www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 1, 2018

နိုင်ငံတစ်ဝန်းရှိ ငလျင်အန္တရာယ်နှင့် ဆက်စပ်သည့် မြို့တစ်မြို့ချင်းစီ၏ မြေအန္တရာယ်ပြ မြေပုံအသစ် ထုတ်ဝေသွားမည်

၂ဝ၁၃ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မန္တလေးမြို့၏ ငလျင်အန္တရာယ်ပြမြေပုံ

မန္တလေး ၁-၈-၂ဝ၁၈

ကမ္ဘာ့မြေငလျင်ကြော ကြီးပေါ်တွင် တည်ရှိပြီး ငလျင်အန္တရာယ် ဇုန်အတွင်းကျရောက် နေသည့် မြန်မာနိုင်ငံတွင် ငလျင်အန္တရာယ်များနှင့် ဆက်စပ်သည့် မြို့တစ်မြို့ချင်းစီ၏ ငလျင်အန္တရာယ် ပြမြေပုံအသစ်များ ထုတ်ဝေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ (မန္တလေး) မှ သိရသည်။

မြန်မာ တစ်နိုင်ငံလုံး၏ ပြတ်ရွေ့ကြောများ ပေါ်အခြေခံ၍ မြေငလျင် အန္တရာယ်ပြမြေပုံကို ၂ဝ၁၂ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး ငလျင်လှုပ်ခတ်နိုင်သည့် ပြတ်ရွေ့ကြောများနှင့် ပတ်သက်၍ အချက်အလက်အသစ်များနှင့် မြန်မာ
နိုင်ငံအနောက်ဘက် အိန္ဒိယမြေထုချပ်နှင့် မြန်မာမြေထုချပ် တွန်းတိုက်နေသည့် အပိုင်းမှ အချက်အလက် အသစ်အချို့ထပ်မံ ဖြည့်စွက်ထားသည့် ငလျင်အန္တရာယ်ပြ မြေပုံအသစ်ကို ယခုနှစ် နှစ်ဆန်းပိုင်း၌ အသစ်ထပ်မံထုတ်ဝေ
လိုက်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး၏ ငလျင်အန္တရာယ်ပြ မြေပုံကိုအသစ် ထုတ်ဝေပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်း စီအလိုက် ငလျင်အန္တရာယ်နှင့် ဆက်စပ်သည့် မြို့တစ်မြို့ချင်း စီ၏ငလျင်အန္တရာယ် ပြမြေပုံများကို အသစ်ထပ်မံ ထုတ်ဝေသွားမည် ဖြစ်ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

"တစ်နိုင်ငံလုံးရဲ့ အန္တရာယ်ပြမြေပုံကို Update လုပ်ပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုချင်း အလိုက်၊ မြို့အသီးသီးအလိုက် လုပ်ဖို့လိုအပ် လာတော့မယ်။ တစ်ဆင့်ချင်းစီ လုပ်သွားဖို့ ရည်မှန်းထားတယ်။ ရန်ကုန်နဲ့ မန္တလေး
တင်မကဘူး ကျန်တဲ့ မြို့တွေကိုပါ လုပ်သွားရမှာပါ။ ရန်ကုန်နဲ့ မန္တလေးရဲ့ ငလျင်အန္တရာယ်ပြမြေပုံက ထုတ်ပြီးသားရှိတယ်။ 

ဒါပေမဲ့ အခုက အချက်အလက် အသစ်တွေလဲ ထပ်ရထားတော့ Update ထပ်လုပ်ရမယ်။ ဒီမြို့နှစ်မြို့ကတော့ လူဦးရေများတဲ့ အတွက် ဦးစားပေးပြီး အရင်လုပ်ရမှာပါ"ဟု ၎င်းက ပြောပြသည်။

၂ဝ၁၃ခုနှစ်တွင် မန္တလေးမြို့၏ ငလျင်အန္တရာယ် ပြမြေပုံနှင့် ၂ဝ၁၄ခုနှစ်တွင် ရန်ကုန်မြို့၏ ငလျင်အန္တရာယ် ပြမြေပုံတို့ကို ထုတ်ဝေခဲ့ပြီး ဖြစ်သော်လည်း ယခုအချက်အလက် အသစ်များ ထပ်မံဖြည့်စွက်
၍ အသစ်ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

မြေငလျင်အန္တရာယ်ပြ မြေပုံများကို အနာဂတ်တွင် ဆောက်လုပ်မည့် အဆောက်အအုံများ တည်ဆောက်ရာတွင် မည်သည့် ငလျင်ဇုန်၌ ကျရောက်နိုင်ကြောင်း အလွယ်တကူ သိရှိနိုင်စေရန်၊ နိုင်ငံတော် Projectsများ၊ ကျောင်း၊ ဆေးရုံ၊စက်မှုဇုန်၊ ဆည်၊ လမ်းတံတား အပါအဝင် မြို့ပြစီမံကိန်းများ ရေးဆွဲရာ၌ ငလျင်အန္တရာယ် လျော့ကျရေးအတွက် အသုံးပြုနိုင်စေရန်နှင့် Earthquakes Management Plan များရေးဆွဲရာတွင် ထည့်သွင်းအသုံးပြုရန် ထုတ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

"မြေပုံအသစ်တွေကို ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ ငလျင်အန္တရာယ် လျှော့ချရေး လုပ်ငန်းတွေမှာ အသုံးပြုမယ်ဆိုရင် ငလျင်အန္တရာယ်နဲ့ ပတ်သက်ပြီး ပိုကောင်းတဲ့ ရလဒ်တွေရနိုင်မယ်။ မြေပုံအသစ်တွေကိုလဲ အခုနှစ်အတွင်း စပြီးထုတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေပဲ ဖြစ်ဖြစ်၊ ငလျင်အန္တရာယ် လျှော့ချရေး လုပ်ငန်းတွေမှာ ပဲဖြစ်ဖြစ် အခုမြေပုံ အသစ်ကို သုံးမယ်ဆိုရင် ပိုပြီးတော့ကောင်းမွန်တဲ့ ရလဒ်တွေရနိုင်ပါမယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ကမ္ဘာ့မြေငလျင်ကြောကြီး နှစ်ခုအနက် တစ်ခုပေါ်တွင် တည်ရှိနေသည့်အတွက် ငလျင်ဘေးအန္တရာယ် စိုးရိမ်ရသည့် မြန်မာနိုင်ငံတွင် စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရှိ ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီး၁ဝမြို့ခန့်တွင် စစ်ကိုင်းပြတ်ရွေ့၌ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပါက ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်နိုင်ကြောင်း ၂ဝ၁၇ခုနှစ် စက်တင်ဘာ၂၄ရက်တွင် မြန်မာနိုင်ငံမြေငလျင် ကော်မတီက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger