www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label မြစ်ကမ်းပါးထိန်းသိမ်းရေး. Show all posts
Showing posts with label မြစ်ကမ်းပါးထိန်းသိမ်းရေး. Show all posts

Thursday, August 16, 2018

ချင်းတွင်းမြစ်ဝှမ်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက် စေရေး နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေးလုပ်ဆောင်လျက်ရှိ



မုံရွာ ၁၆-၈-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်း လျက်ရှိသော ချင်းတွင်းမြစ်နှင့် ချင်းတွင်းမြစ်ဝှမ်းကြီး တစ်ခုလုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စတော့ဟုမ်း ပတ်ဝန်းကျင်သိပ္ပံ (SEI) နှင့် မြန်မာ့ပတ်ဝန်းကျင် သိပ္ပံ (MEI) တို့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရန် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

"စတော့ဟုမ်း ပတ်ဝန်းကျင်သိပံ္ပ (SEI) နှင့်မြန်မာ့ပတ်ဝန်းကျင် သိပ္ပံ (MEI)တို့ လုပ်တဲ့လုပ်ငန်းစဉ်တွေမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်က တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်။ အကူအညီတွေပေးမယ်။ လတ်တလောမှာလဲ သူတို့နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးဖို့လဲရှိတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ သယံဇာတတွေက အများကြီးရှိပါတယ်။ သဘာဝတွင်းထွက်တွေ၊ သစ်တောတွေ၊ ရေနံတွေရှိတယ်။ သဘာဝသယံဇာတ ပစ္စည်းတွေကို တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ပြည်သူတွေ စနစ်တကျသုံးစွဲတတ်ဖို့၊ ရေရှည်သုံးစွဲနိုင်ဖို့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ဒီအဖွဲ့က လိုက်လုပ်ဆောင် ပေးနေတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်က ပြည်သူတွေကိုအကျိုးသက်ရောက်မှု အများကြီးရှိလိမ့်မယ်လို့ ယုံကြည်တယ်"ဟု စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပြသည်။

ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် စတော့ဟုမ်း ပတ်ဝန်းကျင်သိပ္ပံ (SEI) နှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (MEI)တို့ ပူးပေါင်းပြီး ရေအရည်အသွေး တိုင်းတာခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲနဲ့ ဂေဟစနစ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သုတေသန လုပ်ငန်းများကို ၂ဝ၁၃ခုနှစ်မှ ယခုနှစ်ထိ လုပ်ဆောင်လျက်ရှိရာ ၎င်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့က SEI,MEI တို့နှင့်ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စတော့ဟုမ်း ပတ်ဝန်းကျင်သိပ္ပံ (SEI)၊ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (MEI)တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပြီးပါက ချင်းတွင်းမြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ယခုထက်ပိုမိုပြီး ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Friday, August 3, 2018

လားရှိုးမြို့နယ်ရှိ ဆည်များ ကျိုးပေါက်နိုင်သည့်သတင်း မဟုတ်မှတ်ဟုဆို



လားရှိုး ၃-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ ဆည်ကြီးများတွင် စိုးရိမ်ရေမှတ်နီးနေပြီး ဆည်များ ကျိုးပေါက်၍ ရေကြီးရေလျှံမှုများ ဖြစ်နိုင်သည်ဟု ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း လားရှိုးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

လားရှိုးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဆည်များ ကျိုးပေါက်နိုင်သည်ဟု ပြည်သူများ ထင်နေခြင်းမှာ မဟုတ်မှန်ကြောင်း လားရှိုးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မင်းစိုးက ပြောပြသည်။

"ကျွန်တော်တို့ ဆည်တွေမှာရှိတဲ့ ဆည်ရေပြည့်မှတ် ရောက်ဖို့ အနည်းငယ်လိုနေတာ ဖြစ်ပါတယ်။ စိုးရိမ်မှတ်ဆိုတာ မဟုတ်ပါဘူး။ ရေပြည့်မှတ်ကိုကျော် လာရင်တောင်မှ ရေပိုလွှဲစနစ်နဲ့ ချောင်းထဲကိုပြန် ဝင်မှာဖြစ်ပါတယ်။ ဆည်ကျိုးပေါက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"ဟု ၎င်းက ဆက်လက်ပြောပြသည်။

ယခင်နှစ်များက လားရှိုးမြို့၌ နွေကာလရေ ရှားပါးခြင်းကြောင့် ဟူးမွန်ဆည်ကို တည်ဆောက်ခဲ့ပြီး ဟူးမွန်ဆည်နေရာတွင် ရေဝပ်ဧရိယာ နည်းပါးခြင်းကြောင့် ကောက်ကွေ့ဆည်ကို ထပ်မံတည်ဆောက်ရာ အဆိုပါဆည်သည် မြို့၏ရေပေးဝေရေးနှင့် စိုက်ပျိုးရေးပါ အဓိက အားထားရသော ဆည်ဖြစ်ကြောင်း သိရသည်။

ကောက်ကွေ့ဆည်သည် အလျား ပေ ၁ဝ၈ဝနှင့် အမြင့် ၁၁၆ပေရှိကာ ဆည်ရေပြည့်မှတ်မှာ ပေ၂၇၃ဝဖြစ်ပြီး လက်ရှိတွင် ၂၇၂၉ပေရှိခြင်းကြောင့် တစ်ပေခန့်လိုသေးကြောင်း သိရသည်။ ဟူးမွန်ဆည်မှာ ရေပြည့်မှတ်ရောက်ရှိနေပြီး နမ့်ကျန်ဆည်မှာလည်း ရေပြည့်မှတ်ရောက်ရန် တစ်ပေခွဲခန့်လိုသေးကာ ဟူးမွန်ဆည်ရေထိန်းမျှော်စင်တွင် ရေအမြင့် အလိုအလျောက်တိုင်းတာ သည့်စက် တပ်ဆင်ထားကြောင်း သိရသည်။

#Themyawadydaily

Monday, July 30, 2018

မကွေးတိုင်း ဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁ဝ ခုရာနှုန်းပြည့် နီးပါးပြီးစီး



မကွေး ၃၀-၇-၂၀၁၈

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလထိ ခြောက်လအတွင်း၌ ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁ဝ ခုအား တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၅၅၂ ဒသမ ၉၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ရှစ်ခုမှာ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ပြီး ကျန်နှစ်ခုမှာဆောင်ရွက်ဆဲဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။

ရေစကြိုမြို့နယ် ဇရပ်နီကျေးရွာ ချင်းတွင်း မြစ်ရေတိုက်စားမှု၊ ပေါက်မြို့နယ် သမားတော်ကျေးရွာ ရေပြာချောင်း တိုက်စားမှု၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ထူးပေါက်-အင်းကုန်းကျေးရွာ ကမ်းပြိုမှု၊ ငဖဲမြို့နယ် နယ်ဇော ကျေးရွာ မန်းချောင်းရေတိုက်စားမှု၊ ပေါက်မြို့နယ် ချောင်းကူးကျေးရွာကမ်းပြိုမှု၊ ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာ ပင်းချောင်းရေ တိုက်စားမှု၊ စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာကမ်းပြိုမှု၊ အောင်လံမြို့နယ် ရွာထောင် ကျေးရွာ အခြေခံပညာ မူလ တန်းကျောင်း ချောင်းရေ တိုက်စားမှု စသည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းရှစ်ခုမှာ ရာနှုန်းပြည့် ပြီး စီး သွားပြီဖြစ်ကြောင်း သိရသည်။

''ကျန်နေသေးတဲ့ ဆင်ပေါင်ဝဲမြို့နယ် စည်တိုင်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းက ၉ဝ ရာခိုင်နှုန်းပြီးနေ ပါပြီ။ ကံမ မြို့နယ်ထဲက ရေနံသာကျေးရွာ မန်းချောင်း ရေတိုက်စားမှု လုပ်ငန်းကတော့ ရေတက်နေလို့ ဆောင်ရွက်မှု အပိုင်းက ၇ဝ ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်။ ဆောင်ရွက်နေရတဲ့ လုပ်ငန်း ၁ဝခုထဲမှာ ကိုးခု က ချောင်းရေတိုက်စား တာကြောင့်ဖြစ်ပြီး တစ်ခုပဲ မြစ်ရေတိုက်စားမှုကြောင့် ဖြစ်တာကို တွေ့ရတယ်'' ဟု မကွေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောသည်။

ယခုခြောက်လတာ လုပ်ငန်းများ ပြီးစီးလျှင် ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်၌ တိုင်းဒေသကြီးအတွင်း ကမ်းပြို ကာကွယ် ရေး လုပ်ငန်း ၁၆ခု ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားမှုအား မကွေးတိုင်း ဒေသကြီး လွှတ်တော်က အတည်ပြု ထားပြီဖြစ် သည့် အတွက် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃ဘီလီယံခန့် သုံးစွဲ ဆောင်ရွက်ရန် ရှိကြောင်း ဦးဇော်လွင်က ဆိုသည်။

ယခုနှစ် မိုးရာသီကာလ မိုးများသော်လည်း ဆောင်ရွက်ထားပြီး လုပ်ငန်းများမှာ ပျက်စီးမှုမရှိဘဲ ကျေးရွာများကို အကာ အကွယ်ပေး နိုင်ခဲ့ကြောင်း၊ ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများကို မကွေးတိုင်း ဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင် ရွက် နေခြင်းဖြစ်ပြီး ရေလမ်းကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ပြည်ထောင်စု ဘတ်ဂျက်မှ နှစ်စဉ်ချ ထားပေးနေကြောင်း သိရှိရသည်။

#Themyawadydaily

Thursday, July 26, 2018

ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၀ခုကို ငွေကျပ် ၁၅၅၂ ဒသမ ၉၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိ



မကွေး ၂၆-၇-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ဘဏ္ဍာနှစ် ကြားကာလ ပထမခြောက်လ တာကာလအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁ဝခုကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၅၅၂ ဒသမ ၉၁သန်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောပြ၍ သိရသည်။

ဘဏ္ဍာနှစ် ကြားကာလ ပထမခြောကလ် တာကာလအတွင်း ဆောင်ရွက်နေသော ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁ဝခုမှာ သရက်ခရိုင် ကံမမြို့နယ် ရေနံ့သာကျေးရွာ မင်းတုန်းချောင်းရေ တိုက်စားမှုအတွက် ရန်ပုံငွေကျပ်သန်း ၅၃၁ ဒသမ ၈၄ဝဖြင့် ၇ဝ ရာခိုင်နှုန်း၊ ရေစကြိုမြို့ ဇရပ်နီကျေးရွာ ချင်းတွင်းမြစ်ရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၁၅ဝဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ပေါက်မြို့နယ် သမားတော်ကျေးရွာ ရေပြာချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း အတွက် ရန်ပုံငွေကျပ်သန်း ၇၈ ဒသမ ၈၂ဝ ဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ငဖဲမြို့နယ် နယ်ဇောကျေးရွာ၊ မန်းချောင်းရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၈၄ ဒသမ ဝ၃ဝ ဖြင့် ၉ဝ ရာခိုင်နှုန်း၊ ပေါက်မြို့နယ် ချောင်းကူးကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၈၉ ဒသမ ၅၂ဝဖြင့် ၉၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းက ပြောပြသည်။

ထို့ပြင်ပွင့်ဖြူ မြို့နယ် ထူပေါက်အင်းကုန်းကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၁၅ဝဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာ ပင်းချောင်းရေ တိုက်စားမှုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ် ၁၆၃ ဒသမ ၆၁သန်း ဖြင့် ၉ဝရာခိုင်နှုန်း၊ စလင်းမြို့နယ် ဆင်မကျွန်းမြို့ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ် ၁၃၆ ဒသမ၃၉သန်းဖြင့် ၉၇ရာခိုင်နှုန်း၊ အောင်လံမြို့ ရထောင်အခြေခံပညာ အထက်တန်းကျောင်း ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၁ဝဝ ဖြင့် ၈၁ ရာခိုင်နှုန်း၊ ဆင်ပေါင်ဝဲမြို့နယ် စည်တိုင်းကျေးရွာ ပုတီးချောင်းရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းအတွက် ရန်ပုံငွေကျပ်သန်း ၆၈ ဒသမ ၇ဝဝဖြင့် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းကဆက်လက် ပြောပြ၍သိရသည်။

#Themyawadydaily

Monday, July 2, 2018

ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေး အစီအမံများအတွက် ငွေကျပ် ၄၇ ဘီလီယံကျော် ခန့်မှန်းလျာထား ဆောင်ရွက်မည်



နေပြည်တော် ၂-၇-၂ဝ၁၈

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်ထိ သုံးနှစ်တာ ကာလအတွင်း ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်မည့် ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေး အစီအမံများအတွက် စုစုပေါင်းငွေကျပ် ၄၇ဘီလီယံကျော် ခန့်မှန်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှု ကာကွယ်ရေး လုပ်ငန်းများကို နည်းလမ်းနှစ်သွယ်ဖြစ်သည့် တိုက်ရိုက်ကာကွယ်ခြင်း နည်းစနစ်၊ သွယ်ဝိုက်ကာကွယ်ခြင်း နည်းစနစ်တို့ဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တိုက်ရိုက်ကာကွယ်ခြင်း နည်းစနစ်သည် လတ်တလော ရေစားကမ်းပြိုနေမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ် နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ရန် အခြေအနေပေးသည့် ကမ်းပြိုကမ်း စားဖြစ်ပေါ်နေသော နေရာများတွင် မြေထိန်းနံရံများ တည်ဆောက်ပေးခြင်း (သို့မဟုတ်) ကမ်းပါးလျှော စောက်ပြုပြင်၍ မျောကရစ်တန်း များရိုက်ခြင်းကို ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ သွယ်ဝိုက်ကာကွယ်ခြင်း နည်းစနစ်ကို ရေတိုက်စားကမ်းပြို လျက်ရှိသော နေရာတွင် ရေအနက်များသဖြင့် တိုက်ရိုက်ကာကွယ်ခြင်း ဆောင်ရွက်၍ မရနိုင်သောနေရာများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ရေလွှဲရေကာများ တည်ဆောက်ပေးခြင်း၊ ယာယီထိန်းသိမ်းနိုင်ရန် ရေစီးနှုန်း လျော့ကျစေသော ရေကာများ တည်ဆောက်ပေးခြင်း၊ လှိုင်းပုတ်ခြင်း၊ အပေါ်ယံရေစီး ပွတ်တိုက်မှု အကာအကွယ်များ တည်ဆောက်ပေးခြင်း၊ သောင်တူး ပေးခြင်းတို့ကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Wednesday, June 20, 2018

မကွေးတိုင်း ဒေသကြီးတွင် ဆိပ်ခံဗောတံတား တစ်စင်းရောက်ရှိ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်တော့မည်



မကွေး ၂ဝ-၆-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကိစ္စများတွင် အသုံးပြုရန် ဆိပ်ခံဗော တံတားတစ်စင်း ရောက်ရှိ၍ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက် နိုင်တော့မည် ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနညွှန့်ကြားရေးမှူး ဦးမြင့်စိုးထံမှ သိရသည်။

ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို တင်ဆောင်ပြီး ရေကြောင်းမှ သွားရသည့် ကိစ္စများတွင် ဆိပ်ခံဗော တံတားယာဉ်နှင့် အလွယ်တကူ ရွေ့ပြောင်း သယ်ယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နိုင်ငံတော်က ရေဘေး ကယ်ဆယ်ရေးအတွက် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန့်ကြားရေးမှူး ဦးမြင့်စိုးက ပြောပြသည်။

အဆိုပါ ဆိပ်ခံဗောတံတားမှာ အလျားပေ ၆ဝ၊ အနံပေ ၃ဝ၊ အမြင့် ခြောက်ပေနှင့် ရေစူး ၁၃လက်မရှိကာ ပြည်တွင်းတွင် တည်ဆောက်ခြင်းကြောင့် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၉ဝဝဝဝခန့် ကုန်ကျကြောင်း သိရသည်။

"ကျွန်တော်တို့ တိုင်းဒေသကြီးအတွက် ရေဘေး ကယ်ဆယ်ရေးနဲ့ သဘာဝဘေး အန္တရာယ် ကိစ္စရပ်တွေမှာ အသုံးပြုဖို့ ဆိပ်ခံဗောတံတား တစ်စင်းရရှိခဲ့တာ ကောင်းပါတယ်။ မနှစ်က ရေကြီးနစ်မြုပ်တဲ့ ဒေသတွေမှာ ဧရာဝတီမြစ် ရေလယ်ကျွန်းတွေ ပေါ်ကလူတွေနဲ့ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေကို မန်းရေနံမြေက မုတ္တမသင်္ဘောနဲ့ ကယ်တင်ခဲ့ရတယ်။ အခုလို ရေဘေးနဲ့ သဘာဝဘေး တွေအတွက် အရေးကြီးတဲ့ ဆိပ်ခံဗောတံတား ယာဉ်ရရှိခဲ့တာ ကယ်ဆယ်ရေး လုပ်ငန်းအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်"ဟု မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

Monday, June 11, 2018

မိုးကာလ အရေးပေါ် မြစ်ကမ်းပြို မှုများဖြစ်ပွားပါက ကျေးရွာများအရောက် ကွင်းဆင်း၍ နည်းပညာကူညီမည်



မန္တလေး ၁၁-၆-၂ဝ၁၈

မြစ်ရေများ မြင့်တက်ချိန် မြစ်ကမ်းပြိုမှုများ အများဆုံး ဖြစ်ပွားသည့် မိုးကာလအတွင်း အရေးပေါ် မြစ်ကမ်းပြိုကျမှုများ ဖြစ်ပွားပါက ဖြစ်ပွားသည့် ကျေးရွာများသို့ ကွင်းဆင်း၍ နည်းပညာများ ကူညီမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က မန္တလေးတိုင်းဒေသကြီး အရေးပေါ် ကမ်းပြိုကာကွယ်ရေး အတွက် သီးသန့်ဘတ်ဂျက် ငွေကျပ်သန်း ၁၅ဝ ရရှိခဲ့သည်။၎င်းနှစ်များ နောက်ပိုင်း အရေးပေါ်ကမ်းပြိုမှုများမှာ ရုတ်တရက်ဖြစ်ပေါ်သည့် ယာယီလုပ်ဆောင်ရမည့် ကာကွယ်ရေး ဖြစ်သည့်အတွက် ဘတ်ဂျက်တောင်းခံခြင်း မပြုလုပ်တော့ဘဲ ဌာနအနေဖြင့် ကမ်းပြိုမှု ဖြစ်ပွားသည့် ကျေးရွာများနှင့် ပူးပေါင်း၍ နည်းပညာပိုင်း ဆိုင်ရာသာ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောပြသည်။

"ဘတ်ဂျက် မတောင်းတော့ဘူး။ အရေးပေါ်ဖြစ်တဲ့ ရွာတွေကို သွားပြီးတော့ သူတို့ရဲ့ လူအင်အားနဲ့ အရေးပေါ်ယာယီ ဆောင်ရွက်ရမယ့် သဲအိတ်ချတာ၊ ပီနံအိတ်ခွံ၊ ကြိုးနဲ့နည်းပညာတွေ ကူညီပေးသွားမယ်။ ရွာတွေမှာကမ်းပြို ကာကွယ်ဖို့ မဖြစ်မနေ လိုအပ်လာရင် အနီးဆုံးဘတ်ဂျက်နှစ်မှာ ထည့်သွင်းတောင်းခံ ပေးသွားမယ်"ဟု ၎င်းက ပြောပြသည်။

ယခုနှစ် မိုးကာလတွင် ဧရာဝတီမြစ်ကမ်း စဥ့်ကူးမြို့နယ်အတွင်းရှိ မြေနုရွာနှင့် ဟင်္သာမရွာတို့တွင် မြစ်ရေမြင့်တက် တိုက်စားမှုကြောင့် ကမ်းပြိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကွင်းဆင်း၍ ကျေးရွာများနှင့် ပူးပေါင်းကာ နည်းပညာနှင့် ကူညီမှုများ ဆောင်ရွက်ပေးရန် စီစဉ်နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ် မိုးကာလ မန္တလေးတိုင်း ဒေသကြီးအတွင်း ကျေးရွာ လေးရွာခန့် မြစ်ကမ်းပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ထို့ကြောင့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ မြစ်ကမ်းဘေးနေ ကျေးရွာများတွင် အရေးပေါ်ကမ်းပြိုမှုများ ဖြစ်ပွားခဲ့ပါက ဌာနသို့ အကြောင်းကြား၍ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အတွက် မန္တလေးတိုင်းဒေသကြီးရှိ မြစ်ကမ်းပြိုထိခိုက် ကျေးရွာပေါင်း ၁၈ ရွာတွင် မြစ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ် ခုနစ်ဘီလီယံကျော် တင်ပြတောင်းခံထားပြီး လာမည့် မြစ်ရေနည်း ကာလတွင် လုပ်ငန်းများ စတင်ဆောင်ရွက် မည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

#Themyawadydaily

Thursday, June 7, 2018

မြစ်ကူးဓာတ်ကြိုးဆွဲ လုပ်ငန်းများ ပြုလုပ်မည်ဖြစ်၍ တွံတေးတူးမြောင်း ရေလမ်းကြောင်း ဇွန် ၁၁ ရက်အထိ ပိတ်ထားမည်



ရန်ကုန် ၇-၆-၂ဝ၁၈

မဟာဓာတ်အားလိုင်း တည်ဆောက်ရေးအတွက် မြစ်ကူးဓာတ်ကြိုးဆွဲ လုပ်ငန်းများ ပြုလုပ်မည်ဖြစ်၍ တွံတေးတူးမြောင်း ရေလမ်းကြောင်းကို ဇွန် ၁၁ ရက်အထိ ပိတ်ထားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် ၂၃ဝ ကေဗွီ လှိုင်သာယာကျိုက်လတ် မဟာဓာတ်အားလိုင်း တည်ဆောက်လျက်ရှိရာ တွံတေးတူးမြောင်းကို ကျော်၍ မြစ်ကူးဓာတ်ကြိုးဆွဲခြင်း လုပ်ငန်းကို ဇွန် ၅ ရက်မှ ၁၁ ရက်အထိ နေ့စဉ် နံနက်၈ နာရီမှ ညနေ ၅ နာရီအထိ ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

တွံတေးတူးမြောင်းအတွင်း မြစ်ကူးဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် တွံတေးကြိုးတံတား၏ အထက်ဘက် ရှစ်မိုင်အနီး ရေလယ်နေရာကို ကျော်ဖြတ်၍ သွယ်တန်းမည် ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက် နေစဉ်အတွင်း လုပ်ငန်းကြီးကြပ် ကွပ်ကဲရေးအဖွဲ့က နေ့စဉ်ပြေးဆွဲနေသည့် ရေယာဉ်များကို စောင့်ကြည့်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလမ်းအတွင်းမှ ဖြတ်သန်းမည့် ရေယာဉ်များအနေဖြင့် လုပ်ငန်းခွင်မှ လွတ်ကင်းရာနေရာ၌ ရပ်နားစောင့်ဆိုင်းပြီး ကြီးကြပ်ကွပ်ကဲရေး အဖွဲ့၏ ခွင့်ပြုချက်ရမှသာ ဖြတ်သန်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေလမ်းသတိပေးချက် ထုတ်ပြန်ထားသည်။

တွံတေးတူးမြောင်းအတွင်း နေ့စဉ်ရေယာဉ် ၁၅ဝ ခန့် ဖြတ်သန်းလျက် ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

Friday, May 11, 2018

ဧရာဝတီမြစ်ရိုး တစ်လျှောက် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ကျောက်စီတမံ ကမ်းထိန်းလုပ်ငန်းနှင့် ရေလွှဲရေကာတို့ဖြင့် လုပ်ဆောင်



ရန်ကုန် ၁၁-၅-၂ဝ၁၈

ဧရာဝတီမြစ်ရိုး တစ်လျှောက် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သံခြင်းအခြေပြု ကျောက်စီတမံ၊ ကွန်ကရစ်တိုင် အခြေပြု ကျောက်စီတမံ၊ မျောကရစ် ကမ်းထိန်းလုပ်ငန်းနှင့် မျောကျောက် ဖြစ်ရေလွှဲ ရေကာတို့ဖြင့် အဓိက လုပ်ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သတင်းများအရ သိရသည်။

မြန်မာနိုင်ငံသည် ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝဘေး အန္တရာယ်အများဆုံး ကျရောက် ခံစားနေရသည့် နိုင်ငံများတွင် ပါဝင်သည်။ ၂ဝ၁၄ ခုနှစ်ကထုတ်ပြန် ခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်မှုတစ်ခုတွင် မြန်မာနိုင်ငံသည် သဘာဝဘေးကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇ဝ၇ သန်းဆုံးရှုံး နေရသည်ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်ဖြစ်ရပ်များ ကြောင့် မြန်မာနိုင်ငံ အသားတင်ရငွေ၏ ၂ ဒသမ ၅၅ ရာခိုင်နှုန်း ဆုံးရှုံးနေခဲ့ရသည်။

အဆိုပါရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝဘေး အန္တရာယ်များကြောင့် မြန်မာနိုင်ငံ၏ မှီခိုအားထားရဆုံးသော ဧရာဝတီမြစ်ကြီးတွင် ရေလမ်းကြောင်း ပြောင်းလဲ၍ ရေဦးထိုးခြင်းကြောင့် ကမ်းပြိုခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သံခြင်းအခြေပြု ကျောက်စီတမံ၊ ကွန်ကရစ်တိုင် အခြေပြုကျောက်စီတမံ၊ မျောကရစ် ကမ်းထိန်းလုပ်ငန်း နှင့်မျောကျောက်ဖြစ် ရေလွှဲရေကာတို့ဖြင့် အဓိကလုပ်ဆောင်နေခြင်း ဖြစ်ပြီးအများစုမှာ သံခြင်းအခြေပြု ကျောက်စီတမံများဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရိုး တစ်လျှောက်တွင် ခံစားနေရသည့် မြစ်ရေတိုက်စားမှုနှင့် ကမ်းပြိုဖြစ်စဉ် များအတွက် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေသော ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအနက် မန္တလေးတိုင်း ဒေသကြီးအတွင်း ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ရေတိုက်စားမှုဒဏ် အများဆုံးခံစားရသည့် ကျေးရွာများကို ၂ဝ၁၈ခုနှစ် ဇန်နဝါရီလမှစတင်၍ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Monday, April 9, 2018

ငပလီကမ်းခြေ၏ ပျက်စီးမှု အတိုင်းအတာကို ပြီးခဲ့သည့် နှစ် ၂ဝ ခန့်က ဂြိုဟ်တုဓာတ်ပုံ များနှင့် နှိုင်းယှဉ်၍ စစ်ဆေးမည်



သံတွဲ ၉-၄-၂ဝ၁၈

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ငပလီ ကမ်းခြေ၏ ပျက်စီးမှု အတိုင်းအတာကို ပြီးခဲ့သည့်နှစ် ၂ဝ ခန့်က ဂြိုဟ်တု ဓာတ်ပုံများဖြင့် နှိုင်းယှဉ်၍ စစ်ဆေးမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမြင့်ထွေးထံမှ သိရသည်။

ငပလီကမ်းခြေ ပျက်စီးမှုရှိ၊ မရှိ စစ်ဆေးရန် ဝန်ကြီးဌာနအနေဖြင့် သီးခြား အဖွဲ့အစည်းတစ်ခုကို တာဝန်ပေးအပ်ထားပြီး အရေးကြီး ကိစ္စဖြစ်သဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

''ဒေသခံတွေရဲ့ တွေ့ရှိချက်တွေ၊ သဘာဝပြောင်းလဲမှု စာရင်းတွေ ကောက်ယူမယ်။ အဲဒီရလဒ်ပေါ် မူတည်ပြီး ရှေ့ဆက် ဆောင်ရွက်ရမယ့် အပိုင်းတွေ ပေါ်လာမယ်။ ဒီလေ့လာ ဆန်းစစ်ချက်က တခြားကမ်းခြေ အားလုံးနဲ့သက်ဆိုင်မှု ရှိပါလိမ့်မယ်''ဟု ဦးမြင့်ထွေးက ပြောသည်။

ငပလီကမ်းခြေ ဒေသရှိ ဟိုတယ်အားလုံး ၏ ၇၅ ရာခိုင်နှုန်းသည် သဲသောင်ပေါ်၌ ခြံစည်းရိုးကဲ့သို့ ကျောက်စီ နံရံများ တည်ဆောက်ထားပြီး ကျောက်စီနံရံ များသည် ဒီရေလှိုင်းကို အဟန့်အတား ဖြစ်စေသည့် အပြင် ကမ်းခြေရှိ သဲများကိုလည်း ပင်လယ်အတွင်း ပြန်လည် မျောပါစေသည်။

၂ဝ၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကမ်းခြေတည်မြဲ အမိန့်တွင် ဟိုတယ်များသည် အမြင့်ဆုံး ဒီရေရောက်သည့် ဒီရေလှိုင်းနှင့် မီတာ ၅ဝ အကွာ၌ တည်ဆောက်ရမည်ဟု ပါရှိသော်လည်း ငပလီကမ်းခြေ၌ တည်ဆောက်ထားသည့် ဟိုတယ်တချို့သည် အဆိုပါ အမိန့်ကို လိုက်နာမှုမရှိကြောင်း သိရသည်။

#Themyawadydaily

Monday, March 12, 2018

ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်သုံးခုတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ဝန်ဆောင်မှုသုတေသန လုပ်ငန်းများ ဧပြီ ၁ ရက်တွင်စတင် လုပ်ဆောင်မည်



မုံရွာ ၁၂-၃-၂​ဝ၁၈

ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်သုံးခုတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ဝန်ဆောင်မှု လုပ်ငန်းများကို ဧပြီ ၁ ရက်မှ မေလအထိ ကွင်းဆင်း သုတေသနပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဇီဝမျိုးစုံမျိုးကွဲများကို အဓိကထိန်းသိမ်း သင့်တဲ့နေရာသုံးခု ရွေးချယ်ထားပါတယ်။ ခန္တီးမြို့နယ်၊ ကလေးဝမြို့နယ်နဲ့ ချောင်းဦးမြို့နယ် တို့မှာ နေရာ ၁၅ နေရာရွေးချယ်ပြီး သုတေသနပြုလုပ်ငန်းတွေ လုပ်ဆောင်မှာပါ။ အဲဒီမှာတွေ့ရှိချက် တွေကိုလည်း ဒေသမှာရှိတဲ့ အသက်မွေး ဝမ်းကျောင်းတွေကို ဘယ်လို အခြားနည်းသုံးပြီး လုပ်ချင်သလဲ ဆိုတာမျိုးတွေပါ။ ခန္တီးမြို့မှာ မြို့ပေါ်ရပ်ကွက်တစ်ခု၊ ဆင်သေရွာ၊ စိန်နန်း၊ မိုင်းနောင်၊ နန်းဖာကျေးရွာနဲ့ နန်းနောက်ကျေးရွာ တို့ကိုရွေးချယ် ထားပါတယ်။ ဒါ့အပြင် အောင်ချမ်းသာ၊ သက္ကယ်ကျင်းနဲ့ ဆင်မကျေးရွာ စတဲ့ကျေးရွာသုံးရွာနဲ့ ချောင်းဦးမြို့နယ် အတွင်းက ပေါက်အင်း ဒေသမှာတော့ ပေါက်အင်းရွာ၊ တောကျောင်းကြီး၊ သုံးပန်လှ၊ တောင်ဖီလာနဲ့ ကျန်တဲ့ကျေးရွာနှစ်ရွာ စုစုပေါင်းကျေးရွာ ခြောက်ရွာကိုလည်း ရွေးချယ်ထားပါတယ်။ အဲဒီက လေ့လာဆန်းစစ်လို့ တွေ့ရှိချက်တွေကိုလည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ကနေတစ်ဆင့် ထုတ်ပြန် ပေးသွားမှာပါ'' ဟု မြန်မာ့ဝန်းကျင် သိပ္ပံ၏ဒါရိုက်တာ ဒေါ်ခင်ဥမ္မာထွေးက ပြောသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် ချင်းတွင်းမြစ်အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်ဝန်ဆောင်မှု များနှင့်ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဧပြီ ၁ ရက်တွင်လည်းကောင်း၊ကလေးဝမြို့နယ် မဟာမြိုင်တောင်အတွင်းရှိ ကုန်းနေဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မေလပထမပတ်နှင့် ချောင်းဦးမြို့နယ် ပေါက်အင်းရှိ ဇီဝမျိုးစုံမျိုးကွဲနှင့် စိမ့်မြေဂေဟစနစ် ဝန်ဆောင်မှု လုပ်ငန်းများကို မေလတတိယပတ်အတွင်း ကွင်းဆင်းသုတေသန ပြုလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, March 5, 2018

ပခုက္ကူဆိပ်ကမ်း ယခင်နှစ်ထက် ကျဉ်းမြောင်းနေသဖြင့် ကုန်တင်ရေယာဉ်များ ကုန်စည်စီးဆင်းမှုနှေးကွေးနေ



ပခုက္ကူ ၅-၃-၂​ဝ၁၈

မကွေးတိုင်းဒေသကြီး၌ ရေကြောင်းလမ်းမှ ကုန်စည်စီးဆင်းမှု အချက်အချာကျသော ပခုက္ကူဆိပ်ကမ်းသည် ယခုအခါ ရေနည်းကာလ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဆိပ်ကမ်းအနေအထားမှာ ယခင်နှစ်ထက် ကျဉ်းမြောင်းနေသောကြောင့် ကုန်တင်ရေယာဉ်များမှာ ကုန်စည်စီးဆင်းမှု နှေးကွေးနေကြောင်း ဧရာဝတီလိုင်း အောင်မြသန်း ကုန်တင်ရေယာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

နှစ်စဉ် ပခုက္ကူဆိပ်ကမ်းသည် ဇန်နဝါရီလမှစ၍ ဧပြီလထိ ရေနည်းကာလများတွင် ဆိပ်ကမ်းကျဉ်းမြောင်း၍ ရေယာဉ်ကြီး၊ ငယ်များမှာ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရာတွင် အခက်အခဲ တွေ့နေရကြောင်း၊ ယခုနှစ်တွင် အဆိုပါ ဆိပ်ကမ်းသည် ယခင်နှစ်ထက် ကျဉ်းမြောင်း နေသောကြောင့် လက်ရှိရေလမ်းကြောင်းမှ ကုန်စည်စီးဆင်းမှုများ နှေးကွေးနေကြောင်း သိရသည်။

"ဆိပ်ကမ်း အနေအထားကတော့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း အကျယ်အဝန်းက သံခွံရေယာဉ်နှစ်စီး ကပ်လိုက်ရင် ပြည့်လုမတတ် ဖြစ်နေပါတယ်။ အရင်နှစ်တွေက ကျဉ်းတယ်ဆိုတာ မောင်းနေရင်း ရေယာဉ်နှစ်စီးရှောင်သာပေမယ့် ဒီနှစ်တော့ တစ်စီးကုန်ချနေရင် ကျန်တဲ့ရေယာဉ်တွေက အောက်ဘက် ခပ်ဝေးဝေးကနေ ကုန်တွေနဲ့ စောင့်နေရပါတယ်။ ဒါကြောင့် ကုန်တင်ကုန်ချ တွေနောက်ကျပြီး ရေကြောင်းလမ်းကုန်စည် စီးဆင်းမှုတွေလဲ နှေးကွေးနေပါတယ်"ဟု အဆိုပါရေယာဉ်မှ ဦးကျော်သူအောင်က ပြောပြ၍ သိရသည်။

လက်ရှိ ပခုက္ကူဆိပ်ကမ်းတွင် မန္တလေး၊ မကွေး၊ ဟင်္သာတမြို့နယ်တို့မှ ဆန်၊ ဘိလပ်မြေ၊ ကျောက်မီးသွေး စသော ကုန်များ အများဆုံး ဝင်ရောက်နေပြီး ရေယာဉ်တစ်စီးကုန်ချနေပါက ဆိပ်ကမ်း၏ အောက်ဘက် ကမ်းဘေး၊ ရေလယ်နေရာများတွင် အနည်းဆုံး ကုန်တင်ရေယာဉ်သုံးစီး စောင့်ဆိုင်းနေရကြောင်း၊ သောင်ခုံ၊ ကျွန်းခုံများမှာလည်း ယခင်နှစ် ထက်ထူထပ်ခြင်း၊ ရှည်လျားခြင်းတို့ကြောင့် အဝင်အထွက် ကျပ်တည်းနေကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

Tuesday, February 13, 2018

စစ်ကိုင်းမြို့တွင် အဆင့်မြင့်မြစ်ရေတင် မြို့ရေပေးဝေရေး စီမံကိန်းမှ နေ့စဉ် ရေဂါလန် လေးသိန်းကျော် ဖြန့်ဝေပေးသွားမည်



စစ်ကိုင်း ၁၃-၂-၂ဝ၁၈

စစ်ကိုင်းမြို့ စစ်ကိုင်းစက်မှုဇုန် အရှေ့ထိပ်နှင့် တောင်ဖီလာဘုရား အနီးတွင် ဂျပန်နိုင်ငံ JICA ချေးငွေအကူအညီဖြင့် တည်ဆောက်ခဲ့သည့် အဆင့်မြင့် မြစ်ရေတင်မြို့ရေ ပေးဝေရေးစီမံကိန်းမှ နေ့စဉ်ရေဂါလန် လေးသိန်းကျော် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယခု ရေပေးဝေရေး လုပ်ငန်းသည် ဧရာဝတီမြစ်မှ တစ်ဆင့် ပေ ၂၄ဝဝ ဝေးသော ပယ်ငါးဆယ် ကျေးရွာအနီးရှိ ဂါလန်ခြောက်သောင်း ဆံ့ရေစုကန်သို့ ပွန်တွန်းဖြင့် တွန်းတင်၍ လည်းကောင်း၊၎င်းရေစုကန်မှ ခြောက်လက်မ GI ပိုက်ဖြင့် ၈၈၈၃ပေ ကွာဝေးသော လက်ရှိနေရာ ရေစစ်ကန်သို့လည်းကောင်း၊ ၎င်းရေစစ်ကန်မှ အဆင့်ဆင့် သန့်စင်ပြီး ရေသန့်အဆင့်မီ မြစ်ရေများကို ၁၄၂ဝ၉ပေကွာဝေးသော ဇေယျာရပ်ကွက်ရှိ ရပ်ကွက် ရေဖြန့်ဝေကန်သို့ စက်ဖြင့်တွန်း၍ လည်းကောင်း၊ ပေ၆ဝဝဝ ကွာဝေးသော ရွှေမင်းဝံ့ရပ်ကွက်ရှိ ရေဖြန့်ဝေကန်သို့ လည်းကောင်း တိုက်ရိုက်ဖြန့်ဝေ ပေးသွားမည် ဖြစ်ပြီး ရေဖြန့်ဝေကန်များမှ တစ်ဆင့် အိမ်တိုင်ရာရောက် အမြင့်မှအနိမ့်သို့ စီးဆင်း သောစနစ်ဆောင်ရွက် ပေးထားကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

"ရေဖြန့်ဝေကန်က တစ်ဆင့် အိမ်တိုင်ရာရောက် အမြင့်မှအနိမ့်ကို စီးဆင်းတဲ့စနစ်နဲ့ ဆောင်ရွက်ပေး ထားတာဖြစ်ပါတယ်။ ရေပေးဝေမယ့် ရပ်ကွက်တွေကတော့ ဇေယျာရပ်ကွက်၊ ရွှေမင်းဝံ့ရပ်ကွက်၊ မြရတနာနဲ့ နီလာဦး ရပ်ကွက်တွေကို ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။လက်ရှိ ဖြန့်ဝေကန်နဲ့နီးတဲ့ ပညာရေး တက္ကသိုလ်ကိုလဲ ပေးဝေနိုင်ရေး စီစဉ်ထားပြီးဖြစ်ပါတယ်။ ဒီစီမံကိန်းက နေ့စဉ်ရေဂါလန် လေးသိန်းကျော်ကို ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်"ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

Friday, February 9, 2018

စစ်ကိုင်းမြို့တွင် ဂျပန်နိုင်ငံ JICA ချေးငွေအကူအညီဖြင့် တည်ဆောက်လျက်ရှိသော မြစ်ရေတင်စီမံကိန်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖွင့်လှစ်သွားမည်



စစ်ကိုင်း ၉-၂-၂ဝ၁၈

စစ်ကိုင်းမြို့ စစ်ကိုင်းစက်မှုဇုန် အရှေ့ထိပ်နှင့် တောင်ဖီလာဘုရား အနီးတွင် ဂျပန်နိုင်ငံ JICA ချေးငွေ ကျပ်သိန်း ၇ဝဝဝ ကျော်ဖြင့် တည်ဆောက်လျက်ရှိသော မြစ်ရေတင်စီမံကိန်းကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အတူအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ JICA မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ကြောင်း၊လက်ရှိတွင် စမ်းသပ်၍ ရေများစတင်ဖြန့်ဝေ ပေးလျက်ရှိကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပြသည်။

"လက်ရှိမှာ ရွှေမင်းဝံနဲ့ ဇေယျာရပ်ကွက်တို့ကို ရေစမ်းလွှတ်နေပါပြီ။ ကျွန်တော်တို့ ရေတစ်ယူနစ်ကို ငွေကျပ် ၃ဝဝနဲ့ ရောင်းချဖို့ အကြမ်းဖျင်းတွက် ထားပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

စစ်ကိုင်းမြို့တွင် မြို့မရပ်ကွက် ၂၃ ရပ်ကွက်ရှိရာ မြစ်ရေမရရှိသည့် ရပ်ကွက်တော်တော်များများ ရှိကြောင်း၊ ၎င်းတို့ထဲမှ မြစ်ရေလုံးဝမရရှိသည့် ဇေယျာရပ်ကွက်၊ မြရတနာရပ်ကွက်၊ နီလာဦးရပ်ကွက်တို့ကို အဓိကထား၍ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းရပ်ကွက်များကို ဦးစားပေးအနေဖြင့် ရေဖြန့်ဝေပေးသွားမည် ဖြစ်သည့်အပြင် ရွှေမင်းဝံရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းစက်မှုဇုန်စသည့် နေရာများလည်း ရေဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြစ်ရေတင်စီမံကိန်းကို W.E.G Co.,Ltd က ၂ဝ၁၆ ခုနှစ် ဧပြီလမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ ရေစစ်ကန်များ၊ ရေလက်ခံမည့် ကန်ကြီးများ၊ ရေဖြန့်ဝေမည့် ရေကန်ကြီးများ၊ ရေလောင်ကန်များနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ရပ်ကွက်များသို့ မကြာမီ ရေများဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily 

Wednesday, January 31, 2018

ဧရာဝတီမြစ်အတွင်း ရေကြောင်းကျပ်တည်းမည့် နေရာ ၂၅ နေရာကျေးရွာခုနစ်ရွာတွင် ဝါးနွေရေကာ လုပ်ဆောင်ပေးရန် လျာထား



မန္တလေး ၃၁-၁-၂ဝ၁၈

ဧရာဝတီမြစ်အတွင်း ယခုနှစ်ရေကျချိန်တွင် ရေကြောင်းကျပ်တည်းမည့် နေရာ ၂၅ နေရာရှိသော်လည်း သွားလာအသုံးပြုမှု များသည့် စဥ့်ကူ-မန္တလေး-ညောင်ဦးကြား ကျေးရွာခုနစ်ရွာတွင် ဝါးနွေရေကာ လုပ်ဆောင်ပေးရန် လျာထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဒေသ-၅ မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်အတွင်း လာမည့် ဖေဖော်ဝါရီလမှစ၍ ရေနည်းချိန် ကာလဖြစ်သည့်အပြင် သင်္ဘောများ သွားလာရာတွင်လည်း ရေကြောင်း ကျပ်တည်းမှုများကို နှစ်စဉ်ကြုံတွေ့ နေရကြောင်း၊ ဧရာဝတီမြစ် အတွင်း၌သွားလာ နေသည့် ခရီးသည်တင် သင်္ဘောများအပါအဝင် ကုန်တင်သင်္ဘောများအနေဖြင့် သတိပြုသွားလာရန် လိုအပ်ကြောင်း၊ ယခုလက်ရှိ ဧရာဝတီမြစ်အတွင်း၌ ရေနည်းချိန် ကာလတွင် သွားလာရခက်ခဲသည့် နေရာ ၂၅ နေရာခန့် ရှိသော်လည်း မန္တလေးဆိပ်ကမ်းမှ အဓိကသွားလာ အသုံးပြုနေသည့် ရေလမ်းကြောင်းများဖြစ်သည့် စဥ့်ကူမန္တလေး-ညောင်ဦး ရေလမ်းကြောင်းရှိ ကျေးရွာခုနစ်ရွာ၌ ဝါးနွေရေကာဖြင့် ရေကြောင်းကျပ်တည်းမှု များကိုယာယီ ဖြေရှင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ၃၈ဝ စင်တီမီတာသာရှိပြီး အနည်းဆုံးရေအမှတ် ၃၆ဝ စင်တီမီတာထိ ရောက်ရှိရန် အနည်းငယ်သာ လိုအပ်တော့သည့်အတွက် လာမည့် ဖေဖော်ဝါရီလမှစ၍ ရေကြောင်း ကျပ်တည်းမှုများ စတင်ဖြစ်ပေါ်မည် ဖြစ်သောကြောင့် ရေကြောင်းကျပ်တည်းမည့် နေရာ ၂၅ နေရာခန့်ရှိမည်ဟု တွက်ချက်ထားပြီး ၎င်းနေရာထဲမှ ကျပ်တည်းမှု အဆိုးဆုံး ဖြစ်ပေါ်နိုင်သည့် ကြာဥယျာဉ်ကျေးရွာ၊ ရေလယ်ကျွန်းကျေးရွာ၊ ရှမ်းကလေးကျွန်းကျေးရွာ၊ နှောက်ချေးကျွန်းကျေးရွာ၊ သုံးလင့်ကျေးရွာ၊ ရွေပေါက်ပင်ကျေးရွာနှင့် လေးလံကျွန်း ကျေးရွာတို့တွင် ဝါးနွေရေကာလုပ်ငန်းကို လုပ်ဆောင်ပေးသွားရန် လျာထားကြောင်း သိရသည်။

ရေကြောင်း ကျပ်တည်းသည့် နေရာများကို ရေအနက်ပိုမိုရရှိ စေရေးအတွက် ရေပြန့်ကျယ်တွင် တစ်ပြေးညီ စီးဆင်းနေသည့် ရေကိုကတော့ပုံစံစီး ဆင်းနိုင်ရန်ဝါးတိုင်၊ ဝါးကပ်များဖြင့် အဟန့်အတား လုပ်ပေးကာရေစီး၊ရေလာမှာစောင်း၍ တစ်နေရာတည်းတွင် စီးဆင်းသွားမည် ဖြစ်ကြောင်း၊ ထိုသို့စီးဆင်းပြီး မြစ်ကြမ်းပြင်ရှိသဲများကိုပါ ရေတိုက်စားကာ ယခင်ကသုံးပေအနက် ရှိသည့်နေရာမှာ ရေအနက်ငါးပေ ထိရရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းဝါးနွေရေကာများကို ရေစီးရေလာချိန်ပြီး အလျား၊အနံ တွက်ချက်ကာ ရေစီးရေလာ ကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, December 20, 2017

စက်သုံးဆီဆိပ်ကမ်းစီမံကိန်း ကမ်းပြိုကာကွယ်ရေး မြေထိန်းနံရံပြုလုပ်ရန် ဒီဇိုင်းတင်ပြထားသော်လည်း တစ်နှစ်ကျော်ကြာသည်ထိ မလုပ်နိုင်သေး



မန္တလေး ၂၀-၁၂-၂၀၁၇

ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီမြစ်ဘေးရှိ စက်သုံးဆီ ဆိပ်ကမ်းစီမံကိန်းကို ကမ်းပြိုကာကွယ်ရေး မြေထိန်းနံရံပြုလုပ်ရန် ကုမ္ပဏီဘက်က ဒီဇိုင်းတင်ပြထားမှု တစ်နှစ်ကျော် ကြာသော်လည်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနရုံးချုပ်က ပြန်လည်အကြောင်း ကြားခြင်းမရှိသေးသဖြင့် မလုပ်နိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ပြောပြ၍သိရသည်။

အဆိုပါ စက်သုံးဆီ ဆိပ်ကမ်းစီမံကိန်းကို Environmental Impact Assessment, Social Impact Assessment-EIA-SIA (ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာထိခိုက်မှု ဆန်းစစ်ခြင်း) စစ်ဆေးမှုများ ပြုလုပ်နေပြီး ပြုလုပ်နေစဉ် အတွင်း လုပ်ငန်းဆောင်ရွက်မှုများကို အပိုင်းလိုက်ခွဲကာ ပြုလုပ်ရန် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုထားကြောင်း သိရသည်။

"စက်သုံးဆီဆိပ်ကမ်း EIA-SIA စစ်ဆေးမှု အဖြေထွက်မလာ သေးပါဘူး။ ကျွန်တော်တို့ ဌာနအနေနဲ့ကလဲ ကိုယ်နဲ့ဆိုင်တဲ့ အပိုင်းလိုက် စစ်ဆေးမှုတွေကိုလုပ်ပြီး ကမ်းပြိုကာကွယ်ဖို့၊ မြေထိန်းနံရံ ဆောက်ပေးဖို့ ပြောထားပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးအောင်လင်းက ပြောပြသည်။

၎င်းတို့ဌာနအနေဖြင့် ဆီဆိပ်ကမ်း ပြုလုပ်မည်ဆိုပါက ဆိုက်ကပ်မည့်သင်္ဘောများ အရှိန်လျှော့မောင်းရန်နှင့် ကမ်းပါးပြိုကျမှုကို ကာကွယ်ရန် စက်သုံးဆီဆိပ်ကမ်းနှင့် ပတ်ဝန်းကျင်တွင် ကုမ္ပဏီက မြေထိန်းနံရံဆောက်
လုပ်ပေးရန် စသည့်အချက်များကို တင်ပြထားကြောင်း သိရသည်။

"ကုမ္ပဏီက ဆောက်လုပ်ပေးမယ်ဆိုပြီး ဒီဇိုင်းလာပြလို့ ကျွန်တော် ရုံးချုပ်ကိုတင် ထားပေမယ့် ခုချိန်ထိ ပြန်မကျသေးပါဘူး။ EIA-SIA စစ်ဆေးချက် အဖြေစောင့်နေတာ ထင်ပါတယ်။ အဖွဲ့ပေါင်းစုံက စစ်ဆေးရတာပါ။ ရှေးဟောင်း ယဉ်ကျေးမှုဇုန်တွေပါ နေတော့ အဲဒါကိုစောင့် နေတာထင်ပါတယ်။ ဌာနအနေနဲ့ စီမံကိန်းလုပ်ငန်းတွေကို ကန့်ကွက်ထားတာ မရှိပါဘူး"ဟု ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါ စက်သုံးဆီ ဆိပ်ကမ်းစီမံကိန်းသည် တစ်ကန်လျှင် ဆီဂါလန် နှစ်သန်းဆံ့သည့် ဆီကန်ပေါင်း ၃၂ ကန်ပါဝင်သည့် စက်သုံးဆီ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ရှေးဟောင်းမြို့တော် အင်းဝမြို့၏ အိုးတုတ္တန်းရပ်နှင့်လည်း နီးကပ်နေကြောင်း သိရသည်။

#Yadanarpondaily

သံခွံရေယာဉ်ကြီးများ ချင်းတွင်းရေကြောင်း၌ ယခင်နှစ်ထက်ပို၍ ဂရုတစိုက် ခုတ်မောင်းရန်လို

Tuesday, December 19, 2017

မန္တလေးတိုင်းဒေသကြီး မြို့နယ်ငါးမြို့နယ်ရှိ ကျေးရွာ ၂၁ ရွာကို ငွေကျပ်ခုနစ်ဘီလီယံအကုန်အကျခံ၍ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်



မန္တလေး ၁၉-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး မြို့နယ် ငါးမြို့နယ်ရှိ ကျေးရွာ ၂၁ ရွာကို ငွေကျပ်ခုနစ်ဘီလီယံ အကုန်အကျခံ၍ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးအောင်လင်းကပြောပြ၍ သိရသည်။

တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ကျေးရွာ ၁၂ ရွာကိုဒီဇင်ဘာလကုန်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည် ဖြစ်ပြီး တိုင်းဒေသကြီးဖြည့်စွက် ရန်ပုံငွေ၊ ပြည်ထောင်စု ရန်ပုံငွေနှင့်ကျန်ရှိသည့် ကျေးရွာကိုးရွာကို ဆက်လက်လုပ်ဆောင်နိုင်ရန် တင်ဒါများကို ဒီဇင်ဘာလကုန်တွင် ခေါ်ယူကာ ဇန်နဝါရီလတွင် လုပ်ငန်းများစတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

ရေကျချိန်ဖြစ်သည့် အတွက်ကွင်းဆင်း စစ်ဆေးမှုများ စလုပ်နေကြောင်း၊ ကာကွယ်ရေးလုပ်ငန်း စတင်လုပ်နေကြောင်း၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ဌာနအနေဖြင့် ဆက်တိုက်လုပ်ဆောင် ပေးနေသော်လည်း အချို့ကျေးရွာများတွင် ကမ်းပြိုမှုရပ်တန့်မသွားဘဲ ဆက်ပြိုနေကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပြပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုကမ်းပြိုနေသော ကျေးရွာအများစုသည် ယခင်အဆက်ဆက်ကတည်းက ပြိုလက်စရှိနေသော ကျေးရွာများဖြစ်ပြီး ကမ်းပြိုကာကွယ်ရေးကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်ရောက်မှသာလျှင် ထိရောက်စွာ စတင်လုပ်ဆောင် နိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ ဦးစီးမှူးဦးတိုးအောင်လင်းက ပြောပြသည်။

"ဘတ်ဂျက်မလုံလောက်လို့ ရသလောက်လုပ်ပေးခဲ့ ရတဲ့ရွာတွေရှိတယ်။ အချို့ရွာတွေမှာဒီနေရာကို လုပ်ပေးထားတော့ နောက်နှစ်တစ်ခြား နေရာကပြိုနေတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

ယခုနှစ် ကမ်းပြိုကာကွယ်ရေး ပြုလုပ်ပေးမည့် စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ မြင်းခြံမြို့နယ်၊ တံတားဦးမြို့နယ်နှင့် ညောင်ဦးမြို့နယ် ငါးမြို့နယ်မှ ကျေးရွာ၂၁ ရွာဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

နှစ်နှစ်ကြာစစ်ဆေးမှု ရလဒ်များအရ ပဲခူးမြစ်အောက်ပိုင်းသည် ရေညစ်ညမ်းမှု အဆိုးရွားဆုံး အဆင့်တွင် ရှိနေ



ပဲခူး ၁၉-၁၂-၂၀၁၇

ပဲခူးမြစ်ကြောင်း တစ်လျှောက်ရှိ ရေအရည်အသွေးကို နှစ်နှစ်ကြာစစ်ဆေးရာ မြစ်အောက်ပိုင်းသည် ရေညစ်ညမ်းမှု အဆိုးရွားဆုံးအဆင့်တွင် ရှိနေကြောင်း ရေဝေရေလဲအုပ်ချုပ်ရေး ဦးစီးဌာနတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါလေ့လာမှုအရ မြစ်အပေါ်ပိုင်း ဒေသများ၌ ရေအရည်အသွေး ကောင်းမွန်လျက် ရှိကြောင်းနှင့် ပဲခူးမြစ်အောက်ပိုင်း ရေထုညစ်ညမ်းရခြင်းမှာ ပဲခူးမြို့ နေအိမ်များမှ ထွက်ရှိသောအမှိုက်များကို မြစ်အတွင်းသို့ စွန့်ပစ်ခြင်း၊ မြစ်အတွင်း အိမ်သာဆောက်လုပ်ခြင်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများမှ အသုံးပြုသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အကြွင်းအကျန်များ မြစ်အတွင်း ဝင်ရောက်ခြင်းတို့ကြောင့် ဖြစ်သည်။

ဘက်စုံပူးပေါင်းပါဝင်သော ရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း ရှေ့ပြေးစီမံကိန်းအဖြစ် မြန်မာနိုင်ငံရှိ မြစ်များ ကိုယ်စားပြုအဖြစ် ပဲခူးမြစ်နှင့် ကန်များကိုယ်စားပြု အဖြစ်အင်းလေးကန်ကို ရွေးချယ်၍ ရေအရည်အသွေး စစ်ဆေးခြင်းနှင့် ရေသယံဇာတ အခြေအနေပုံမှန် စစ်ဆေးခြင်းတို့ကို နော်ဝေနိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ရေအရည်အသွေး ပုံမှန်စစ်ဆေးပြီးပါက ရလဒ်များစုပေါင်း၍ မြစ်ဝှမ်းဒေသများနှင့် နယ်နိမိတ်ထိစပ်နေသော တိုင်းဒေသကြီးနှင့် ဌာနဆိုင်ရာ အချင်းချင်းချိတ်ဆက်ကာ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, December 13, 2017

မန္တလေးသင်္ဂဇာချောင်း ပတ်ဝန်းကျင်တွင် အမှိုက်လွှဲပြောင်းဇုန် တည်ဆောက်ရန် တင်ဒါခေါ်ယူသွားမည်



မန္တလေး ၁၃-၁၂-၂၀၁၇

မန္တလေးမြို့ပြ ဝန်ဆောင်မှုဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွင် ပါဝင်သော သင်္ဂဇာချောင်းသန့်ရှင်း သာယာလှပရေးအတွက် ပြည်သူလူထု အခြေပြု အမှိုက်ယာယီလက်ခံသည့် အမှိုက်လွှဲပြောင်း ဇုန်တစ်ခုကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေအမေရိကန် ဒေါ်လာသန်း ၆ဝ ထဲမှ အမေရိကန် ဒေါ်လာ ၄၇ဝဝဝဝ အကုန်ကျခံ၍ သဂင်္ဇာ ချောင်းပတ်ဝန်းကျင်၌ တည်ဆောက်နိုင်ရန် တင်ဒါခေါ်ယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ စီမံကိန်းမန်နေဂျာ ဒေါ်ခင်မေဌေးထံမှ သိရသည်။

သင်္ဂဇာချောင်းအနီး အမှိုက်လွှဲပြောင်းဇုန်၌ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမှိုက်စွန့်ပစ်ရန် နေရာငါးနေရာမှ အမှိုက်များနှင့် သင်္ဂဇာချောင်း ပတ်ဝန်းကျင်ရှိ ရပ်ကွက်များမှ အမှိုက်များကို အမှိုက်အမျိုးအစားခွဲခြား၍ ၎င်းအမှိုက်လွှဲပြောင်းဇုန် တွင်သိမ်းဆည်းကာ ထိုမှတစ်ဆင့် ကြာနီကန်အမှိုက်ပုံသို့ စွန့်ပစ်သွားမည် ဖြစ်သည်။

အဆိုပါ အမှိုက်လွှဲပြောင်းဇုန် တည်ဆောက်ခြင်းဖြင့် အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခြင်း၊ သင်္ဂဇာချောင်းပတ်ဝန်းကျင်ရှိ အမှိုက်သိမ်း ယာဉ်ဝင်ရောက်ရန် အခက်အခဲရှိသော လမ်းများ၊ အိမ်များသို့ သုံးဘီးဆိုင်ကယ်များ လက်တွန်းလှည်းများဖြင့် အမှိုက်သိမ်းဆည်း၍ အမှိုက်သိမ်းယာဉ်ကြီးများ ပေါ်သို့ သွားရောက်အတင်အချ ပြုလုပ်ရခြင်းကို လျှော့ချနိုင်ခြင်း၊ ယာဉ်လမ်းကြောပိတ်ဆို့မှုကို တစ်စိတ်တစ်ပိုင်းလျှော့ချနိုင်ခြင်း၊ သင်္ဂဇာချောင်းအတွင်း အမှိုက်ကျရောက်ခြင်းကြောင့် ရေထုညစ်ညမ်းနေမှု လျော့နည်းသွားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

၎င်းအမှိုက်လွှဲပြောင်းဇုန် တည်ဆောက်ပြီးပါက သင်္ဂဇာချောင်း ပတ်ဝန်းကျင်ငါးရပ်ကွက်ရှိ ပြည်သူနှစ်သိန်း ခုနစ်သောင်းကျော်ကို အကျိုးပြုမည်ဖြစ်ပြီး မြို့တော်စည်ပင် သာယာရေး ကော်မတီအနေဖြင့် အမှိုက်လွှဲပြောင်း ဇုန်မြေနေရာ ရွေးချယ်မှုနှင့် ADB ၏ ချေးငွေလိုလားချက် များအရ ပြည်တွင်း ကုမ္ပဏီများကို အမြန်တင်ဒါ ခေါ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger