www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 5, 2018

တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်း လာရောက်ထုတ်ယူ သူများပြား



ရန်ကုန် ၅-၆-၂ဝ၁၈

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သော ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်းများကို ယနေ့မှစ၍ ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေရှိ ဇွဲကပင်ဆောင်၊ မေခဆောင်နှင့် နေပြည်တော်ရုံး အမှတ် (၅၂) တို့၌ ထုတ်ပေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်ထံမှ သိရသည်။

''အမှတ်စာရင်းတွေကို ဒီနေ့ကစပြီး ထုတ်ပေးနေပါပြီ။ ပုံမှန်ရုံးဖွင့်ချိန် နံနက် ၉ နာရီကနေ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးရမယ် ဆိုပေမယ့် လာရောက်ထုတ်ယူသူတွေ အဆင်ပြေအောင် ဒီရက်တွေမှာ နံနက် ၇ နာရီက တည်းက စပြီး ထုတ်ပေးနေပါပြီ။ အမှတ်စာရင်း စထုတ်ပေးတဲ့ ရက်သတ္တနှစ်ပတ် လောက်ကတော့ တစ်ရက်ကို လာရောက်ထုတ်ယူသူ လေးသောင်းလောက်ရှိမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ထုတ်ပေးနိုင်ဖို့ မြန်မာနိုင်ငံ စာစစ်အဖွဲ့တွေ ခွဲပြီးသွားကြပါပြီ''ဟု ဦးမိုးမြင့်ကျော်က ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း လာရောက်ထုတ်ယူသူများ အနေဖြင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၌ ပညာရေးဝန်ကြီး ဌာနသို့ ငွေသွင်းတံဆိပ်ခေါင်းဖိုးနှင့် လျှောက်လွှာခ ငွေကျပ် ၄ဝဝ ပေးသွင်းကာ တံဆိပ်ခေါင်းနှင့် လျှောက်လွှာ ထုတ်ယူပြီး အမှတ်စာရင်း တောင်းခံသူအမည်၊ စာစစ်ဌာန၊ ခုံအမှတ်၊ အဖအမည်နှင့် ဖြေဆိုသည့် ခုနှစ်တို့ကို ထည့်သွင်းရေးသား လျှောက်ထား ရမည်ဖြစ်သည်။ ကိုယ်တိုင် မလာရောက်နိုင်ပါက ကိုယ်စားအနေဖြင့် လည်း လာရောက်ထုတ်ယူနိုင်ပြီး အချက်အလက် မှန်ကန်လျှင် ထုတ်ပေးကြောင်း သိရသည်။

အမှတ်စာရင်းများကို တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများ၌ လည်းထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ နယ်အမှတ်စာရင်း ထုတ်ပေးရေး အဖွဲ့များသည် ယနေ့တွင် နယ်မြို့များသို့ စတင်ထွက်ခွာ သွားပြီဖြစ်ကြောင်း သိရသည်။

ထိုအဖွဲ့အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တခြားမြို့ကြီးများ၌ အမှတ်စာရင်းများ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger