-
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-သိန်းနီ-ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တွင် အရေးအပါဆုံးဖြစ်သည့် သံလွင်မြစ်ကူး ကွမ်းလုံကြိုးတံတားကို ရေရှည်အသုံးပြုနိုင်ရန် နှင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေး ကုန်တင်ယာဉ်ကြီးများအတွက် ကန့်သတ်ချက်မှာ ယာဉ်နှင့် ကုန်ချိန် ၂၅ တန်အထိသာ ဖြတ်သန်းခွင့်ပြုကြောင်း ဒီဇင်ဘာ ၂၄ ရက်ထုတ် မြဝတီ သတင်းစာ၌ ဖော်ပြထားကြောင်း တွေ့လိုက်ရသည်။
-
သံလွင်မြစ် အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းတို့ကို ဆက်သွယ်ထားသော ကွမ်းလုံ ကြိုးတံတားသည် လားရှိုး-သိန်းနီ-ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း အတွက် အရေးအပါဆုံး ဖြစ်ရုံမျှမက နိုင်ငံတော် လုံခြုံရေးအတွက် အရေးပါသော တံတားဖြစ်ကြောင်း နှောင်းအတိတ် ပုံရိပ်တို့ကို ပြန်လည်မြင်ယောင်မိပြန်သည်။ ကွမ်းလုံကြိုးတံတားမှ လှမ်းမျှော် ကြည့်လျှင် အမြင့်ပေ ၇၃ဝဝ မြင့်သောတာမြင်းရှန်းတောင်နှင့် တစ်ဆက်တည်း လွိုင်မန်ခါး တောင်ကြောကို တွေ့ရသည်။ အရှေ့ဘက်တွင် ရှောင်တိလင်နှင့် ကောင်းကျဲ၊ ထိုမှတစ်ဖန် ဟိုက်ကမ်းဘားတို့ကို နေသာသော အချိန်တွင် လှမ်းမြင်နိုင်သည်။ ပုလဲငွေနှင်းတို့ကြောင့် မြင်ကွင်း မရှင်းသော်လည်း ရင်တွင်းမှာ ပီပီပြင်ပြင်မြင်ရသည့် ထိုနေရာများတွင် တပ်မတော် နှင့် တိုင်းရင်းသား ပြည်သူတို့က ကွမ်းလုံမြို့နှင့် ကွမ်းလုံကြိုးတံတား လုံခြုံရေးအတွက်အသက်ပေး ကာကွယ်ထားကြသည်။
-
ယခုဆိုလျှင် အချိန်ကာလအားဖြင့် ၄၇ နှစ်ရှိပြီဖြစ်သော ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်တွင် တပ်မတော်က တာဝန်ယူထားသော မန်ခါးစခန်းကို ဗကပတို့က သာလွန်အင်အားဖြင့် အပိုင် တိုက်ကြသည်။ လွိုင်မန်ခါးတောင်ကြောသည် ကွမ်းလုံမြို့ အနောက်မြောက်ဘက် နှစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး အမြင့်ပေ ၄၉ဝဝ ကျော်မြင့်သည်။ နောက်နေ့များတွင် ကွမ်းလုံပင်မ ခံစစ်ကြောင်း၏ ရှေ့ကာတပ်များအား ဗကပတို့က လက်နက်ကြီး ပစ်အားဖြင့် စစ်ကစား လာကြသည်ကို တပ်မတော် စစ်ကြောင်းများက အကွာအဝေးကိုက် ၄ဝဝ အထိ အနီးကပ်လုံး ထွေး သတ်ပုတ်ခုခံ တွန်းလှန်ကြရပြန်သည်။ နိုဝင်ဘာ ၃ဝ ရက်နယ်မြေ အခြေအနေမှာ လေဖိအားနည်းရပ်ဝန်းမှ အင်အားပြင်း မုန်တိုင်းအဆင့်သို့ ညနေ ၅ နာရီခွဲတွင် တစ်ဟုန်ထိုး ကူးပြောင်းသွားသည်။ ဗကပတို့ ခြေကုပ်ယူထားသည့် လွိုင်မန်ခါးတောင်ကြော နှင့် ပညဲထန် တောင်ကြောတို့မှ လက်နက်ကြီးများဖြင့် တပ်မတော် တပ်စခန်း ဟိုက်ကမ်းဘားကို တရစပ် ပစ်ခတ်ကြသည်။ စခန်းပေါ်သို့ မီးကျည်မီးပန်းကြီးများ ကျရောက် ပေါက်ကွဲသည်မှာ ကရားမှ ရေသွန်ချသည်နှင့်မခြားတဖွားဖွားဖြင့် လင်းထိန်နေတော့သည်။
-
လမသာ ကြယ်ရောင်မလင်းသော အမှောင်တွင်းမှာ မာဇဒါဂျစ်ကို မီးဖွင့်၍ ကွမ်းလုံ တံတား အရှေ့ဘက်မှ အနောက်ဘက်သို့ ဖြတ်မောင်းသွားသော ကွမ်းလုံ ခံစစ်ဗျူဟာမှူးသည် ဘုရင့်နောင် ဖောင်ဖျက်သည်ကို နမူနာယူထားသူဖြစ်သည်။ တံတားအနောက်ဘက် ကားရပ် ပြီး ပတ်ဝန်းကျင် အကဲကြည့်နေစဉ် ညအမှောင်ထုကို အကာအကွယ်ပြု၍ စစ်ပြန်ခြင်း(အာမာ ဝါသီဗျူဟာ)ကိုစနစ်တကျ အသုံးချပြီး ဟိုက်ကမ်းဘားမှ ဆင်းလာသော တပ်မတော်သားများ ကိုတွေ့ရစဉ် စစ်တို့၏ သဘောသည် အင်အားနည်းသည် များသည်မဆိုသာ၊ လုပ်ရည်ကြံရည် နှလုံးရည်သာ ပဓာနဖြစ်သည်ဟူသော ဘုရင့်နောင်ထုံးကို နှလုံးမူ၍တပ်များကိုပြန်လည် စုဖွဲ့ပြီး ဟိုက်ကမ်းဘားကို ပြန်တိုက်ရန် ဗျူဟာမှူးက စီစဉ်ပေးသည်။ အမြောက်ပစ်ကူနှင့် ဟန်ချက်ညီ ပြန်လည်တိုက်ခိုက်ရန် မီးကျည်များကိုပါ ပစ်ပေးခြင်းကြောင့် ဟိုက်ကမ်းဘား တောင်ကုန်းမှာ တန်ဆောင်မုန်း မီးထွန်းပွဲကျင်းပသည့်ပမာ လင်းထိန်နေသဖြင့် ရန်သူကိုအနီး ကပ်လုံးထွေး သတ်ပုတ်နိုင်ကြသည်။ နိုဝင်ဘာ ၃ဝ ရက် ည ၁၁ နာရီ မိနစ် ၅ဝ မှာ စသော တိုက်ပွဲသည်သန်းခေါင်ကျော်ချိန် ဒီဇင်ဘာ ၁ ရက် နံနက်သို့ ကူးပြောင်းသည့် ဝဝ၃ဝ နာရီ တွင် ဗကပတို့ အကျအဆုံးများစွာဖြင့် ဆင်းပြေးကြသဖြင့် တိုက်ပွဲပြီးဆုံး သွားသည်။
-
တစ်ခုအပါအဝင်ဖြစ်သော ဟိုက်ကမ်းဘား ကို မိနစ် ၄ဝ အတွင်း အောင်ပွဲခံလိုက်သည့် တပ်မတော်သားတို့ လက်ရုံးရည်၊ နှလုံးရည်နှင့် သူရ သတ္တိက တပ်မတော်နှင့် နိုင်ငံဂုဏ်ကို မြှင့်တင်ခဲ့ကြသည်။ ကွမ်းလုံတိုက်ပွဲရက်ပေါင်း ၄ဝ ကာလ ၁၉၇၁ ခုနှစ်သည် ဒေသတွင်း၌ ဗီယက်နမ်စစ်ပွဲ ပြင်းထန်နေချိန်ဖြစ်သဖြင့် အာရှတိုက် အရှေ့ပိုင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများအားလုံး စိုးရိမ်နေကြရသောကာလဖြစ်သည်။
-
ထို့ကြောင့် ကွမ်းလုံခံစစ် မပြိုလဲရေးအတွက် အသက်သွေးစတေး၍ တပ်မတော်သားတို့က ကာကွယ်ထားရာတွင် တပ်မတော်(လေ)နှင့် ဒေသခံ တိုင်းရင်းသား ပြည်သူတို့က ပူးပေါင်း ပါဝင်ထောက်ပံ့ပေးကြသည်။
ကွမ်းလုံခံစစ်ပြိုလဲသွားခဲ့သော် ဗကပတို့ ရည်မှန်းထားသည့် အတိုင်း သံလွင် အရှေ့ခြမ်းကို လွတ်မြောက် နယ်မြေအဖြစ် ကြေညာကြမည်ဆိုလျှင် ဗီယက်နမ် ပြည်သူတို့ကဲ့သို့ ယူကျုံးမရဖြစ်ရမည်က မြန်မာပြည်သူတွေသာ ဖြစ်သည်။ ထို့ကြောင့် ကွမ်းလုံ ခံစစ်ပြိုလဲမသွားစေရန် တပ်မတော်နှင့် ဒေသခံ တိုင်းရင်းသား ပြည်သူတို့ ပူးပေါင်း၍ စွန့်လွှတ်စွန့်စား ကာကွယ်ထားကြသည့် အစဉ်အလာနှင့် အတွေ့အကြုံကို သင်ခန်းစာယူ၍ နိုင်ငံတော်တွင် ယနေ့ကြုံတွေ့နေရသော အခက်အခဲများကို ကျော်လွှား နိုင်အောင် ကြံဆောင်ကြပါရန် မြဝတီက အလေးအနက် တိုက်တွန်းလိုက်ရပါသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment