
-
ရန်ကုန် ဒီဇင်ဘာ ၁ဝ
-
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန် အချက်သုံးချက်ပေါ် မူတည်၍ ရောင်းချပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ အသင်းရုံး အဖွဲ့မှူး ဦးဝင်းမြင့် ထံမှ သိရသည်။
-
အဆိုပါအချက်သုံးချက်သည် အရည် အသွေးမှန်ကန်မှု၊ ဈေးနှုန်းမှန်ကန်မှု၊ အရေအတွက် မှန်ကန်မှုတို့ဖြစ်ပြီး လက်ရှိစက်သုံးဆီ ဈေးနှုန်းများသည် မှန်ကန်မှုရှိကာ စက်သုံးဆီဆိုင်များတွင် ဈေးနှုန်းတင်ရောင်းချ၍ မရကြောင်း၊ နိုင်ငံတကာ၌ ဖြစ်ပေါ်နေ သည့် ဈေးနှုန်းအတိုင်းပင် ချိန်ဆ၍ ရောင်းချပေးနေပြီး စက်သုံးဆီ ဈေးနှုန်းများကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်လည်း သက်ဆိုင်ရာမှညွှန်ကြားထားကြောင်း သိရသည်။
-
''စက်သုံးဆီဈေးနှုန်း တစ်ဆိုင်နဲ့ တစ်ဆိုင် ကွာခြားမှုမရှိဘဲ ဈေးမြင့်တက်ခြင်း မရှိအောင်လည်း စစ်ဆေးမှုတွေ ပြုလုပ်နေသလို ဆိုင်တိုင်းမှာ အချက်သုံးချက်ပေါ် မူတည်ရောင်းချဖို့ ညွှန်ကြားထားပြီးသားဖြစ်ပါတယ်။ -
စက်သုံးဆီဈေးဆိုတာ နိုင်ငံတကာ ဈေးကွက်နဲ့ သက်ဆိုင်နေတာကြောင့် နိုင်ငံတကာ ဈေးကွက်ပေါ်မူတည်ပြီး ပြောင်းလဲမှုတော့ ရှိနေမှာပါ။ ဒါပေမဲ့ အဆမတန် မြင့်တက်တာမျိုး မဖြစ်စေဖို့နဲ့ ဈေးနှုန်းတည်ငြိမ်မှု ရှိစေဖို့ကိုလည်း ဆောင်ရွက်နေပါတယ်''ဟု ဦးဝင်းမြင့် ကပြောသည်။
-
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် ပြည်ပရေနံဈေးနှုန်းနှင့် ငွေလဲလှယ်မှုပေါ် မူတည်၍ ယခင်လများက မြင့်တက်မှုရှိခဲ့သည်။
-
ယင်းကဲ့သို့ မြင့်တက်ခဲ့ခြင်းကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ခြင်းများ ရှိခဲ့သည်။ ထို့ကြောင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဈေးနှုန်းတစ်ပြေးညီ သတ်မှတ်ရောင်းချနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
-
လက်ရှိဈေးကွက်အတွင်း လက်ကားဈေးနှုန်းနှင့် လက်လီဈေးနှုန်း ကွာခြားမှုရှိမည် ဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်မှု များလာခြင်းသည် စက်ယန္တရား တင်သွင်းမှု များပြားလာခြင်းနှင့်အသုံးပြုမှု များလာခြင်း တို့ကြောင့်ဖြစ်သည်။ထို့ကြောင့် ဈေးကွက် ယှဉ်ပြိုင်မှု အားကောင်းလာပြီး ဝန်ဆောင်မှုများလည်း ယှဉ်ပြိုင်လာမည်ဖြစ်၍ သုံးစွဲသူများ အကျိုးရှိစေမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment