www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label မှုခင်းကျဆင်းရေး. Show all posts
Showing posts with label မှုခင်းကျဆင်းရေး. Show all posts

Thursday, September 27, 2018

ဦးဇော်ဝင်းအမှုရုံးချိန်းတွင် သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်မှုဖြစ်



မန္တလေး ၂၇-၉-၂ဝ၁၈

ပြည်ကြီး တံခွန်မြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်အညို ပျက်စေမှု၊ ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် တရားစွဲဆို ခံထားရသည့် ရှေ့နေကြီး ဦးဇော်ဝင်း၏ အမှုရုံးချိန်းတွင် တရားသူကြီးနှင့် ဦးဇော်ဝင်းတို့ စကား အချေအတင် ဖြစ်ရာမှ တာဝန်ကျ ရဲအရာရှိက သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်မှုထိ ဖြစ်ပွားခဲ့ကြောင်း ရုံးချိန်းတွင် လာရောက်ဝန်းရံသူ ဦးသိန်းအောင်မြင့်က ပြောပြသည်။

ယင်းသို့ ဖြစ်ပွားနေချိန်တွင် လုံခြုံရေးတာဝန် ဆောင်ရွက်နေသည့် ရဲတစ်ဦးမှာ အရက်မူးနေကြောင်း၊ အရက်သောက်ထားသူ လက်ထဲ သေနတ်ရောက်သွားပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ယင်းကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံလည်း အကြောင်းကြား ထားကြောင်း သိရသည်။

"ဒီအပေါ်မှာ အစ်ကိုတို့က ဒါမဖြစ်သင့်ဘူး။ ရဲကျင့်ဝတ်၊ ရဲဥပဒေချိုးဖောက်တာပဲ။ ဒီတရားခွင်ထဲကို စိတ်ဝင်စားလို့ လာတာပဲဖြစ်ဖြစ်၊ ဝန်းရံတာပဲဖြစ်ဖြစ် ဒီကိုလာတဲ့ ပြည်သူတွေ အနေနဲ့ကြည့်ရင် ဒါဟာလက်နက်ကိုင်ပြီး ခြိမ်းခြောက် လိုက်တာလို့ပဲ မြင်ပါတယ်။ ရဲတွေအတွက်လဲ မလိုလားအပ်တဲ့ ပြဿနာ တွေဖြစ်သွား နိုင်တယ်။ ဒါနဲ့ပတ်သက် ပြီးတော့လဲ ရဲတပ်ဖွဲ့ကို အကြောင်းထားတယ်။ သူတို့ကလဲမျှတအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ပြောတယ်"ဟု ဦးသိန်းအောင်မြင့်က ပြောပြသည်။

မတ္တရာမြို့နယ် တရားရုံး၊ တရားခွင်တွင် ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် အတွက် အမှုရင်ဆိုင်နေရသည့် ရှေ့နေ ဦးဇော်ဝင်းသည် မတ် ၁၅ ရက်က ပြည်ကြီးတံခွန်မြို့နယ် တရားရုံးဝင်းအတွင်း တွဲဖက်မြို့နယ် တရားသူကြီး၏ တရားခွင်စစ်ဆေး ခဲ့သည့်အမှု တစ်ခုနှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်ကာ တရားခွင်ရှေ့က ဆိုင်းဘုတ်တစ်ခုကို တရားခွင်စစ် ဆေးပြီးချိန်တွင် ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့ရာ တွဲဖက်တရားသူကြီးက တိုင်တန်း ခဲ့သည့်အတွက် ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဦးဇော်ဝင်းအနေဖြင့် တရားစီရင်ရေးကို ပုတ်ခတ်ပြောဆိုခြင်း၊ အသုံးမကျသည့် ရုံးဟူသော စကားလုံးဖြင့် တရားသူကြီးတို့ကို ညစ်ညမ်းစွာဆဲဆိုခြင်း၊ တရားသူကြီး ကိုဝင်ရိုက်မည်ဟု ပြောဆိုခြင်း၊ နိုင်ငံတော်အဆင့် လူကြီးများကို မလေးစားစေရန် လှုံ့ဆော်ပြောဆိုခြင်း၊ တရားရုံးဝင်းအတွင်း၊ အနီးဝန်းကျင်နှင့် တရားခွင် အမှုစစ်ဆေး ခြင်းတို့ကို ခွင့်ပြုချက်မရှိဘဲ လက်ကိုင်ဖုန်းဖြင့် ဗီဒီယို၊ ဓာတ်ပုံရိုက်ကူး ခြင်းတို့ကို ဆောင်ရွက်ကြောင်း ဒုတိယမြို့နယ် တရားသူကြီး ဒေါ်စုသက်ငုံက တိုင်ကြားထားသည်။

တွဲဖက်တရားသူကြီး ဒေါ်စုသက်ငုံ၏ တိုင်ကြားချက်ကြောင့် ဦးဇော်ဝင်းကို ပြည်ကြီးတံခွန် မြို့မရဲစခန်းက (၇)၁၆ဝ/၂ဝ၁၈၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅ဝ၆ တို့ဖြင့် တရားရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Monday, September 10, 2018

နယ်မြေလုံခြုံရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် နေ့၊ည ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေ



စစ်ကိုင်း ၁ဝ-၉-၂ဝ၁၈

စစ်ကိုင်းမြို့နယ် လုံခြုံရေးအတွက် အချက်အချာကျသည့် နေရာများတွင် ပူးပေါင်းအဖွဲ့ဖြင့် နေ့၊ ည ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများကို စက်တင်ဘာ ၇ ရက်မှစ၍ပြုလုပ် ဆောင်ရွက်နေကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ သိရသည်။

စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ စစ်ကိုင်းမြို့မရဲစခန်းနှင့် နယ်မြေခံ ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များ၊စစ်ကိုင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အဖျက်အမှောင့်များ၊ ဖောက်ခွဲဖျက်ဆီးမှုများ မဖြစ်ပေါ်စေရေး၊ ခိုး၊ဆိုး၊လုနှိုက်မှုများ မဖြစ်ပေါ်စေရေး၊ အများပြည်သူ လုံခြုံရေးအတွက် ဧရာဝတီတံတား (ရတနာပုံ)၊ အင်းဝတံတား (စစ်ကိုင်းဘက်ခြမ်း) တို့တွင် သွားလာနေသည့် ယာဉ်များကို ရပ်တန့်ရှာဖွေစစ်ဆေးခြင်း၊ စစ်ကိုင်းမြို့အတွင်း အချက်အချာကျသည့် နေရာများ၌ လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ကျော်ထွန်းနိုင်က ပြောပြသည်။

"မန္တလေးဘက်ခြမ်းက ပိတ်ဆို့ရှာဖွေရေးတွေ လုပ်နေတဲ့ အခါကျတော့ အဲဒီဘက်ကလူတွေ အကြောင်း အမျိုးမျိုးကြောင့် ရောက်လာမှာစိုးလို့ ကျွန်တော်တို့ဘက်က မသမာတဲ့သူတွေရှိလို့ရှိရင် ဖမ်းလို့လွယ်အောင်ဆိုပြီး နေ့၊ညပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေလုပ်တာပါ။ အရင်ရက်တွေကတော့ နေ့မလုပ်ပါဘူး။ နေ့၊ည ဆောင်ရွက်တာ နှစ်ရက်ရှိပြီ။ ဒီနေ့လဲ ဆောင်ရွက်နေပါတယ်။ မနက်ပိုင်း၊ ညနေပိုင်းလုပ်နေတဲ့ အချိန်တွေကို ရှောင်တခင်အချိန်တွေ ပြောင်းလုပ်သွားမှာပါ"ဟု ၎င်းက ဆက်လက်ပြောပြသည်။

ထိုသို့ပူးပေါင်း အဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ရာတွင် မူးယစ်ဆေးဝါးဖမ်းဆီး ရမိမှုနှစ်မှု၊ တရားမဝင် တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်မှု နှစ်မှု၊ လိုင်စင်မဲ့ကား ဖမ်းဆီးရမိမှုလေးမှုနှင့် အခြားမူးယစ် ရမ်းကားမှုများကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ကျော်ထွန်းနိုင်က ပြောပြ၍ သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

Tuesday, August 28, 2018

မုံရွာတက္ကသိုလ်နယ်မြေနှင့် ချင်းတွင်းဆိပ်ကမ်းရှိ စုံတွဲအများစုအား ဓားထောက်ခြိမ်းခြောက်ကာ အုပ်စုဖွဲ့လုယက်သည့်လူငယ်များကို ဖော်ထုတ်အရေးယူ



မုံရွာ ၂၈-၈-၂ဝ၁၈

မသင်္ကာဖုန်းခိုးသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာမှ မုံရွာတက္ကသိုလ်နယ်မြေနှင့် ချင်းတွင်းဆိပ်ကမ်း ရှိစုံတွဲများကို ဓားထောက် ခြိမ်းခြောက်ပြီး ဖုန်းနှင့် ငွေကြေးများ လုယက်သည့် အုပ်စုဖွဲ့လုယက် လူငယ်များကို ဖော်ထုတ် အရေးယူ နိုင်ခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

မုံရွာမြို့၊ မုံရွာနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဆန်းလင်း၊ နယ်ထိန်း ရဲအရာရှိ ဒုတိယရဲအုပ် တင့်လွင်ဦးနှင့် အဖွဲ့သည် သြဂုတ် ၂၃ရက်က မုံရွာတက္ကသိုလ် နယ်မြေအတွင်း လြုံခုံရေးလှည့်ကင်းများ ဆောင်ရွက်နေစဉ် ဖိုးလပြည့်(ခ)လပြည့်၊ ချစ်မွှေးကြိုင်သင်း၊ ဝေယံ(ခ)တိုးဝေယံ (ခ) ဘိုဝေယံထွန်းနှင့် ဝေဖြိုးအောင်ဆိုသည့် လူငယ်များကို ဖုန်းခိုးသူ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ရာမှ အုပ်စုဖွဲ့လုယက်မှုများ ပေါ်ပေါက်၍ သြဂုတ် ၂၆ရက်တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

"ဖုန်းခိုးတဲ့သူလို့ မှတ်ယူရတဲ့ မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေး လိုက်တဲ့အခါ သူတို့ရဲ့ပြစ်မှု ကျူးလွန်ပုံ ကျူးလွန်နည်းက စုံတွဲတွေဆီက ဓားထောက်ခြိမ်းခြောက်ပြီး လုယက်ခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက် သလိုအချို့ ဖြစ်စဉ်မှာလဲ လမ်းဘေး အိပ်ပျော်နေတဲ့ သူရဲ့အင်္ကျီအိတ်ကပ်ထဲက အလွယ်တကူ နှိုက်ယူခဲ့ တာလဲပါတယ်"ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန်းဝင်းက ပြောပြသည်။

လွန်ခဲ့သော ၁၅ရက်ခန့် ည ၈ နာရီက မုံရွာတက္ကသိုလ် မြောက်ဘက် ခြံစည်းရိုးအနီး မိုးကုတ်ဝိပဿနာ ကျောင်းတောင်ဘက် သဲချောင်းအနီးမှတွေ့ ရသော စုံတွဲတစ်တွဲထံမှ Huawei Y 9/2018 အမျိုးအစား အပြာရောင်ဖုန်းတစ်လုံး၊ တစ်လကျော် ည ၁ဝနာရီခန့်က မုံရွာမြို့ ကမ်းနားလမ်း ကျောက်ဆောင်ဆိပ်ကမ်း တောင်ဘက်အနီး သစ်ပင်အောက်ရှိ လူတစ်ဦးထံမှ Samsung Meja Model အမျိုးအစားအနက်ရောင် ဖုန်းတစ်လုံး၊ လွန်ခဲ့သော ၁၅ရက် ည ၈နာရီခန့်က မုံရွာမြို့ သလ္လာနယ်မြေ(၉) ရပ်နှင်းဆီခြံအနီးရှိ စုံတွဲတစ်တွဲကို ဓားပြခြိမ်းခြောက်၍ Huawei Y7 Prime Model TRT L-21 A ရွှေအိုရောင်အမျိုးအစား ဖုန်းတစ်လုံး၊ လွန်ခဲ့သော တစ်လခန့် ည ၉နာရီက ချင်းတွင်း ဆိပ်ကမ်းအနီးရှိ လူတစ်ဦးထံမှ Honor H 30 Coo အနက်ရောင် ဖုန်းတစ်လုံး၊ လွန်ခဲ့သော တစ်လခွဲ ည ၉နာရီက ရုံးကြီးရပ်ကွက် သလ္လာဝတီနယ်မြေ အုန်းပင်ဆိပ်ကမ်းအနီး တမာပင်ဘေးနေရာတွင် အိပ်ပျော်နေသည့် လူတစ်ဦး ထံမှ Huawei 8813 ဖုန်းတစ်လုံး၊ လွန်ခဲ့သော တစ်ပတ်ခန့်က ည ၈နာရီတွင် ရုံးကြီးရပ်ကွက် လျှပ်စစ်ရုံးအနီး လမ်းကြားရှိ စုံတွဲတစ်တွဲထံမှ VIVO 160 ရွှေအိုရောင်ဖုန်းတစ်လုံး၊ လွန်ခဲ့သော ၂ဝ ရက်က မွန်းလွဲ ၁နာရီ မိနစ် ၃ဝက မုံရွာတက္ကသိုလ် အတွင်းဘောလုံး ကွင်းအနီး ချုံပုတ်ဘေးရှိ စုံတွဲတစ်တွဲထံမှ MEIZU M5 ရောင်ဖုန်းနှစ်လုံးနှင့် လွန်ခဲ့သော ၁၂ရက်ခန့် ည ၁ဝနာရီက လယ်တီရပ် ဘူတာအနီး အိပ်ပျော်နေသူ လူတစ်ဦးထံမှ Samsung J7ဖုန်းတစ်လုံးတို့ကို လုယက်ခိုးယူခဲ့ကြောင်း ကနဦး စစ်ဆေးချက်များအရ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီး၊ ဓားသုံးချောင်းကို အမှုစစ်ရဲအဖွဲ့က အမှုဖြင့် သိမ်းဆည်းထားကာ ပြစ်မှုကျူးလွန်သူများကို အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, July 31, 2018

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ မူးယစ်ဆေးဝါးများ၊ ရွှေထည်ပစ္စည်းများနှင့် ငွေများ ဖမ်းဆီးရမိ



မိုးညှင်း ၃၁-၇-၂ဝ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံရဲစခန်း ပိုင်နယ်မြေတွင် သတင်းအရ ရှာဖွေရာမှ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ရောင်းရငွေနှင့် ရွှေထည် ပစ္စည်းမျိုးစုံတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း လုံးတုံနယ်မြေ ရဲစခန်းမှ သိရသည်။

အင်းတော်ကြီး ဒေသညောင် ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းသည် ယနေ့မွန်းလွဲ ၁၂နာရီမိနစ် ၃ဝခန့်က မူးယစ်ဆေးဝါးများ ရောင်းချနေသော သတင်းအရ လုံးတုံနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ဒုတိယ ရဲအုပ်ဝေမင်းဖြိုး၊ ရဲတပ်ကြပ်ကြီး ညိုမောင်နှင့်အဖွဲ့၊ ကျေးရွာပြည်သူ့ စစ်အဖွဲ့နှင့် ကျေးရွာရပ်မိ ရပ်ဖများပါဝင်သော အဖွဲ့တို့နှင့်အတူ ညောင်ပင်ကျေးရွာ အုပ်စုအတွင်း အောက်ရွှေကျင်အရပ်ရှိ စုစုသန်း၏ လယ်တဲကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးဘိန်းဖြူ သုည ဒသမ ၂၅ဂရမ်ခန့်ပါ ပုလင်း ၁၁ပုလင်း၊ သုည ဒသမ ဝ၅ဂရမ်ခန့်ပါတစ်ဘူး၊ 88/1 စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား၂၁ပြား၊ ဘိန်းဖြူ ၂ ဒသမ ၈ဝ၁ ဂရမ်၊ငွေစက္ကူရောရာ ငွေကျပ်၃၆၅ဝဝဝ၊ ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေလက်စွပ် စုစုပေါင်း အလေးချိန် ၁ဝ ကျပ်သားခန့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အိမ်ရှင်ဖြစ်သူ စုစုသန်းမှာ တိမ်းရှောင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စုစုသန်း (ဘ) ဦးသန်းမောင် မြို့သစ်ကလေးကျေးရွာ ဟိုပင်မြို့နေသူကို လုံးတုံနယ်မြေရဲစခန်းက မယ(ပ)၄၅/၁၈၊မူး/စိတ်ပုဒ်မ- ၁၉(က)/ ၂၁(က)ဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

မိတ္ထီလာမြို့တွင် သက်သေခံပစ္စည်းများနှင့် အတူကြက်တိုက်လောင်းကစားဝိုင်း ဖမ်းဆီးရမိ



မိတ္ထီလာ ၃၁-၇-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ (၁) စံပယ်ဦးတိုးချဲ့ ရပ်ကွက်တွင် ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီ မိနစ်၂ဝ ခန့်က သက်သေခံပစ္စည်းများ နှင့်အတူ ကြက်တိုက် လောင်းကစားဝိုင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကြက်တိုက် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဒုတိယရဲအုပ် လှမျိုးသူနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ဥာဏ်သိန်း ပိုင်ဆိုင်သော ခြံဝင်းထဲသို့ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား နေအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်ဝရမ်း အမှတ်(၄ဝ/၂ဝ၁၈) ဖြင့် ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ မောင်ငယ်(ခ) သန်းအောင် (ဘ)ဦးစိန်ငွေ ရန်မျိုးအောင်ရပ်ကွက် မိတ္ထီလာမြို့နေသူကို နီနက်ကျား တိုက်ကြက်ဖနှစ်ကောင်၊ နက်စိမ်းကျား တိုက်ကြက်ဖနှစ်ကောင် စုစုပေါင်း လေးကောင်၊အဝါရောင်ရေပုံး တစ်ပုံး၊ ဆိုင်ကယ်မျိုးစုံ ၁၃စီး၊ လောင်းကြေးငွေကျပ် ၁၃၅ဝဝ၊ အပြာနုရောင် ခလုတ်ဖုန်းတစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အခြားသူများမှာ ထွက်ပြေးသွားသဖြင့် မောင်ငယ် (ခ) သန်းအောင်ကို ဆက်လက်စစ်ဆေး မေးမြန်းခဲ့ရာ ထွက်ပြေး သွားသူများမှာ တင်လင်းအောင်နှင့် အရှည်ကြီးတို့ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကြက်တိုက်လောင်းကစား ပြုလုပ်သူ မောင်ငယ်(ခ)သန်းအောင်၊ တင်လင်းအောင်၊ အရှည်ကြီး၊ ခြံပိုင်ရှင် ဥာဏ်သိန်းတို့ကို ဥပဒေအရ အရေးယူပေးရန် ဒုတိယရဲအုပ် လှမျိုးသူက တရားလိုပြုလုပ် တိုင်တန်းသဖြင့် အမှတ်(၂) နယ်မြေရဲစခန်းက (ပ) ၂၅၇/၂ဝ၁၈၊ လောင်းကစား ဥပဒေပဒု မ် -၁၃(က)/၁၄(က) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, July 18, 2018

ကျောက်စိမ်းအရိုင်းတုံးများ တင်ဆောင်ထားသော မော်တော်ယာဉ်တစ်စီး သိမ်းဆည်းရမိ



နေပြည်တော် ၁၈-၇-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်ရှိ ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများကို စစ်ဆေးစဉ် ယနေ့နံနက် ၇နာရီခွဲခန့်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၉၈မိုင် သုံးဖာလုံရှိ ရေပူကျေးရွာအနီး၌ ရပ်တန့်ထားသော CANTER 6W အမျိုးအစား မော်တော်ယာဉ်အမှတ် YGN 8M/----နှင့် ယာဉ်ပေါ်တွင် တင်ဆောင်ထားသော ကျောက်စိမ်း အရိုင်းတုံးဆိုဒ်စုံ ၁ဝ၄တုံး (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁ဝဝဝကျော်)ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် ကျောက်စိမ်း အရိုင်းတုံးများကို လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, July 16, 2018

အင်းတော်မြို့နယ် မော်လူးမြို့တွင် လိုင်စင်မဲ့ယာဉ်တစ်စီး ဖမ်းမိ



အင်းတော် ၁၆-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့တွင် အထောက်အထား ခိုင်လုံအောင် မတင်ပြနိုင်သော လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မော်လူး နယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် သက်ဦးမောင်နှင့် အဖွဲ့သည် ဇူလိုင် ၁၄ရက် ည ၉ နာရီ၅မိနစ်က မော်လူးအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အဖွဲ့နှင့်အတူ မော်လူးရဲစခန်း ပိုင်နယ်မြေ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမရှိမင်းချမ်းသာရပ်ကွက်နှင့် မင်းဇေယျာ ရပ်ကွက်လမ်းဆုံတွင် ယာဉ်ဖြတ်သန်း သွားလာမှုများကို စစ်ဆေးဆောင်ရွက်နေစဉ် မန္တလေးမှ မြစ်ကြီးနားဘက်သို့ သန်းဆွေ မောင်းနှင်လာသော အဖြူရောင်ယာဉ် (နံပါတ်မပါ ကာလ တန်ဖိုးငွေကျပ် ၃၃ဝဝဝဝဝ ခန့်ကို တွေ့ရှိ၍ စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သော အထောက်အထား တစ်စုံတစ်ရာ မတင်ပြနိုင်သဖြင့် သက်သေများ ရှေ့မှောက်တွင် သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်နှင့် ပတ်သက်သော အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ယာဉ်မောင်း သန်းဆွေ (ဘ) ဦးချစ်မြိုင်အိုးတန်းရပ် မိုးကောင်းမြို့နေသူကို မော်လူးနယ်မြေရဲစခန်းက (ပ)၂၉/၂ဝ၁၈၊ ပို့/သွင်းပုဒ်မ-၈ဖြင့် အမှုဖွင့် ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, July 13, 2018

ဆိုင်ကယ်တွန်းလာသူကို စစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှု ပေါ်ပေါက်



မလှိုင် ၁၃-၇-၂ဝ၁၈

မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ဇူလိုင် ၁၁ရက် ည ၉ နာရီမိနစ် ၃ဝ ခန့်က ဆိုင်ကယ်တွန်းလာ သူကို မသင်္ကာ၍ စစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှု ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဒုတိယရဲအုပ် ဇော်နောင်နှင့် အဖွဲ့သည် သက်သေအဖြစ် ရာအိမ်မှူး ဦးမျိုးမြင့်နိုင်၊ ဦးမောင်ထူးတို့ နှင့်အတူ မှုခင်းကျဆင်းရေးအတွက် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မလှိုင်မြို့ အမှတ်(၁)ရပ်ကွက် နယ်မြေ (၈) ပါရမီအထူးကု ဆေးခန်းအနီးတွင် ကံကြီး-မလှိုင်ကားလမ်းအတိုင်း ကံကြီးဘက်မှ မလှိုင်မြို့ဘက်သို့ မလှိုင်မြို့ ကမ္ဘားဖြူကျေးရွာ နေချမ်းသာ ဆိုသူသည် ဆိုင်ကယ်ကို သော့မပါဘဲ တွန်းလာသဖြင့် မသင်္ကာဖွယ်တွေ့ရှိရ၍ရဲစခန်းသို့ ခေါ်ဆောင်ပြီး သက်သေများနှင့်အတူ စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ၎င်းတွန်းလာသည့် ဆိုင်ကယ်ကို ပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင်လုံအောင် မပြနိုင်သဖြင့် အခြားတစ်နေရာမှ ခိုးယူထားသည်ကို မသင်္ကာဖွယ် တွေ့ရှိရ၍ သက်သေများရှေ့၌ ဆိုင်ကယ်ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ချမ်းသာကို ဥပဒေအရ အရေးယူပေးပါရန် ဒုတိယရဲအုပ် ဇော်နောင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မလှိုင်မြို့မရဲစခန်းက (ပ)၁၁၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၉/၅၄ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, July 9, 2018

ကျောက်မဲမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသည့် နွားတင်ယာဉ် ငါးစီး ဖမ်းဆီးရမိ



ကျောက်မဲ ၉-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး အိုရီယမ်တယ် ဟိုက်ဝေးတိုးဂိတ် အနီးတွင် ဇူလိုင် ၇ရက်ညပိုင်းက တရားမဝင်သယ်ဆောင် လာသည့် နွားတင်ယာဉ်ငါးစီးကို သယ်ဆောင် လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

ကျောက်မဲမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးကာ ပူးပေါင်းအဖွဲ့တို့က ကျောက်မဲအိုရီယမ်တယ် ဟိုက်ဝေးတိုးဂိတ်အနီးတွင် နွားများ တင်ဆောင်လာသည့် ယာဉ်များကို စစ်ဆေးရာမှ ဝန်ကြီးဌာနများ၏ ခွင့်ပြုချက် တစ်စုံတရာအထောက်ထားများမပါရှိဘဲ နွားများကို တစ်ကောင်လျှင် ငွေကျပ်ခြောက်သိန်းနှုန်းဖြင့် ၁၂ဘီးယာဉ် ငါးစီးဖြင့် နွားထီးအကောင်ရေ ၁ဝ၂ကောင်ကို ယာဉ်ငါးစီးဖြင့် တင်ဆောင်လာခြင်းကြောင့် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။

"အရင်ကလဲ နွားတင်ဆောင်လာတဲ့ ကားတွေ ဖြတ်နေကြတာပါပဲ။ အခုမှစစ်ဆေးမှုတွေ လုပ်ပြီးတရားမဝင် သယ်ဆောင်လာတဲ့ အတွက် ဖမ်းတာလို့ သိရပါတယ်။ အရင်ကားတွေလဲ ဒီလိုပဲဖြတ်နေတာ ဖြစ်မှာပါ။ နွားတင်ဆောင် လာတဲ့ ကားတွေလဲ အပစ်ခံရ၊ အဖမ်းခံရတာတွေကို မကြာခဏကြား နေရတာပါ"ဟု ကျောက်မဲမြို့ဒေသခံ ဦးကောင်းဇံက ပြောပြသည်။

အဆိုပါနွားများကို မျိုးတင့်ကြည်မောင်းနှင် လာသော NISSAN ၁၂ဘီးယာဉ် 9C/-------၊ အောင်လင်း မောင်းနှင်သော NISSAN ၁၂ဘီးယာဉ် 8I/-------၊ မောင်မောင်ဦး မောင်းနှင်သော ၁၂ဘီးယာဉ်6B/-------၊ကိုစိမ်းကို မောင်းနှင်သော၁၂ဘီးယာဉ်1F/-------နှင့် နိုင်ထွန်းလင်း မောင်းနှင်သော ၁၂ဘီးယာဉ် 3M။-------တို့နှင့်အတူ ကျော်စိုး(ခ) ရမ္မ်ဇန်းဘိုင်နှင့် မအိ(ခ) အိအိချောတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ငါးစီးဖြင့် နွားများတင်ဆောင်လာသော ကျော်စိုး(ခ)ရမ္မ်ဇန်းဘိုင်၊မျိုးတင့်ကြည်၊ မအိ(ခ)အိအိချော၊ အောင်လင်း၊ မောင်မောင်ဦး၊ ကိုစိမ်းကိုနှင့် နိုင်ထွန်းလင်းတို့ကို ကျောက်မဲမြို့မရဲစခန်းက (ပ)၂၆၇/၂ဝ၁၈၊ ၂ဝ၁၂ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, June 28, 2018

တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ



ကျောက်မဲ ၂၈-၆-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ အိုရီယမ်တယ်တိုး ဂိတ်အနီးတွင် ယနေ့ နံနက်ပိုင်းက ခရီးသည်တင် Express ယာဉ်ဖြင့် မန္တလေးဘက်မှ တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အရပ်ဘက်သက်သေများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းအဖွဲ့သည် ရှာဖွေရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေစဉ် မန္တလေးဘက်မှ ယာဉ်မောင်း စိုးသန်း မန္တလေးမြို့နေသူ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်ကို စစ်ဆေး ရှာဖွေခဲ့သည်။

ထိုသို့ ယာဉ်ကို ရှာဖွေစစ်ဆေးရာ ယာဉ်၏ ဝမ်းဗိုက်အတွင်း တိပ်အဝါများဖြင့်ပတ်၍ သယ်ဆောင်လာသော အရွယ်စုံကျောက်စိမ်း အတုံး ၆ဝဝ၊ အလေးချိန် ၃ဝဝ ကီလိုဂရမ်ခန့်ရှိ ကျောက်ခွဲခြမ်းတစ်ခု၊ အလေးချိန် ၂၂ဝ ကီလိုဂ ရမ်ခန့်ရှိ ကျောက်ခွဲခြမ်းတစ်ခုနှင့် ၁၁ဝ ကီလိုဂရမ်ခန့်ရှိ ကျောက်တုံးတစ်တုံး စုစုပေါင်းကျောက်စိမ်းတုံး ၆ဝ၃တုံးနှင့်အတူ ယာဉ်ပေါ်ပါ ခင်မောင်သန်းထံမှ ကျောက်စိမ်းတုံးများ သယ်မှုနှင့်ပတ်သက်သော စာရွက်စာတမ်းများ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း စိုးသန်း မန္တလေးမြို့နေသူ၊ယာဉ်ပေါ်ပါ ခင်မောင်သန်းတို့ကို ကျောက်မဲမြို့မရဲစခန်းက (ပ) ၂၈၅/၂ဝ၁၈၊ ကျောက်မျက်ဥပဒေပုဒ်မ-၄၂(က)ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, June 26, 2018

လိုင်စင်မဲ့ မော်တော်ယာဉ်နှင့်အတူ အကောက်ခွန်မဲ့ သကြားအိတ်များ ဖမ်းမိ



ကျိုက်ထို ၂၆-၆-၂ဝ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ ရွှေညောင်ပင်ရပ် ရန်ကုန်-မော်လမြိုင်ကား လမ်းတွင် ဇွန် ၂၄ ရက် ညပိုင်းက လိုင်စင်မဲ့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသော အကောက်ခွန်မဲ့ သကြားအိတ်များ ဖမ်းဆီး ရမိခဲ့ကြောင်း သိမ်ဇရပ်နယ်မြေ ရဲစခန်းမှ သိရသည်။

မရမ်းချောင် စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းမောင်းနှင် သွားသည့် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း နေမျိုးထွန်း ကျိုက်ထိုနေသူ မောင်းနှင်ပြီး ခိုင်လင်းဇော် လိုက်ပါလာသော Probox ယာဉ်ကို စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်လာသော ထိုင်းနိုင်ငံထုတ် MITR KASETR UTHAITHANIC စာတန်းပါ သကြားအိတ် ၃ဝ ကာလတန်ဖိုး ငွေကျပ် ၁၅သိန်းခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းမောင်းနှင် လာသောယာဉ်ကို စစ်ဆေးရာ မော်တော်ယာဉ်နှင့် ပတ်သက်သော အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း ထပ်မံတွေ့ရှိ ခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ပေါ်ပါ နေမျိုးထွန်း၊ ခိုင်လင်းဇော်တို့ကို သိမ်ဇရပ်နယ်မြေ ရဲစခန်းက (ပ)၂၇၇/၂ဝ၁၈၊ ပို့ကုန်သွင်းကုန် ပုဒ်မ-၈/၁ဝဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, June 18, 2018

ငဖဲမြို့နယ်၌ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ၊ အမိုနီယံနိုက်ထရိတ်နှင့် ဒီတိုနီတာများ ဖမ်းဆီးရမိ



ငဖဲ ၁၈-၆-၂ဝ၁၈

ငဖဲမြို့နယ် ပဒါန်းကျေးရွာ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်ဘေး ဂိုဒေါင်အတွင်းမှ တောရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အမိုနီယံနိုက်ထရိတ်နှင့် ဒီတိုနီတာများ ဇွန် ၁၆ ရက် မွန်းတည့် ၁၂နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲမြို့မရဲစခန်းမှ သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲဦးစီးဌာနကြီး မှုခင်းဌာနမှ ရဲအုပ်သက်အောင်စိုး၊ ရဲအုပ်နိုင်လင်း ဦးစီးပူးပေါင်းအဖွဲ့သည် သတင်းအရ ပဒါန်းကျေးရွာ အမှတ် (၂)ရပ်ကွက်ရှိ တရုတ်လေး(ခ) လီကွမ်ယု၏ နေအိမ်ဘေး ဂိုဒေါင်အတွင်း ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ တစ်ခုလျှင် သုံးပိဿာခန့်ရှိ သမင်ချို သုံးခု၊ လေးပိဿာခန့်ရှိ အရေခွံခွာပြီး သင်းခွေချပ်အစိုလေးကောင်၊ သင်းခွေချပ် အကြေးခွံအစိုနှစ်ပိဿာခန့်၊ တစ်ခုလျှင် လေးလက်မပတ်လည် ခန့်ရှိ ဝက်ဝံအရေခွံ အပိုင်းလေးခု၊ ဝက်ဝံအရေခွံနှင့် အသားတွဲလျက်အစို တစ်ပိဿာခန့်၊ ၅ဝကျပ်သား ခန့်ရှိ ဝက်ဝံဦးခေါင်းအစို တစ်ခု၊၅ဝကျပ်သားရှိ ဆင်နှာခေါင်းသားအစို တစ်ခု၊ ဆင်အရေခွံ အတုံးသေး လေးတုံး၊ ဝက်ဝံအဆီ တစ်ပိဿာခန့် ထည့်ထားသည့် ဘူးတစ်ဘူးနှင့် ဖြူစူးများ၊ တစ်အိတ်လျှင် ၅ဝ ကီလိုဂရမ်ပါ အမိုနီယံနိုက်ထရိတ် သုံးအိတ်၊ ဒီတိုနီတာအခုရေ၅ဝ ပါ ၁၈ စည်း အရေအတွက်အားဖြင့် အခုရေ ၉ဝဝတို့ကို သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်လေး (ခ) လီကွမ်ယုကို အရေးယူပေးပါရန် ရဲအုပ်ကျော်ဇေယျက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ငဖဲမြို့မရဲစခန်းက ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၄ဝ(က)/၄၁(က)၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ-၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, January 11, 2018

အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲခံရသည့် သတင်းထောက်နှစ်ဦး ပထမအကြိမ်ရုံးထုတ်ရာတွင် အာမခံလျှောက်ထား



ရန်ကုန် ၁၁-၁-၂ဝ၁၈

၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုခြင်းခံရသည့် သတင်းထောက်နှစ်ဦးကို ယနေ့တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်ရာတွင် အာမခံလျှောက်ထား ခဲ့ကြောင်း သိရသည်။

''ဒီနေ့အာမခံတင်တယ်။ လာမယ့် ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲ ချက်ပေးမယ်။ တရားလိုဘက်ကရော၊ ကျွန်တော်တို့ဘက်ကရော လျှောက်လဲချက်ပေးမယ်။ နောက်တစ်ကြိမ်ရုံးထုတ်မှ အာမခံလျှောက် ထားမှုကို တရားရုံးက တစ်စုံတစ်ရာ အမိန့်ချပါမယ်''ဟု တရားစွဲဆိုခံရသူ သတင်းထောက် နှစ်ဦးဘက်မှ ရှေ့နေဦးသန့်ဇင်အောင်က ပြောပြသည်။

အဆိုပါအမှုတွင် တရားစွဲခံ ထားရသည့် ဒုတိယရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ခင်မောင်လင်းတို့ အပါအဝင် သက်သေ ၂၅ဦးပါဝင်ပြီး ပထမဆုံးရုံးထုတ် သည့်နေ့တွင်တရားလိုဖြစ်သူ ဒုတိယရဲမှူး ဦးယုခိုင်သည် တရားရုံးသို့ ရောက်မလာကြောင်း သိရသည်။

ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တောဒေသအတွင်း အကြမ်းဖက်မှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လက်တွင်းတွေ့ရှိသည်ဟု စွပ်စွဲချက်ဖြင့် ရိုက်တာသတင်းဌာနမှ သတင်းထောက်ဝလုံးနှင့် မိုးအောင်တို့ နှစ်ဦးသည် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၇ရက်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသတင်းထောက် နှစ်ဦးဖမ်းဆီး ထိန်းသိမ်းခံရခြင်း အတွက်တရားရုံးရှေ့တွင် မြန်မာသတင်း သမားများကာကွယ်ရေး ကော်မတီ (pcmj) က အမည်းရောင်ဆင်တူ အင်္ကျီဝတ်ခြင်းနှင့် ငှက်လွှတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

#Yadanarpondaily

Friday, December 29, 2017

ပုလဲ-ဂန့်ဂေါ ကားလမ်းတွင် အဖျက်အမှောင့် ပြုလုပ်လိုသူများနှင့် တရားမဝင်သစ်များ ခိုးယူမှုမရှိစေရေး မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ရှာဖွေစစ်ဆေး



ပုလဲ ၂၉-၁၂-၂ဝ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့ ပုလဲ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၂၈/၆) တွင် ဖွင့်လှစ်ထားရှိသော ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမြင့်အောင်နှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီက ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် အဖျက်အမှောင့်ပြုလုပ် လိုသူများ ဝင်ရောက်မှုမရှိစေရေး၊ တရားမဝင်သစ်များ ခိုးယူသယ်ဆောင်မှု မရှိစေရေးနှင့် ဖမ်းဆီးရမိ စေရေးအတွက် ပိတ်ဆို့ ရှာဖွေစစ် ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပုလဲမြို့ ပုလဲ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၂၈/၆)တွင် ဖွင့်လှစ်ထားရှိသော ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ တာဝန်ထမ်းဆောင် လျက်ရှိသည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်သစ်တောဦးစီး ဌာနမှ ဝန်ထမ်းများအနေဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း လုပ်ငန်းကို အရှိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပုလဲမြို့မရဲတပ်ဖွဲ့စခန်း နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် လင်းလင်းထွန်း၏ ပြောပြချက်အရ သိရသည်။

#Yadanarpondaily

Tuesday, December 19, 2017

မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းရန် ကြံစည်သူကို စစ်ဆေးရာမှ အခြားဆိုင်မှ ခိုးယူခဲ့သည့် ဖုန်းမျိုးစုံ ၆၁လုံးပြန်လည်သိမ်းဆည်းရမိ



မုံရွာ ၁၉-၁၂-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အလယ်ရပ်ကွက်ရှိ မိုဘိုင်းဖုန်း ဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းရန် ကြံစည်သူတစ်ဦးကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးရာမှ အခြားဖုန်းဆိုင်တစ်ဆိုင်မှ ခိုးယူခဲ့သည့် ဖုန်းမျိုးစုံ ၆၁လုံးကို ပြန်လည်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဆန်းလင်း၏ ပြောကြားချက်အရ သိရသည်။

ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သော မိုဘိုင်းဖုန်းမျိုးစုံသည် စက်တင်ဘာ ၈ ရက်က ဖောက်ထွင်းခိုးယူခံခဲ့ရ ခြင်းဖြစ်ပြီး Samsung အမျိုးအစား ဟန်းဆက် ၁ဝလုံး၊ Sintech အမျိုးအစားဟန်းဆက် ကိုးလုံး၊ Gionee အမျိုးအစား ဟန်းဆက် သုံးလုံး၊ Hello အမျိုးအစားဟန်းဆက် သုံးလုံး၊ Vivo အမျိုးအစား ဟန်းဆက်ငါးလုံး၊ Oppo အမျိုးအစားဟန်းဆက် ခုနစ်လုံး၊ Ivvi အမျိုးအစားဟန်းဆက် ခြောက်လုံးနှင့် အခြားဟန်းဆက်မျိုးစုံ ၁၈လုံး စုစုပေါင်း ၆၁ လုံးတို့ ပျောက်ဆုံးခဲ့သဖြင့် အမှတ် (၂) ရဲစခန်းတွင် (ပ)၆၂၈/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ ဖြင့်အမှုဖွင့် လှစ်ထားခဲ့သည့်ဖြစ်စဉ်မှ ခိုးယူခဲ့သော ပစ္စည်းများဖြစ်ကြောင်း သိရသည်။

''ပြစ်မှုကျူးလွန်သူကို မုံရွာမြို့မြို့မ ရဲစခန်းပိုင် နယ်မြေထဲမှာ ဖမ်းမိတာပါ။ အဓိကဖော်ထုတ်ရရှိတာ ကတော့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြစ်မှုကျူးလွန်သူကိုစမိတယ်။ အမှုနဲ့ပတ်သက်တဲ့ ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖမ်းဆီးထားပါတယ်။ ဖုန်းမျိုးစုံ ၅၇ လုံးနဲ့ ငွေစက္ကူရောရာ ငွေကျပ် ၃၄၅ဝဝဝ ရယ်၊ ဖုန်းခိုးယူစဉ်က အသုံးပြုခဲ့တဲ့ဆိုင်ကယ်ကို သိမ်းဆည်းရမိပြီးပါပြီ။ ငွေသားတွေက ခိုးတဲ့ဖုန်းတွေကို သွားရောင်းတဲ့ ဆိုင်က ဖုန်းပြန်သိမ်းဆည်းတဲ့အခါမှာ ဖုန်းတွေက ရောင်းလိုက်တဲ့ အတွက် ဖုန်းရောင်းလို့ရတဲ့ ငွေသားတွေပြန်အပ်တဲ့ အတွက် ထည့်ပေးထားတာပါ။ ငွေတွေပါထည့်တွက် မယ်ဆိုရင် ဖုန်းဆိုင်က ပျောက်တဲ့ ဖုန်း ၆၁ လုံးစာအကုန်ပြန်ရတဲ့ သဘောပါ။အခြားဖုန်း အရောင်းဆိုင်မှာ နောက်ထပ်ခိုးဖို့ လုပ်တဲ့အချိန်မှာ လှည့်ကင်းအဖွဲ့နဲ့ သွားတိုးပြီး ဖမ်းမိတယ်။ အဲဒီကမိတဲ့ ပြစ်မှုကျူးလွန်သူကို အရင်ပျောက်တဲ့ ဆိုင်က စီစီတီဗွီနဲ့ တိုက်စစ်လိုက် တဲ့အခါမှာ ပြစ်မှုကျူးလွန်သူကိုဖော်ထုတ်နိုင်ခဲ့တာပါ။ ဒီကနေ့မှာတော့ ပျောက်ဆုံးတဲ့ပစ္စည်းအားလုံး ဖော်ထုတ်ရမိပါပြီ''ဟု မုံရွာမြို့ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဆန်းလင်းက ပြောပြသည်။

အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ မိုးမင်း (ဘ) ဦးဆန်းဝင်း ပြည်တော်သာရပ်ကွက် မုံရွာ မြို့နေသူကို မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ကျောက္ကာ မီးပွိုင့်အနီးတွင် ဒီဇင်ဘာ ၁၁ ရက်ညပိုင်းက ဖောက်ထွင်းရန် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ မြို့မရဲစခန်း၏ လှည့်ကင်းအဖွဲ့က မသင်္ကာဖွယ် တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာမှ ဆက်စပ်ဖော်ထုတ်ရမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူ မိုးမင်း (ဘ) ဦးဆန်းဝင်းနှင့်အတူ ပါဝင်ပတ်သက်ခဲ့သည့် မယားညီအစ်ကိုဖြစ်သူ ကျော်ဇေယျာအောင် (ခ) ဇေယျာနှင့် ယောက်ဖဖြစ်သူ အောင်ပြည့်ဖြိုးတို့သုံးဦးကို အမှတ် (၂) ရဲစခန်းတွင် (ပ)၆၂၈/ ၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ ဖြင့် အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

Wednesday, December 13, 2017

ပဲခူးမြို့၌ မှုခင်းကျဆင်းရေး ရှောင်တခင်ပိတ်ဆို့ ရှာဖွေစစ်ဆေးရာ နိုဝင်ဘာဒုတိယပတ်မှ ဒီဇင်ဘာ ၁၁ ရက်ထိ လက်နက်ပုန်းမှု ၃ဝ ကျော် ဖမ်းဆီးရမိ



ပဲခူး ၁၃-၁၂-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ ကင်းပုန်းဝပ် စောင့်ဆိုင်းခြင်းနှင့် ရှောင်တခင်ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ လူကိုသေစေနိုင်သော လက်နက် (လက်နက်ပုန်း)များ ဖမ်းဆီးမှုမှာ နိုဝင်ဘာဒုတိယပတ်မှ ဒီဇင်ဘာ ၁၁ရက်ထိ အမှုပေါင်း ၃ဝကျော်ရှိခဲ့ကြောင်း ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"မှုခင်းကျဆင်းရေးအတွက် ကျွန်တော်တို့ ရဲတပ်ဖွဲ့က ညစဉ်ပိတ်ဆို့ စစ်ဆေးရှာဖွေတာတွေ ဆောင်ရွက်နေပါတယ်။ ပထမတော့ ပြည်သူတွေက သူတို့သွားတဲ့ခရီးကို ဟန့်တားရှာဖွေတဲ့အတွက် မကြည်ဖြူမှုတွေရှိခဲ့တယ်။ အခုတော့ နားလည်သွားပြီး ကြည်ဖြူစွာ လက်ခံသွားပါပြီ။ ကျွန်တော်တို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးလဲ ညစဉ်ဆောင်ရွက်မှုတွေကို လိုက်လံစစ်ဆေးနေပါတယ်"ဟု ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်မှူး၊ ရဲမှူးတင်ထွေးက ပြောပြသည်။

ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးအနေဖြင့် ပဲခူးမြို့အတွင်း တရားဥပဒေ စိုးမိုးရေးအတွက် အဓိကကျသော နေရာများနှင့် မြို့အဝင်၊ အထွက်ခုနစ်နေရာ၌ နိုဝင်ဘာလ ဒုတိယပတ်မှ ဒီဇင်ဘာ ၁၁ ရက်ထိရဲလုံခြုံရေး အင်အားဖြင့် ရှာဖွေခဲ့ပြီး မှုခင်းဖြစ်ပွားနှုန်း များပြားသော ရပ်ကွက်များတွင် ရှောင်တခင် စစ်ဆေးရှာဖွေမှုများကို ညစဉ်ဆောင်ရွက်လျက်ရှိရာ လူကိုသေစေနိုင်သော လက်နက် (လက်နက်ပုန်း) ၃၁မှုကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ ကြောင်း သိရသည်။

"လက်နက်ပုန်းတွေက နယ်ဘက်ကလူတွေမှာ အများဆုံးတွေ့တာပါ။ ဒီလိုကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်တဲ့အတွက် လက်နက်ပုန်းတွေ ဖမ်းဆီးရမိပါတယ်။ ဆိုင်ကယ်သူခိုးတွေ ဖမ်းမိပါတယ်။ လူဆိုး၊ သူခိုးတွေ အသွားအလာ နည်းသွားတယ်။ လက်နက်ပုန်းတွေ ဆိုတာကဓား၊ ဓားမြှောင်၊ သံတုတ်တွေ အများဆုံးဖမ်းမိပါတယ်"ဟု ရဲမှူးတင်ထွေးက ပြောပြသည်။

လူ့အသက်အန္တရာယ်ကို အနှောင့်အယှက် ပေးနိုင်သောလက်နက်များကို အများသူငါနှင့် ဆိုင်သည့်နေရာများတွင် ကိုင်ဆွဲသွားလာပါက လက်နက်ဥပဒေပုဒ်မ-၁၉ (င) ဖြင့် အရေးယူခံရမည်ဖြစ်ပြီး အများဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်သုံးနှစ် (သို့မဟုတ်) ငွေဒဏ်နှင့် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ကြောင်း သိရသည်။

#Yadanarpondaily

Friday, June 17, 2016

အမည်မည်းစာရင်းသွင်း ခံရသူများအတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် ပတ်သက်၍ ဖြေလျှော့ ဆောင်ရွက်ပေးမည်



ရန်ကုန် ၊ ၁၇-၆-၂၀၁၆

အမည်မည်း (Black List) စာရင်းသွင်း ခံရသူများအနေဖြင့် ပြည်ဝင်ခွင့်ဗီဇာ ကိစ္စရပ်များ လုပ်ဆောင်ရာတွင် လွယ်ကူစေရေး အတွက် ဖြေလျှော့ ဆောင်ရွက် ပေးခြင်းကို ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ သိရသည်။

''၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ သက်ဆိုင်တဲ့ ကတ်ပြား တစ်မျိုးမျိုးကို စိစစ်ထုတ်ပေး နိုင်ဖို့နဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ အပေါ် အမြန်ဆုံး စိစစ်နိုင်အောင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့် စစ်ဆေးရေး အဖွဲ့တွေ ပြန်လည် ဖွဲ့စည်းပြီး ဆောင်ရွက် နေပါတယ်။ ပြည်သူလူထု အနေနဲ့ ဒီလိုစိစစ် ဆောင်ရွက်ပေး နေတာတွေကို သိရှိ နားလည်ဖို့နဲ့ ပူးပေါင်းပါဝင် လာစေဖို့ ကိုလည်း လုပ်ဆောင် နေပါတယ်'' ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင် က ပြောသည်။

အမည်မည်း စာရင်းသွင်းခံ ရသူများအား ဖြေလျှော့ ဆောင်ရွက် ပေးခြင်း လုပ်ငန်းမှာ ဝန်ကြီးဌာန အသီးသီးမှ ၄င်းတို့၏ဌာန ဆိုင်ရာ ပြစ်မှုများအရ အမည်မည်း စာရင်း ရေးသွင်းရန် ညှိနှိုင်း အကြောင်းကြား လာခြင်းကြောင့် ရေးသွင်း ထားသည့် စာရင်းများအား သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပြန်လည် ပေးပို့၍ သဘောထား မှတ်ချက်ရယူပြီး လိုအပ်ပါက ထပ်မံပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ စိစစ် ဖြေလျှော့ခြင်း လုပ်ငန်းကို ဇူလိုင်လ အတွင်း အပြီး ဆောင်ရွက် သွားမည် ဖြစ်ပြီး ထိုသို့ဖြေလျှော့ ပေးရာတွင် အင်တာပို မှ နိုင်ငံတကာ အကြမ်းဖက်မှု နှင့် မူးယစ် ဆေးဝါးမှု များကြောင့် အမည်မည်း စာရင်း ရေးသွင်းထား သူများ၊ မြန်မာနိုင်ငံ အတွင်း ပြစ်မှု ကျူးလွန်၍ ပြစ်ဒဏ်ကျခံ ခဲ့ရသဖြင့် အမည်မည်း စာရင်းရေးသွင်း ခံရသည့် နိုင်ငံ ခြားသားများ၊ နိုင်ငံကူး လက်မှတ် (Passport) စာအုပ်များ ပျောက်ဆုံး၊ ပျက်စီးကြော င်း အကြောင်းကြား သဖြင့် အမည်မည်း စာရင်း ရေးသွင်းထား သူများ မပါဝင်ကြောင်း သိရသည်။

ပြည်ဝင်ခွင့်ဗီဇာ ၁၂ မျိုး လျှောက်ထား ရာတွင် တချို့ဗီဇာများ အတွက် လိုအပ်သော အထောက်အထား များ အခက်အခဲရှိ ခြင်းကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန များ၏ သဘောထား မှတ်ချက်များ ရယူ၍ ဖြေလျှော့ သင့်သည် များကို ဖြေလျှော့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, June 3, 2016

ရန်ကုန်တိုင်းဒေသကြီး အတွင်း မေလ ၁ ရက်မှ မေ ၃၁ ရက်အထိ အမှုပေါင်း ၃၁၄၀ ဖမ်းဆီးအရေးယူနိုင်ခဲ့


ရန်ကုန် ၊ ၃-၆-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှုခင်း ကျဆင်းမှုများ ဖြစ်ပေါ်စေရန် ရဲတပ်ဖွဲ့က မေ ၁ ရက်မှ စတင်ပြီး ရက် ၁ဝဝ စီမံချက်ဖြင့် လုံခြုံရေး အထူးတိုးမြှင့် ဆောင်ရွက်ခဲ့ရာ မေ ၃၁ ရက်အထိ အမှုပေါင်း ၃၁၄ဝ ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုသို့ဖမ်းဆီး ခဲ့သည့် အမှုပေါင်း ၃၁၄ဝ တွင် လက်နက်ပုန်းမှု၊ လောင်းကစားမှု၊ ယစ်မျိုးမှု၊ ခြေချုပ် ဖောက်ဖျက်မှု၊ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှု နှင့် မော်တော်ယာဉ် အက်ဥပဒေမှုများ အပါအဝင် ပြစ်မှုပေါင်း ၁ဝ မျိုးဖြစ်ပြီး အဆိုပါ ရက် ၁ဝဝ စီမံချက်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အင်အား ၈ဝဝဝ ကျော်အပြင် တခြား တိုင်းဒေသကြီး နှင့် ပြည်နယ်တို့မှ တပ်ဖွဲ့ဝင် အင်အားများ ကိုပါ ထပ်မံဖြည့်တင်း ထားကြောင်း သိရသည်။

''ရဲတပ်ဖွဲ့ဝင် အင်အား ၃ဝဝ ထပ်မံ တိုးမြှင့်ပြီး လုံခြုံရေး ဆောင်ရွက်ခဲ့ ရာမှာ တစ်လအတွင်း အမှုပေါင်း ၃၁၄ဝ ကို ဖမ်းဆီး အရေးယူ နိုင်ခဲ့တယ်။ ဒါ့အပြင် လူသတ်မှု၊ လုယက်မှုနဲ့ တခြားအမှု ဖြစ်စဉ်တွေ ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံပြေး ၁ဝ၇ ဦး ဖမ်းမိခဲ့တယ်။ ယာဉ်ကြော ပိတ်ဆို့မှု တွေကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ပြီး ယာဉ်ကြော ရှင်းလင်းရေးတွေ ဆောင်ရွက် နေပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် ရက် ၁ဝဝ စီမံချက်အတွင်း ဒဂုံ စစ်ဆင်ရေး အမည်ဖြင့် မူးယစ်တပ်ဖွဲ့ နှင့် မြို့နယ် ရဲတပ်ဖွဲ့တို ပူးပေါင်းပြီး ရန်ကုန်မြို့ အတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာ တစ်လအတွင်း မူးယစ်အမှု ၁၇၃ မှုမှ တန်ဖိုး ငွေကျပ် သိန်း ၅ဝဝဝ ကျော်ရှိသော မူးယစ်ဆေးဝါး များနှင့်အတူ ပြစ်မှု ကျူးလွန်သူ ၂၅၄ ဦးအား ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Wednesday, February 10, 2016

ရန်ကုန်မြို့၌ မှုခင်းများဖြစ်ပွားခြင်းကို တားဆီးကာကွယ်သည့် အနေဖြင့် ကြိုတင်ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်


ရန်ကုန် ၊ ၁၀-၂-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းများ ဖြစ်ပွားခြင်းကို တားဆီး ကာကွယ်သည့် အနေဖြင့် ကြိုတင်ကာကွယ် ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ကြိုတင်ကာကွယ် ဖမ်းဆီး အရေးယူရာတွင် တစ်ရက်လျှင် အမှုပေါင်း ၅ဝ ထက်မနည်း အရေးယူ ဆောင်ရွက် နိုင်ခဲ့ပြီး ဇန်နဝါရီလ တစ်လတာ အတွင်း စုစုပေါင်း ကြိုတင်ကာကွယ် ဖမ်းဆီးမှု ၁၆ဝဝ ကျော်ရှိကြောင်း၊ ယင်းတို့အနက် လောင်းကစား မှု၊ လက်နက်ပုန်း ကိုင်ဆောင်မှု၊ ယစ်မျိုး နှင့် မူးယစ်ဆေးဝါးမှု စသည်တို့ ပါဝင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် ယာဉ်မတော်တဆမှု များနှင့် ယာဉ်တိုက်မှုများ မဖြစ်ပွားစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သော မော်တော်ယာဉ် များနှင့် တရားမဝင် စီးနင်းနေသော မော်တော် ဆိုင်ကယ်များကို စီမံချက် ချမှတ်၍ ဖမ်းဆီး အရေးယူခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့သည် ကျောင်းများ၊ ရပ်ကွက်များ ၌လည်း မှုခင်းများ ဖြစ်ပွားခြင်းကို ကြိုတင် ကာကွယ်သည့် အနေဖြင့် မှုခင်းတားဆီး ကာကွယ်ရေး ဟောပြောပွဲများနှင့် အသိပညာပေး ဟောပြော ပွဲများ ပြုလုပ်လျက် ရှိသည့်အပြင် လှည့်ကင်း ၊ ရပ်ကင်း၊ ဝပ်ကင်း တို့ကိုလည်း မြို့နေရာအနှံ့ ချထားကာ ပြည်သူလူထု လုံခြုံရေးနှင့် မှုခင်းကျဆင်းရေး လုပ်ငန်းစဉ် များကို အရှိန်အဟုန်ြ မှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်း ကြိုတင်ကာကွယ် ဖမ်းဆီးသည့် အမှုပေါင်း ၁၆ဝဝ ကျော် ရှိသော်လည်း ယမန်နှစ် အလားတူ ကာလထက် အမှုပေါင်း ၁၂ဝ ခန့် လျော့နည်း ကြောင်းနှင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ တွင် စုစုပေါင်း ကြိုတင်ကာကွယ် ဖမ်းဆီးခြင်း ၁၈၂၂ မှုအထိ အရေးယူ ဆောင်ရွက် ခဲ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၃)

Tuesday, October 6, 2015

ရန်ကုန်တိုင်းဒေသကြီး ၌ အုပ်စုဖွဲ့ရမ်းကားမှု ကျူးလွန်နေသူများအား တိုင်းအဆင့်စီမံချက်ဖြင့် ဖမ်းဆီး အရေးယူမည်


ရန်ကုန် ၊ ၆-၁၀-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အနှံ့တွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ပြီး အုပ်စုဖွဲ့ ရမ်းကား အနိုင့်ကျင့်မှုများ ဆက်တိုက်ဖြစ်ပွား လာသောကြောင့် ကျူးလွန်နေသူ များအား တိုင်းအဆင့် စီမံချက်ဖြင့် ဖမ်းဆီး အရေးယူ နှိမ်နင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ယင်းသို့ အုပ်စုဖွဲ့ ရမ်းကား အနိုင်ကျင့်မှု များမှာ ရန်ကုန်မြို့ အစွန် ဆင်ခြေဖုံး ရပ်ကွက်၊ မြို့လယ်ကောင် နှင့် လူစည်ကားရာ နေရာများ၌ ဖြစ်ပွား နေသောကြောင့် ရဲတပ်ဖွဲ့မှ တိုင်းအဆင့် စီမံချက်ဖြင့် မြို့နယ် အနှံ့တွင်
လုံခြုံရေး အဆင့် အထူးတိုးမြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ ဒဂုံ(ဆိပ်ကမ်း) နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့ရှိ ရပ်ကွက်များတွင် လမ်းသွားလာ သူများကို ရိုက်နှက်ကာ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ် နှင့် လက်ဝတ် ရတနာ ရွှေထည်ပစ္စည်း များကို လုယက်မှုများ ကျူးလွန်နေပြီး လူသတ်၍ ပစ္စည်း လုယက်ခံ ရသည့်အမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အုပ်စုဖွဲ့ အကြမ်းဖက်မှု များတွင် ဘုရင့်နောင် ပွဲရုံ၌ နေ့ခင်း ကြောင်တောင် အုပ်စုဖွဲ့၍ တုတ်၊ ဓား လက်နက်များဖြင့် အမျိုးသား တစ်ဦးကို မိုက်ကြေးခွဲ ငွေတောင်းမှု၊ ရန်ကုန်မြို့လယ် ပြည်လမ်းဘေးရှိ တော်ဝင်စင်တာ အနီး ငွေလဲကောင်တာ မှ ကျပ် သိန်း ၃ဝဝ ကျော်ကို အုပ်စုဖွဲ့ အကြမ်းဖက် လုယက်မှု၊ အင်းစိန် အောင်ဇေယျ ကြိုးတံတား ပေါ်တွင် သမီးရည်းစား စုံတွဲကို လုယက်၊ အဓမ္မ ပြုကျင့်ခံရမှု၊ လှိုင်သာယာ မြို့နယ်၌ အိမ်ပေါ်တက် အနုကြမ်းစီးမှု နှင့် လမ်းသွားရင်း ရိုက်နှက် အလုခံရမှုတို့ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် သက်ဆိုင်ရာမြို့နယ် များအလိုက် ရပ်ကင်း၊ လှည့်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်နေပြီး ညအချိန်များ တွင်လည်း ယာဉ်များကို ရပ်တန့်စစ်ဆေး မှုများ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger