www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2018

(၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဆက်လက် ကျင်းပ ဝူရှူး အားကစားမှ အေးသစ္စာမြင့် ရွှေတံဆိပ် ဆုရရှိ

(၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဆက်လက် ကျင်းပ ဝူရှူး အားကစားမှ အေးသစ္စာမြင့် ရွှေတံဆိပ် ဆုရရှိ
-
နေပြည်တော် ဒီဇင်ဘာ ၉
-
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစား ပြိုင်ပွဲ၏ ဝူရှူးပြိုင်ပွဲ၊ ရိုးရာခြင်းလုံး (Event-2) ၊ ဘော်လီဘောပြိုင်ပွဲ၊ ကြက်တောင် ရိုက်ပြိုင်ပွဲ၊ တင်းနစ် ပြိုင်ပွဲနှင့် ဘောလုံး အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းတွင် သက်ဆိုင်ရာ အားကစားရုံ အသီးသီး၌ ယှဉ်ပြိုင် ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင် ဝူရှူးအားကစားပြိုင်ပွဲ(ဆန်းဆို၊ ထောက်လု)ပြိုင်ပွဲများကိုယှဉ်ပြိုင်ကြရာ  အမျိုးသား ထောက်လု Taijiquan နှစ်ရက်ပေါင်း ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကို (မြန်မာ)က ရမှတ် ၉ ဒသမ ၆၂ နှင့် ခန့်မင်းထက် (မြန်မာ)က ရမှတ် ၉ ဒသမ ၆၁ တို့ဖြင့် ပထမရက်တွင် ဦးဆောင်နေသည်။
-
အမျိုးသမီးထောက်လု Nanquan ပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာတွင် အေးသစ္စာမြင့်(မြန်မာ)က ရမှတ် ၉ ဒသမ ၆၁ ဖြင့် ပထမ၊ TAN CHEONG MIN (မလေးရှား)က ရမှတ် ၉ ဒသမ ၆ဝ ဖြင့် ဒုတိယ၊ ဆောင်းနှင်းဖြူ (မြန်မာ)က ရမှတ် ၈ ဒသမ ၇၉ ဖြင့် တတိယ အသီးသီးရရှိသည်။ ဝူရှူးပြိုင်ပွဲကို အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ရိုးရာခြင်းလုံး (Event-2) ပြိုင်ပွဲ တွင် ၁၈၇ မှတ်ဖြင့် လာအိုအသင်းကပထမ၊ ရမှတ် ၁၇၉ မှတ်ဖြင့် မြန်မာအသင်းက ဒုတိယ၊ ရမှတ် ၁၅၁ မှတ်ဖြင့် ထိုင်းအသင်းက တတိယ အသီးသီးရရှိကြသည်။
-
အမျိုးသမီးဘော်လီဘောပြိုင်ပွဲ အဖွင့်ပွဲစဉ် တွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကြရာ စင်ကာပူ အသင်းက မြန်မာအသင်းကို ရမှတ် (၂၅-၁၅) (၂၅-၁၅) (၂၅-၂၃) ဖြင့်လည်းကောင်း၊ အမျိုးသား ဘော်လီ ဘောပြိုင်ပွဲတွင် မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို ရမှတ် (၂၅-၁၈) (၂၅-၁၆) (၂၅-၁၉) ဖြင့် လည်းကောင်း အသီးသီး အနိုင် ရရှိသည်။ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲကို အင်ဒိုနီးရှား အသင်းမှ နုတ်ထွက် သွားသောကြောင့် မြန်မာ၊ ထိုင်းနှင့် စင်ကာပူ သုံးနိုင်ငံတည်း ယှဉ်ပြိုင်ကြရ မည်ဖြစ်သည်။ ကြက်တောင်ပြိုင်ပွဲ၏ အမှတ်ပေးပွဲစဉ်များတွင် အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ယှဉ် ပြိုင်ကြသည်။ တင်းနစ် အားကစားပြိုင်ပွဲကို မလေးရှား၊ မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ တို့က ပါဝင်ယှဉ်ပြိုင်ကြသည်။
-
(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်များအဖြစ် ထိုင်းအသင်းနှင့် စင်ကာပူ အသင်းယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက ၄ဂိုး- ဂိုးမရှိဖြင့် စင်ကာပူ အသင်းကို အနိုင် ရရှိသွားသည်။ ညနေပိုင်းတွင် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ်သာထွက် ပေါ်ခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် လာအို၊ မြန်မာ၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှား အသင်းတို့ ငါးနိုင်ငံ ပတ်လည် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
-
မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား များသည် ရိုးရာခြင်းလုံး(Event-3) မှ ရွှေတစ်ခု၊ ဝူရှူးပြိုင်ပွဲ ထောက်လု (အမျိုးသမီး နန်းချွမ်) ပွဲစဉ်တွင် မြန်မာတက္ကသိုလ် လက်ရွေးစင်ကစားသမား အေးသစ္စာမြင့်က ၉ ဒသမ ၆၁ မှတ်ဖြင့် ရွှေတစ်ခုနှင့် ရိုးရာခြင်းလုံး (Event-2) မှ ငွေတစ်ခုရရှိပြီး နိုင်ငံအလိုက် ရပ်တည်မှု ပထမ နေရာတွင် ရှိကြောင်း သိရသည်။
-
(၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၁၉ရက်အထိ အားကစား နည်းများ အလိုက် သက်ဆိုင်ရာအားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ အားကစား ပြိုင်ပွဲ၏ အားကစားနည်း ၁၇ နည်းတွင် ရွှေတံဆိပ် ၅၈၇ ခု၊ ငွေတံဆိပ် ၅၈၇ ခုနှင့် ကြေးတံ ဆိပ် ၇၂၃ ခု စုစုပေါင်း ဆုတံဆိပ် ၁၈၉၇ ခု ချီးမြှင့် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ 
-
ဇော်မျိုး (နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger