www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 28, 2018

ရက် ၃ဝ ကျော်သည့်တိုင် ယာဉ်သွားလာမှု ခက်ခဲနေသည့် အိန္ဒု-ကော့ကရိတ်လမ်းပိုင်း ယာဉ်လမ်းချော်ပိတ်ဆို့မှုများ ဆက်လက်ကြုံတွေ့နေ



ဘားအံ့ ၂၈-၈-၂ဝ၁၈

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေမှုမှာ ရက် ၃ဝကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ ပြုပြင်မည့် သူမရှိသေးသည့် အိန္ဒုကော့ကရိတ် လမ်းတွင် ခရီးသွားလာမှု ခက်ခဲခြင်းများ ဆက်လက် ဖြစ်ပေါ်နေကြောင်း သိရသည်။

"ဒီနေ့နေ့လယ်ပိုင်းကလဲ တွဲကားတစ်စီး မြေကျွံနစ်မြုပ်လို့ လမ်းပိတ်ဆို့မှု ဖြစ်တယ်။ လုံခြုံရေးတာဝန် ကျအဖွဲ့တွေနဲ့ လက်ရှိယာဉ်ကြောကို ယာဉ်တွေတစ်စီးချင်း လွှတ်ပေးလိုက်၊ လမ်းချော်မြေကျွံရင် ယာဉ်ကြောခဏပိတ်ပြီး ဝိုင်းပြင်လိုက်ကြနဲ့ ယာဉ်သွားလာမှုက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာသလား ထင်ရပါတယ်။ ခရီးသွားမယ်ဆို ဒီလမ်းအသုံးပြု သူတွေအနေနဲ့ အရေးတကြီး သွားစရာမရှိရင် မသွားဖို့တောင် အကြံပြုချင်ပါတယ်"ဟု ယာဉ်မောင်း တစ်ဦးက လမ်းခရီးသွားလာမှု ခက်ခဲခြင်းအပေါ် ရင်ဖွင့်ပြောကြား ခဲ့သည်။

ယနေ့နံနက် ၂ နာရီခွဲကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘားအံမြို့နယ် ဂျိုင်းကျေးရွာအုပ်စု ရိုးမဟာကျေးရွာ အနီးမြေဖို့ထားသည့် မြေသားလမ်းများမှာ မြေသားပျော့နေသည့်အပြင် ညအချိန် ဖြစ်သည့်အတွက် ဖြတ်သန်းနိုင်ခြင်း မရှိသဖြင့် ဘားအံ-မြဝတီကား လမ်းတစ်လျှောက် ၁၃ တန်အထက် ယာဉ်ကြီးများတန်းစီ ရပ်တန့်ထားပြီး တစ်စီးချင်းစေလွှတ် သွားလာနေရကြောင်း ၊နံနက် ၁ဝနာရီခန့်တွင် လမ်းပေါ်၌ တစ်ပေခန့်အနက် ရှိသော ချိုင့်ခွက်ကြီးများဖြစ်လာ၍ ယာဉ်ကြောခေတ္တပိတ်ကာ လမ်းပြုပြင်ခြင်းများ ဝိုင်းဝန်းဆောင်ရွက် ခဲ့ရာနံနက် ၁ဝနာရီခွဲကျော်တွင် ယာဉ်များပြန်လည် ဖြတ်သန်းသွားလာ နိုင်ခဲ့ကြောင်း၊နံနက် ၁၁နာရီ ၂၅မိနစ်တွင် ရိုးမဟာကျေးရွာအနီး မိုင်တိုင်အမှတ် ၃၅နှင့် ၃၆ ကြား မြဝတီဘက်မှ ဘားအံဘက်သို့ ဆင်းလာသည့် 5P/----တွဲယာဉ်တစ်စီး ချိုင့်ခွက်အတွင်း မြေကျွံနစ်ကာ လမ်းပိတ်ဆို့မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့သည့် နေရာသို့ ဂျိုင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အိန္ဒုနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် မျိုးဦးနှင့်တပ်ဖွဲ့ဝင်များ၊ သာယာကုန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လမ်းကြောင်းလုံခြုံရေး တာဝန်ကျ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ ဂျိုင်းတံတားလုံခြုံရေး တာဝန်ကျ တပ်ဖွဲ့ဝင်တို့က ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လမ်းများ ချိုင့်ခွက်ဖြစ်ပေါ် နေမှုများကို ကျေးရွာလူငယ်အဖွဲ့များ၊ ယာဉ်မောင်းများဖြင့် ပူးပေါင်းပြင် ဆင်ဆောင်ရွက်ကာ ယာဉ်ငယ်များကို အလှည့်ကျ စေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။

ခရီးသွားပြည်သူများကြား အိန္ဒုကော့ကရိတ်လမ်းပိုင်းနှင့် ပတ်သက်၍ ဝေဖန်မှုများဖြင့် ဆူညံစွာအော်ဟစ်နေ သော်လည်း ယနေ့တိုင် အကောင်အထည် ဖော်ပြုပြင်ပေးခြင်းမရှိ၍ နေ့စဉ်နီးပါး ဖြစ်ပေါ်နေသည့် ယာဉ်ကြော ပိတ်ဆို့မှုများ ကိုလည်း ဆက်လက်ကြုံတွေ့ နေရဦးမည် ဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger