www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 10, 2018

ပြင်ဦးလွင်-မန္တလေးလမ်းပိုင်းရှိ ကျူးကျော်နေအိမ် ၁၅ဝ ကျော်နှင့် ဈေးဆိုင်ခန်းများ ဖယ်ရှား



မန္တလေး ၁ဝ-၉-၂ဝ၁၈

ပြင်ဦးလွင်-မန္တလေးသွားကားလမ်း အောင်ပင်လယ်ကန်ပေါင် ဘေးဝဲ၊ ယာတစ်လျှောက်ရှိ ကျူးကျော်နေအိမ် ၁၅ဝ ကျော်နှင့် ဈေးဆိုင်ခန်းများကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မူးယစ်ဆေးဝါး တရားခံတစ်ဦးကို ၎င်းနေအိမ်တစ်ခုတွင် ဖမ်းမိခဲ့ရာမှ အုပ်ချုပ်ရေးပိုင်းက စာထုတ်အကြောင်းကြားကာ ရှင်းလင်းခြင်းဖြစ်ကြောင်း ကျူးရှင်းလင်းရေး အဖွဲ့တွင်ပါဝင်ခဲ့သည့် ချမ်းမြသာစည်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အရာရှိတစ်ဦးက ပြောပြသည်။

"ကျွန်တော်တို့အနေနဲ့ ဖယ်ရှားရှင်းလင်းမှု မပြုလုပ်ခင်မှာ ကျူးနေထိုင် တဲ့သူတွေကို ကိုယ့်သဘောနဲ့ ကိုယ်ပြောင်းရွှေ့ဖို့ ကြိုတင်အကြောင်း ကြားထားပြီးသားပါ။ သတ်မှတ်ရက်အတွင်းမှာ ဖယ်ရှားမပေးလို့ အခုလိုရှင်းလင်းတာပါ"ဟု ၎င်းက ပြောပြသည်။

အဆိုပါ ကျူးကျော် နေထိုင်သူများကို စက်တင်ဘာ ၈ရက် ညနေ ၆ နာရီနောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြား ခဲ့သော်လည်း သတ်မှတ်ရက်အတွင်း ပြောင်းရွှေ့ခြင်း မရှိသည့် နေအိမ်များနှင့် ဈေးဆိုင်ခန်းများကို စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊မီးသတ်နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပါဝင်သော အင်အား ၃ဝဝ ခန့်ကလမ်းဘေး ကျူးကျော်နေအိမ် ၁၅ဝကျော်နှင့် ဈေးဆိုင်များကို ဖယ်ရှားခြင်းဖြစ်ကြောင်း သိရသည်။

ဖယ်ရှားခံရသည့် ကျူးကျော်တဲများတွင် ၁၉၉ဝ ပြည့်နှစ် ဝန်းကျင်ကတည်းက နေထိုင်သူများနှင့် တစ်နှစ် နှစ်နှစ်ခန့်မှ စတင်နေထိုင်သူများ လည်းပါဝင်ကြောင်း ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းခြင်းသည် ကလေးများ
ကျောင်းတက်နေသည့် အချိန်ဖြစ်သောကြောင့် များစွာအခက်အခဲ ရှိကြောင်း ယင်းနေရာတွင် ခုနစ်နှစ်ခန့် နေထိုင်လာသော ဦးသိန်းစိုးက ပြောပြသည်။

မန္တလေးမြို့တွင် မူးယစ်ဆေးဝါး ကျော်ဇောသည့် နေရာများကို ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက စတင်ကာ ဖမ်းဆီးခြင်း၊ ကျူးကျော် အဆောက်အအုံများ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ၊ ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကွက်သစ် အတွင်းမှ ကျူးကျော် အဆောက်အအုံ လေးရာကျော်နှင့် မြို့အနောက် ထိပ်ကမ်းနားလမ်း တစ်လျှောက်မှ ကျူးကျော်တဲ ၃ဝဝ ကျော်ခန့်ကို ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger