ၊ ယူကရိန်း ၊ မလေးရှား ၊ ကမ္ဘောဒီးယား ၊ ပါကစ္စတန် နှင့် အိန္ဒိယနိုင်ငံ များသို့ မြန်မာ့ တပ်မတော်မှ တပ်ဖွဲ့ဝင်များ စေလွှတ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဆိုင်ရာ သင်တန်းများ တက်ရောက်စေမှု အခြေအနေများ ၊ နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများ၌ ကုလသမဂ္ဂ၏ ဦးဆောင်မှုနှင့် အတူ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ရာတွင် Contingent Troop စေလွှတ်နိုင်ရေး မျှော်မှန်း လေ့ကျင့်ပေးသည့် သင်တန်း ဖြစ်သည့်အတွက် သင်တန်းသား အရာရှိ ၊ စစ်သည်များ အနေဖြင့် သင်တန်းမှ ပို့ချ လေ့ကျင့်ပေးမှု များကို စိတ်ဝင်တစား နှင့် တတ်ကျွမ်း နားလည်အောင် လေ့လာသင်ယူ သွားကြရန် လိုအပ်မှု အခြေအနေ များအား မှာကြားခဲ့သည်။

ထို့နောက် အိန္ဒိယသံအမတ်ကြီး က အမှာစကား ပြောကြားပြီး အိန္ဒိယနိုင်ငံ Centre For United Nations Peacekeepong ( CUNPK) မှ နည်းပြ တစ်ဦးက အိန္ဒိယနိုင်ငံ ၏ UN Peacekeeping Operations တွင် ပါဝင်ဆောင်ရွက် နေမှု အခြေအနေ များအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များ သည် ဖွင့်ပွဲအခမ်းအနား ကို တက်ရောက် လာကြသူများ ၊ CUNPK မှ နည်းပြ အရာရှိများ ၊ သင်တန်းသား အရာရှိ ၊ စစ်သည်များ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Thursday, December 1, 2016

AIDS ရောဂါနှင့် ART ဆေး


AIDS ရောဂါနှင့် ART ဆေး

ယခင်က ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS ကို ကုရာနတ္ထိ ဆေးမရှိသော ရောဂါဟု ခေါ်ဆိုကြသည်။ အဆိုပါရောဂါ ရရှိသည်နှင့် ကုသရန် ဆေးမရှိဘဲ တဖြည်းဖြည်း ခုခံအား ကျဆင်းကာ နောက်ဆုံးတွင် ဘဝနိဂုံးချုပ် ရသောကြောင့် ထိုကဲ့သို့ ဆိုခြင်းဖြစ်သည်။ ယခုအခါ AIDS ရောဂါ၏ အစကနဦး HIV ပိုးကိုထိန်းချုပ် နိုင်သည့် ART ဆေးရရှိနေပြီ ဖြစ်သည်။

ART ဆေးသည် HIV ပိုးကို အသေမသတ် နိုင်သော်လည်း ခန္ဓာကိုယ် အတွင်းရှိ HIV ပိုးကို ဆက်လက် ရှင်သန် လှုပ်ရှားမှု မဖြစ်စေရန် ထိန်းထားပေး နိုင်သည်။ ထိုသို့ထိန်းပေး နိုင်သောကြောင့် ခုခံအား ကျဆင်းသည့် ရောဂါဆိုး AIDS အဆင့်သို့ မရောက်တော့ဘဲ သက်တမ်းစေ့ နေနိုင်ပြီ ဖြစ်သည်။

ကုလသမဂ္ဂ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် HIV ပိုးကူးစက်ခံရသူ လူဦးရေ ၃၅ သန်းရှိသည် ဟု သိရသည်။ အဆိုပါ လူဦးရေမှ ဦးရေ ၁၉ သန်းခန့်ကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က မှတ်တမ်းတင် နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ထို့ကြောင့် AIDS ရောဂါ ထိန်းချုပ်ရေးနှင့် ရောဂါ ပပျောက်ရေး အတွက် အလှမ်းကွာဝေး သကဲ့သို့ ရှိနေသည်။

ထိုရောဂါ ဖြစ်ပွားနေမှုကို အသေးစိတ်သိမှ သာလျှင် ရောဂါထိန်းချုပ်မှု ရောဂါမပြန့်ပွား စေရန် တားဆီးနိုင်မှု ရှိမည်ဖြစ်သည်။ ထို့ကြောင့် HIV ပိုးကူးစက်ခံရလျှင် ရှက်စရာ၊ ကြောက်စရာ ဟု သဘောမထားဘဲ မိမိ အသက်ရှင်သန် ရေးအတွက် နီးစပ်ရာ ကျန်းမာရေးဌာန သို့ အမြန်ဆုံး အသိပေး ရမည် ဖြစ်သည်။

အဆိုပါရောဂါသည် အပျော်အပါး လိုက်စားရာမှ ကူးစက်ခြင်း ဖြစ်သောကြောင့် အပျော်အပါးကို လျှော့ချသင့်သည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံမှု ပြုမည် ဆိုလျှင်လည်း အကာအကွယ် ပစ္စည်းကို အသုံးပြုရမည် ဖြစ်သည်။ ထို့ပြင် ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အသိပညာပေးရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည် ဖြစ်သည်။

HIV ပိုးကိုစတင် သိရှိခဲ့သည်မှာ နှစ်ပေါင်း ၃ဝကျော်ပြီ ဖြစ်သည်။ ထိုကာလ နောက်ပိုင်း မျက်မှောက် ကာလတွင် ရောဂါပိုး ထိန်းချုပ် နိုင်သည်မှာ ဆေးသိပ္ပံ လောက၏ ကြီးမားသော အောင်မြင်မှု တစ်ရပ်လည်း ဖြစ်သည်။

သို့ဖြစ်ရာ တစ်ချိန်သော အခါက ကုရာနတ္ထိ ဆေးမရှိ ဖြစ်ခဲ့သော ကြောက်စရာ ကောင်းသည့် AIDS ရောဂါဆိုးကြီးကို ယခုအခါ ART ဆေးဖြင့် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ ထို့ပြင် ကုလသမဂ္ဂ အဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် 

ဝိုင်းဝန်းကာကွယ် တိုက်ဖျက်နေပြီ ဖြစ်သောကြောင့် လည်း နောင်နှစ်များတွင် ထိုရောဂါဆိုးကြီးကို ရဲရဲတင်းတင်း ကာကွယ်နိုင်မည် ဖြစ်ပြီး AIDS ရောဂါကို ထိန်းချုပ် သွားနိုင်မည် ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

Monday, November 28, 2016

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူ များနှင့် တာဝန်ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မှုများ ဆောင်ရွက်





နေပြည်တော် ၊ ၂၈-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ရဲစခန်းများ အကြမ်းဖက် စီးနင်းတိုက်ခိုက် ခံရမှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆုံးရှုံးသွားသည့် လက်နက်ခဲယမ်းများ ပြန်လည် ရရှိရေး၊ ပြစ်မှုကျူးလွန်သူ များနှင့် ပါဝင်ပတ် သက်သူများ ဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက် နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်စဉ် ကျေးရွာအချို့၌ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ထပ်မံဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူများ၊ ပါဝင်ပတ်သက်သူများ ထွက်ပြေး တိမ်းရှောင်မှု၊ ၄င်းတို့၏ သွေးထိုးလှုံ့ဆော်မှု များကြောင့် ရွာသူရွာသားများမှာ စိုးရိမ် ထိတ်လန့်ပြီး နေရပ်မှစွန့်ခွာ တိမ်းရှောင်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ကယ်ဆယ်ရေး စခန်းများနှင့် ကျေးရွာတို့သို့ နိုင်ငံတော်အစိုးရ၊ ရခိုင်ပြည်နယ် အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များက စားနပ်ရိက္ခာနှင့် လူသားချင်း စာနာထောက် ထားမှု အကူအညီများ၊ အလှူငွေ များကို သွားရောက်ပို့ဆောင် ထောက်ပံ့ ပေးခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ထောက်ပံ့ပေးလျက် ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် တပ်ဖွဲ့ဝင်များနှင့် နေရပ်စွန့်ခွာသူ များအတွက် ဆန် ၁ဝ၈၄ အိတ်၊ ဆီ ၂၁၆၉ ပိဿာ၊ ဆား ၂၁၆၉ ပိဿာ၊ ပဲ ၂၁၆၉ ပိဿာနှင့် ငါးသေတ္တာ ၉၃၁၉၈ ဘူးတို့ကို လည်းကောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလည်း လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် နေရပ်စွန့်ခွာသူ များအတွက် ဆန်အိတ် ၄ဝဝဝ၊ ငါးနီတူခြောက် ပိဿာ ၁ဝဝဝ၊ 

စက်သုံးဆီ ၈၄၈၇ ဒသမ ၅ ဂါလန်၊ စပါးရိတ်သိမ်း ခြွေလှေ့စက် အစီး ၃ဝ နှင့် မီးစက်ငါးလုံးကို လည်းကောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မောင်တောမြို့မှ စစ်တွေမြို့သို့ နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၆၅ စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်သောင်းနှုန်း ဖြင့် စုစုပေါင်း ငွေကျပ် ၃၆၅ဝဝဝဝ ကို လည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့သည်။

ထို့အတူ နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နိုဝင်ဘာ ၁၁ ရက်တွင် မောင်တောခရိုင် အတွက် ငွေကျပ် ၇ ဒသမ ၅ဝ သန်းတန်ဖိုး ရှိ ဆန်အိတ် ၂၅ဝ ကိုလည်းကောင်း၊ ကျဆုံးခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင် ကိုးဦးအတွက် တစ်ဦးလျှင် ငွေကျပ် လေးသိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၆ သိန်းကို လည်းကောင်း၊ ဒဏ်ရာရ လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦးအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်း နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁ဝ သိန်း ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်ကလည်း မောင်တောမြို့နယ် အတွင်း လုံခြုံရေးစခန်း ၁ဝ ခု အသစ် ဆောက်လုပ်ခြင်း နှင့် စခန်း ၁၅ ခု ပြုပြင်ခြင်းများ အတွက် ငွေကျပ် ၃၆ သန်းကို လည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့သည်။

အလားတူ နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော WFP ၊ UNHCR ၊ UNOCHA အဖွဲ့များ ကလည်း နိုဝင်ဘာ ၈ ရက်မှ ၁ဝ ရက် အတွင်း ကြက်ရိုးပြင်၊ ငါးစာကြူး၊ ပြောင်ပိုက်နှင့် ဝါးပိတ်ကျေးရွာ တို့မှ အိမ်ခြေ ၁ဝ၅၄ စု၊ လူဦးရေ ၇၂၃၂ ဦးအတွက် စားနပ်ရိက္ခာ နှစ်ပတ်စာ လေးမယ် ဖြစ်သော ဆန် ၁ဝ၁၁ အိတ်နှင့် ၄၈ ပြည်၊ ပဲ ၈၉ ဒသမ ၇၅ အိတ်၊ ဆီ ၃၆၈၈ လီတာ၊ ဆား ၃၉၄ ပိဿာတို့ကို လည်းကောင်း ပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

Sunday, November 27, 2016

UNHCR ရုံးအမှုထမ်း John McKissick ၏ ကိုယ်ကျင့်သိက္ခာနှင့် မညီညွတ်သော စွပ်စွဲပြောကြားချက် များအပေါ် ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ကန့်ကွက်


နေပြည်တော် ၊ ၂၇-၁၁-၂၀၁၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Baazaar အခြေစိုက် UNHCR ရုံး အမှုထမ်း John McKissick မှ ကုလသမဂ္ဂဝန်ထမ်း တစ်ဦး၏ ကိုယ်ကျင့်သိက္ခာ နှင့် မညီညွတ်သော စွပ်စွဲ ပြောကြားချက် များနှင့် စပ်လျဉ်း၍ ဂျီနီဗာမြို့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးထင်လင်း က UNHCR ဌာနချုပ်မှ Assistant High Commissioner (Protection) Mr. Volker Turk ထံ သွားရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ သဘောထားကို ပြောကြားကာ ကန့်ကွက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန် ထားသည်။

ဘီဘီစီသတင်းဌာန ၏ နိုဝင်ဘာ ၂၄ ရက် သတင်းတွင် ဖော်ပြပါရှိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Baazaar အခြေစိုက် UNHCR ရုံးမှ အမှုထမ်းဖြစ်သူ John McKissick မှ ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦး ၏ ကိုယ်ကျင့်သိက္ခာ နှင့် မညီညွတ်သော UNHCR ၏ လုပ်ငန်းများအပေါ် ထားရှိသည့် ယုံကြည်ချက် နှင့် ပူးပေါင်း ဆောင်ရွက်မှုကို ထိခိုက်ပျက်ပြား စေနိုင်သော၊ အခြေအမြစ် မရှိသည့် တစ်ဖက်သတ် စွပ်စွဲပြောကြားချက် များနှင့် စပ်လျဉ်း၍ ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်း သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက် အရ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး အား တွေ့ဆုံရန် မေတ္တာရပ်ခံခဲ့ သော်လည်း မဟာမင်းကြီးသည် ပြည်ပသို့ ရောက်ရှိနေ၍ လည်းကောင်း၊ ဒုတိယ မဟာမင်းကြီးမှာ အားလပ်ခြင်း မရှိ၍ လည်းကောင်း Assistant High Commissioner (Protection) ဖြစ်သူ Mr. Volker Turk နှင့် နိုဝင်ဘာ ၂၅ ရက်တွင် ဂျီနီဗာမြို့ရှိ UNHCR ရုံးချုပ်၌ သွားရောက် တွေ့ဆုံပြီး ကန့်ကွက်ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးထင်လင်း က မြန်မာနိုင်ငံအရေး ကိစ္စ နှင့်ပတ်သက်၍ ပထမအချက်မှာ ဘီဘီစီမှ ထုတ်ပြန်ခဲ့သည့် John McKissick ၏ ပြောကြားချက်ကို ၄င်းအနေဖြင့် အမှန်တကယ် ပြောကြား ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ပေးရန်နှင့် ဒုတိယအချက်မှာ ၄င်းအနေဖြင့် ပြောကြား ခဲ့ခြင်းမရှိက ယင်းသို့ ပြောကြားခဲ့ခြင်း မရှိကြောင်း သတင်းထုတ်ပြန် ပေးရန်၊ ထို့ပြင် တတိယအချက် အနေဖြင့် ၄င်းက ပြောကြားခဲ့သည် ဆိုပါက ပါဝင်သည့် အချက်များသည် မှန်ကန်မှု မရှိသောကြောင့် ကန့်ကွက် ပါကြောင်း၊ ထိုသို့ ပြောကြားချက် များသည် ကုလသမဂ္ဂ ဝန်ထမ်းများ လိုက်နာရမည့် Code of Conduct နှင့် မညီညွတ်ကြောင်း၊ ယင်းသို့ ပြောကြားခြင်းသည် UNHCR ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ ၄င်း၏ ပြောကြားချက်သည် မြန်မာနိုင်ငံနှင့် အစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ၄င်း၏ ပြောကြားချက် နှင့်ပတ်သက်၍ စိစစ်ပြီး ပြန်လည် ဖြေရှင်းပေးရန် မေတ္တာရပ်ခံ ကြောင်း၊ စာရေး သား ကန့်ကွက်ရန် လိုပါက စာပေးပို့သွားမည် ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

UNHCR မှ Assistant High Commissioner Mr. Volker Turk က ၄င်းမှာ ပြည်ပခရီး သွားရောက်ခဲ့ပြီး Mr. John McKissick ၏ ပြောကြားချက်ကို ယမန်နေ့ကမှ သိရှိ၍ ၄င်းအနေဖြင့် လည်းကောင်း၊ UNHCR အနေဖြင့် လည်းကောင်း အံ့သြမိပါကြောင်း၊ ယင်း ပြောကြားချက် သည်  Mr. John McKissick ၏ Individual capacity ဖြင့် ပြောကြားခြင်း ဖြစ်ကြောင်း၊ UNHCR ၏ ရပ်တည်ချက်ကို ကိုယ်စားမပြု ပါကြောင်း၊ အမြဲတမ်း ကိုယ်စားလှယ် မေတ္တာရပ်ခံ ထားသည့်အတိုင်း UNHCR အနေဖြင့် ဤကိစ္စကို မည်သို့ ဆက်လက် ဆောင်ရွက်နိုင်မည်ကို ပြန်လည်စိစစ်၍ ပြန်ကြားပေးမည် ဖြစ်ပါကြောင်း၊ မြန်မာအစိုးရ၊ မြန်မာပြည်သူ လူထုနှင့် UNHCR တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက် လိုပါကြောင်း၊ မည်သည့် အကူအညီမျိုး ကိုမဆို ဆက်လက် ပေးအပ်သွားမည် ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

UNHCR သည် ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ရပ်ဖြစ်၍ ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦး အနေဖြင့် ရှိသင့်ရှိအပ်သည့် ကိုယ်ကျင့်သိက္ခာ၊ လိုက်နာရသည့် စည်းမျဉ်းစည်းကမ်း များပြည့်ဝရန် လိုအပ်ပြီး သတင်းမီဒီယာ များတွင် ကုလသမဂ္ဂ အဖွဲ့အစည်း အမည်နာမကို အသုံးပြု၍ မဟုတ်မမှန် သတင်းများ ဖြန့်ချိခြင်းသည် လက်ခံနိုင်ဖွယ်ရာ မရှိသည့် လုပ်ဆောင်ချက် ဖြစ်၍ UNHCR အနေဖြင့် Mr. John McKissick ၏ ကိုယ်ကျင့်သိက္ခာ ပျက်ပြားသော ယခု လုပ်ဆောင်ချက် အပေါ် စိစစ်ဖြေရှင်းမှု ပြုရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Thursday, November 3, 2016

တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များမှ ဆောင်ရွက်မှုများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟု မဟုတ်မမှန်စွပ်စွဲချက်များ အပေါ် မှန်ကန်မှုမရှိကြောင်း နိုင်ငံတကာသို့ ပြသ


နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နှင့် အဖွဲ့ဝင်များ 
UNDP ကိုယ်စားလှယ် နှင့် သံအမတ်ကြီး များအား စစ်တွေလေဆိပ်ခန်းမ ၌ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၃-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ် များနှင့် ပတ်သက်၍ အစိုးရအဖွဲ့၏ လက်ရှိ ဆောင်ရွက် ထားသည့် အခြေအနေများကို သိရှိနိုင်ရန် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး/ လူသားချင်း စာနာမှု အကူအညီ ပေးရေး ညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး တချို့၏ မေတ္တာရပ် ခံချက်ဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီး များသည် ယမန်နေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

စစ်တွေလေဆိပ် ခန်းမတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က မောင်တောနှင့် ရသေ့တောင်မြို့နယ် များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များ အပြီးတွင် အစိုးရက ဥပဒေနှင့် အညီ ဖြေရှင်းလျက် ရှိကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်အား ဖြေရှင်းရာတွင် အစ္စလာမ်ဘာသာ ဝင်များအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ အထောက်အထားမဲ့ စွပ်စွဲ၍ ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို အတင်းအဓမ္မ ပြုကျင့်ခြင်း၊ နေအိမ်များအား ရွာလုံးကျွတ် မီးရှို့ခြင်းတို့ကို ပြုလုပ်လျက် ရှိသည်ဟူသော ပြင်ပသတင်း များမှာ ဟုတ်မှန်မှု မရှိကြောင်း၊ ယခုမြေပြင် တွင် အမှန်တကယ် လက်တွေ့ ကွင်းဆင်း လေ့လာသုံးသပ် ဆုံးဖြတ်နိုင်ရန် လိုက်လံပြသ ပေးမည်ဖြစ်ကြောင်း နှင့် မြေပြင်တွင် တွေ့ရှိရမည့် အစ္စလာမ် ဘာသာဝင်များအား ကိုယ်တိုင်မေးမြန်း နိုင်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လမ်းညွှန် ထားသည့်အတိုင်း ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရ 

တို့အနေဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ နှစ်ဖက် မျှမျှတတ ရှိစေရန် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်လျက် ရှိကြောင်း UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီး များအား ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီး များသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် သို့ ရောက်ရှိပြီး မောင်တောမြို့နယ် ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် ရှင်းလင်းဆောင် ၌ မောင်တောနှင့် ရသေ့တောင် မြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်၊ အကြမ်းဖက်မှု ဖြစ်စဉ် နောက်ပိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို မှတ်တမ်း အထောက်အထား အပြည့် အစုံဖြင့် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်နယ်အစိုးရ တို့မှ တာဝန်ရှိသူ များက ရှင်းလင်းသည်။

UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီး တချို့က သိရှိလိုသည် များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူ များက ပြန်လည် ဖြေကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် အဖွဲ့များသည် နေအိမ်ငယ် တချို့ကို မီးရှို့ထားခဲ့သည့် ဝါးပိတ်ကျေးရွာ သို့ သွားရောက် ကြည့်ရှုသည်။

ယင်းနောက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု စတင်ဖြစ်ပွားသည့် ကျီးကန်းပြင် ကျေးရွာသို့ သွားရောက်ရာ ဝါးပိတ်ကျေးရွာ နှင့်ကျီးကန်းပြင် ကျေးရွာတို့မှ တိမ်းရှောင် ပုန်းအောင်း နေသည့် အစ္စလာမ် ဘာသာဝင် များသည် 

၎င်းတို့ ပုန်းအောင်းသည့် နေရာများမှ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ၊ UNDP ကိုယ်စားလှယ် နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး များကို လာရောက် တွေ့ဆုံသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ဇင်ပိုင်ညာ ကျေးရွာတွင် နေထိုင်လျက် ရှိသည့် အစ္စလာမ် ဘာသာဝင် များနှင့် တွေ့ဆုံသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီး များသည် ရခိုင်၊ ဒိုင်းနက်၊ မြို နှင့် အစ္စလာမ် ဘာသာဝင် များ သင့်မြတ်စွာ စုပေါင်း နေထိုင်လျက် ရှိသည့် ကြိမ်ချောင်း ကျေးရွာသို့ သွားရောက် ခဲ့သည်။

ယင်းနောက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် တပ်မတော်သား ငါးဦးကျဆုံး ခဲ့သည့် ပြောင်ပိုက်ကျေးရွာ သို့ သွားရောက် ခဲ့ကြပြီး အဆိုပါကျေးရွာ ဝန်းကျင်တွင် နေထိုင်သည့် အစ္စလာမ် ဘာသာဝင် များနှင့် တွေ့ဆုံသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ဒိုးတန်းကျေးရွာ၊ ငါးခူရကျေးရွာ များသို့ ရဟတ်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှု ကြသည်။

ယခုခရီးစဉ်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် များတွင် ရဲစခန်းများအား အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ ခံခဲ့ရသဖြင့် တပ်မတော် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ နယ်မြေ ရှင်းလင်း ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု မဟုတ်မမှန် စွပ်စွဲချက်များ အပေါ် မှန်ကန်မှု မရှိကြောင်း နိုင်ငံတကာ အသိုက်အဝန်း သို့ ပြသ နိုင်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Tuesday, August 9, 2016

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များ သင်တန်းနည်းပြအရာရှိများ ၊ သင်တန်းသား အရာရှိများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး သင်တန်း သင်ခန်းစာ ပို့ချနေစဉ်

နေပြည်တော် ၊ ၉-၈-၂၀၁၆

မြန်မာ့တပ်မတော် နှင့် သြစတြေးလျ တပ်မတော်တို့ အကြား လေ့ကျင့်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဆောင်ရွက်သော Myanmar-Australia United Nations Peacekeeping Training Programme ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ကျင်းပ ပြုလုပ်သည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ နိုင်ငံ သံအမတ်ကြီး H.E. Mr. Nicholas Coppel နှင့် စစ်သံမှူး Captain Jonathan Dudley ၊ သြစတြေးလျ တပ်မတော်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ သင်တန်းနည်းပြ အရာရှိများနှင့် မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ UN Peacekeeping တွင် ၁၉၅၈ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ပါဝင်ဆောင်ရွက် ခဲ့မှုနှင့် ၂ဝ၁၄ ခုနှစ်မှ ယနေ့ထိ လိုက်ဘေးရီးယား နှင့် တောင်ဆူဒန် နိုင်ငံတို့၌ UN Observer အဖြစ် တာဝန် ထမ်းဆောင်မှု အခြေအနေများ၊ သင်တန်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် ပေးသည့် သြစတြေးလျ နိုင်ငံဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ များနှင့် အကျိုးရှိသည့် သင်တန်း ဖြစ်စေရေး ကြိုးစားအားထုတ် လေ့လာကြရန် မှာကြားသည်။

ထို့နောက် သြစတြေးလျ သံအမတ်ကြီးက အမှာစကား ပြောကြားသည်။ ၄င်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် သြစတြေးလျ သံအမတ်ကြီး တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များ သည် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက် လာကြသူများ၊ သင်တန်းနည်းပြ အရာရှိများ၊ သင်တန်းသား အရာရှိများ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ သင်တန်းကို မြန်မာ့ တပ်မတော်မှ အရာရှိများအား ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ဘာသာရပ် များကို လေ့လာသင်ယူ နိုင်စေရန်၊ သင်တန်း နည်းပြများ၊ သင်တန်းသား အရာရှိများ အချင်းချင်း အပြန်အလှန် တွေ့ဆုံဖလှယ် ဆွေးနွေးရန် နှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက် စေရန် ရည်ရွယ်ပြီး သြဂုတ် ၁၈ ရက်ထိ ၁ဝ ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Thursday, July 14, 2016

ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ "၇" အရ တောင်တရုတ်ပင်လယ် အရေးကိစ္စတွင် အနုညာတခုံရုံး ၏ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်


၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ ''၇''အရ တောင်တရုတ် ပင်လယ်အရေးကိစ္စနှင့် ပတ်သက်သည့် အနုညာတခုံရုံး ၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သား ထားပါသည်။ အဆိုပါ အနုညာတခုံရုံး ဆုံးဖြတ်ချက်၏ အကျိုး သက်ရောက်မှု နှင့် ဒေသ အတွင်းနှင့် ပြင်ပသို့ ရိုက်ခတ် လာနိုင်မည့် ဂယက်ကို မြန်မာနိုင်ငံမှ စောင့်ကြည့် လေ့လာလျက် ရှိသည်။

မြန်မာနိုင်ငံသည် တောင်တရုတ် ပင်လယ် ပိုင်ဆိုင်မှုကို ကြေညာသည့် နိုင်ငံမဟုတ် သော်လည်း တောင်တရုတ် ပင်လယ်၏ ဖြစ်ပေါ် တိုးတက်မှုများကို အလေးအနက်ထား ရှိပါသည်။ မြန်မာနိုင်ငံ အနေနှင့် အငြင်းပွားမှုကို ၁၉၈၂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အပါအဝင် နိုင်ငံအားလုံးမှ အသိအမှတ်ပြုသည့် အပြည်ပြည် ဆိုင်ရာ ဥပဒေ အခြေခံမူများ နှင့်အညီ ဆွေးနွေးမှုနှင့် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းမှုများမှ တစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းမှုများ အားလုံးကို အစဉ်အမြဲ အားပေး ထောက်ခံပါသည်။

သက်ဆိုင်သည့် နိုင်ငံများအနေနှင့် အခြေအနေကို တင်းမာစေမည့် လုပ်ဆောင်မှုများ အပေါ် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် နှင့် ပြဿနာကို အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းပါသည်။

မြန်မာနိုင်ငံသည် စည်းမျဉ်းဥပဒေကို အခြေပြုသည့် အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အလျောက် နိုင်ငံတကာ အသိုက်အဝန်း အတွင်း နိုင်ငံခြား ဆက်ဆံရေးကို အကောင် အထည်ဖော်မှုတွင် စည်းမျဉ်း ဥပဒေကို လေးစားလိုက်နာရန် ကတိပြုထား ပါသည်။

မြန်မာနိုင်ငံ အနေဖြင့် တောင်တရုတ် ပင်လယ်တွင်း နိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာချက် အပြည့်အဝနှင့် ထိရောက်စွာ အကောင် အထည်ဖော်ရေး နှင့် တောင်တရုတ် ပင်လယ်တွင်း ကျင့်ထုံးတစ်ရပ် ဆောလျင်စွာ ပေါ်ထွက်ရေး အတွက် တူညီဆန္ဒအပေါ် အခြေပြု၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များနှင့် တရုတ်နိုင်ငံတို့ နှင့်ဆက်လက်ပြီး လက်တွဲလုပ်ကိုင် သွားမည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

Friday, July 1, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Ms. Yanghee Lee အား လက်ခံတွေ့ဆုံ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ 
Ms. Yanghee Lee အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၁-၇-၂၀၁၆

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင် ၌ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ Ms. Yanghee Lee အား လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော် အစိုးရ ဦးဆောင်မှု အောက်တွင် တပ်မတော်၏ တာဝန် ထမ်းဆောင်မှု အခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ကျင်းပနိုင်ရေး တပ်မတော်က ပါဝင်ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ တိုက်ပွဲဖြစ်ပွား ရသည့် အခြေခံ အကြောင်းရင်းများ၊ တပ်မတော် အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိစေရေး ဥပဒေနှင့် အညီ ထိထိ ရောက်ရောက် ထိန်းသိမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဂျီနီဗာ ကွန်ဗင်းရှင်း၊ အာတီကယ် (၁၇)နှင့် ပတ်သက်၍ အခြေအနေ၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ နောက်ဆုံး အခြေအနေ အထိ အကူအညီ ပေးမှု အခြေအနေများ၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု မရှိသည့် အခြေအနေ၊ မြန်မာ့ တပ်မတော် အတွင်း အရွယ်မရောက် သေးသူ ကလေး သူငယ်များ စစ်မှုထမ်းခြင်း မရှိစေရေး ကုလသမဂ္ဂ လက်အောက်ခံ Country Task Force on Monitoring and Reporting (CTFMR) နှင့်ပူးပေါင်း၍ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ယခုကဲ့သို့ တွေ့ဆုံပြီး နောက်ပိုင်း ကာလများ၌ သိရှိလိုသည် များရှိပါက မိမိတို့ထံ အချိန်မရွေး ဆက်သွယ်နိုင် ပါကြောင်း၊ ထိုသို့ ဆက်သွယ်မည် ဆိုပါက ကြိုဆိုပါကြောင်း နှင့် Focal Point ထားရှိပေးမည် ဖြစ်ကြောင်း၊ သိလိုသည် များကိုလည်း စိစစ်ချက်နှင့် အတူ ပြန်ကြား ပေးမည် ဖြစ်ကြောင်း၊ ထိုသို့ အပြန်အလှန် ဆက်သွယ်မှု သည် မြန်မာ့ တပ်မတော် ၏ လူ့ အခွင့်အရေး အခြေအနေ ဆိုင်ရာ ဖောက်ဖျက်မှု၊ စွပ်စွဲချက်များ ရှိမှု/မရှိမှု အပေါ် နှစ်ဖက်ဖြေရှင်း ရာ၌ အကူအညီပြုရာ ရောက်ပါကြောင်း ဖြည့်စွက် ဆွေးနွေး ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူနှင့် အတူ တာဝန်ရှိသူများ တက်ရောက် ကြပြီး တွေ့ဆုံပွဲ အပြီးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က Ms. Yanghee Lee အား အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger