www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 3, 2018

ကမ်းရိုးတန်းသွား ရေယာဉ်ပိုင်ရှင်များ လုပ်ငန်း ရပ်တည်ရေး အတွက် လမ်းခင်းကျောက် တင်ပို့မှု ပြုလုပ်နေရ



ရန်ကုန် ၃-၅-၂ဝ၁၈

ယခုရက်ပိုင်းအတွင်း ကမ်းရိုးတန်းသွား ရေယာဉ်လုပ်ငန်းရှင်များသည် ကျောက်တင်ပို့သည့် လုပ်ငန်းများဖြင့်သာ ဝင်ငွေရရှိရန် အားထားလုပ်ကိုင်နေရကြောင်း မြန်မာနိုင်ငံ ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များ အသင်းရုံး အဖွဲ့မှူး ဦးရန်အောင်ထံမှ သိရသည်။

''ကျောက်ဆိုတာက လမ်းခင်းတဲ့ ကျောက်ကိုပြောတာပါ။ အထွေထွေ ကုန်စည်တွေက မရတဲ့အခါကျတော့ စားဝတ်နေရေးအတွက် ကျောက်ကိုပဲ အားထားတင်ပို့နေရတယ်။

တစ်ခါတလေ ဘိလပ်မြေအိတ်တွေ ပို့ရတာရှိတယ်''ဟု ဦးရန်အောင်ကပြောသည်။အဆိုပါ လမ်းခင်းကျောက်များကို ကံပေါက်၊ ရေဖြူ၊ မော်လမြိုင်နှင့် မုပ္ပလင်တို့မှ သယ်ယူကာ ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်းသို့ ပို့ဆောင်နေရခြင်းများ ရှိသလို တစ်ခါတစ်ရံ ရခိုင်ပြည်နယ် ကျောက်ဖြူဘက်သို့ ပို့ရခြင်းများလည်းရှိသည်။

ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းမှ ထွက်သော ဘိလပ်မြေများကို မြစ်တွင်းသွား ရေယာဉ်များဖြင့် သယ်ယူကာ ကမ်းရိုးတန်းသွား ရေယာဉ်များဖြင့် ပြန်လည်ပြောင်းလဲတင် ဆောင်၍ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးဘက်သို့ ပို့ဆောင်ရခြင်းများရှိသလို ကြံခင်း၊ မော်လမြိုင်ဘက်မှ ထွက်သော ဘိလပ်မြေများကို မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများသို့ မြစ်တွင်း သွားရေယာဉ်များဖြင့် ပြန်လည်ပြောင်းတင်ကာ လဲလှယ်တင်ဆောင် လုပ်ကိုင်လျက်ရှိသည်။

ယခင်က အထွေထွေ ကုန်စည်ပစ္စည်းများကို တင်ဆောင်၍ ဝင်ငွေရှာကာ လုပ်ကိုင်နေ သော်လည်း ယခုအခါ ရေလမ်းခရီးသည် ရက်ကာလကြာမြင့်ခြင်း၊ စာရွက်စာတမ်း လုပ်ထုံးလုပ်နည်းများ အဆင့်ဆင့်ကြာမြင့်ခြင်း တို့ကြောင့် ငွေပြန်ပေါ်ရန် နှေးသည့်အတွက် ကုန်သည်များက ရေယာဉ်များကို အားထားခြင်း မရှိတော့ဘဲ ကားဖြင့်သာ တင်ပို့ကြကြောင်း၊ ထို့ကြောင့် ရေယာဉ်ပိုင်ရှင်များ၏ ဘဝရပ်တည်ရေးအတွက် ဘိလပ်မြေနှင့် ကျောက်တို့ကို အားထားနေရပြီး ကျောက်များတွင်လည်း လမ်းခင်းကျောက် အရွယ်စုံကို အများဆုံးတင်ပို့ကာ ဝင်ငွေရှာ လုပ်ကိုင်နေရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger