www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 30, 2018

ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့အနှံ့အပြား ညောင်ရေသွန်းလောင်းပူဇော်ပွဲများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားခဲ့


စွယ်တော်မြတ်စေတီတော်(မန္တလေး) သတ္တမအကြိမ် ကဆုန်ေ ညာင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပနေမှုကို တွေ့ရစဉ်။

မန္တလေး ချမ်းအေးသာစံမြို့နယ်ရှိ အောင်တော်မူဘုရား ညောင်ရေသွန်းလောင်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပစဉ်။

မန္တလေး ၃ဝ-၄-၂ဝ၁၈

ယနေ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့ပေါ်ရှိ အထင်ကရနေရာများ၌ ဘုရားဖူးများ၊ အလည်အပတ် လာရောက်သူများဖြင့် စည်ကား များပြားခဲ့ပြီး ညောင်ရေသွန်း ပွဲတော်များလည်း တခမ်းတနား ကျင်းပခဲ့ကြောင်း သိရသည်။

ဘုရားဖြစ်ရန် ဗျာဒိတ်ခံယူတော် မူသောနေ့၊ ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားတော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံတော်မူသော နေ့လည်းဖြစ်သည့် ကဆုန်လပြည့်နေ့တွင် ဘုရား ဖြစ်တော်မူသည့် ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းသည့် ညောင်ရေသွန်း ပွဲတော်များကို မန္တလေးမြို့ပေါ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အထင်ကရ နေရာများဖြစ်သည့် မဟာမုနိရုပ်ရှင်တော်၊ မန္တလေးတောင်၊ ကုသိုလ်တော်ဘုရား၊ စွယ်တော်မြတ်စေတီ၊ ကျောက်စိမ်းစေတီ၊ တောင်သမန် အင်း/တံတားတို့၌ ဘုရားဖူးများ၊ အလည်အပတ် လာရောက်သူများဖြင့် စည်ကားများပြား ခဲ့ကြောင်း သိရသည်။

"ဒီနေ့ဘုရားကြီးမှာ လူအပြည့်ပါပဲ။ မနက်ပိုင်း ညောင်ရေသွန်း ပွဲတော်ကျင်းပတယ်။ နေ့ထူးနေ့မြတ် လည်းဖြစ်တော့ မနက်ကတည်းက ဘုရားဖူးတွေ တဖွဲဖွဲနဲ့လူဦးရေ တစ်သိန်းကျော်လောက် လာရောက်ကြပါတယ်"ဟု မဟာမုနိဘုရားကြီး ဂေါပက အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပြသည်။

ထို့ပြင် ချမ်းအေးသာစံမြို့နယ် အောင်တော်မူ ဘုရားတွင်လည်း ညောင်ရေသွန်း လောင်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အလားတူ မန္တလေးတောင်ခြေ တွင်လည်းယနေ့ နံနက် ၁၁နာရီက သံဃာတော်များ ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်ပြီး ရေစက်ချတရားနာကာ မင်းတုန်းမင်း တရားကြီးစိုက်ပျိုးခဲ့သည့် နှစ် ၁၅ဝ ကျော်သက်တမ်းရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

"ညောင်ရေသွန်းပွဲတော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတွေလဲ တက်ရောက်ပါတယ်။ မန္တလေး တောင်ပေါ်ကိုလဲ ဘုရားဖူးဧည့်သည် သောင်းဂဏန်းလောက် လာကြပါတယ။် ဂေါပကအဖွဲ့က မုန့်ဟင်းခါး ၃၅ ပိဿာနဲ့ ကြာဆံဟင်းခါးအပြင် အလှူရှင် တွေကလဲ မုန့်လက်ဆောင်း၊ ရေခဲမုန့်၊ ဖျော်ရည် စတာတွေကို စတုဒိသာ ကျွေးမွေး ကြပါတယ်။ ဗောဓိညောင်ပင်က မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်မှာ ကျောက်တော်ကြီးဘုရားထောင့်လေးထောင့်မှာ မင်းတုန်းမင်း ကြီးစိုက်ခဲ့တဲ့ အထဲက တစ်ပင်တည်း ရှင်ကျန်တဲ့ ဗောဓိညောင်ပင်ပါ"ဟု မန္တလေးတောင်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောပြသည်။

ထို့ပြင် မန္တလေးတောင်ခြေရှိ ကုသိုလ်တော် ဘုရားတွင်လည်း ဘုရားဖူးများ၊ ညောင်ရေသွန်းလောင်း သူများနှင့် စည်ကားများပြားခဲ့ပြီး ဘုရားဖူးများကို အလှူရှင်အဖွဲ့များက အချိုရည်၊ မုန့်မျိုးစုံဖြင့် စတုဒိသာများ ကျွေးမွေး ကုသိုလ်ပြုကြကြောင်း သိရသည်။

အလားတူ မန္တလေး အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီတော်တွင် သတ္တမအကြိမ်မြောက်က ဆုန်ညောင်ရေ သွန်းပွဲတော်ကို ညနေ ၄ နာရီခွဲက သီရိလင်္ကာနိုင်ငံမှ ဓမ္မလက်ဆောင် ရရှိစိုက်ပျိုးထားသည့် ဗောဓိညောင်ပင်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဂေါဓရဂါမ် ကျေးရွာ ၂၂ ရွာမှ ညောင်ရေသွန်း အဖွဲ့ဦးရေ ၂ဝဝဝ ခန့်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့ပြင် အမရပူရမြို့နယ် ဆင်ရွာမြင်းမူး ကျေးရွာရှိ ကမ္ဘာ့ပထမဦးဆုံး ဝေရောစန ကျောက်စိမ်း စေတီတော်ကြီးတွင် လည်းတတိယ အကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းပွဲတော်ကို ညနေ ၅ နာရီက သီရိလင်္ကာ နိုင်ငံမှပင့်ဆောင် စိုက်ပျိုးထားသည့် ဗောဓိညောင်ပင်တွင် ဂေါဓရဂါမ်ကျေးရွာ ၁၉ ရွာမှ ညောင်ရေသွန်းအဖွဲ့များက ဒေဝါဝင်း၊ ရာဇာဝင်း၊ ပုဂံဝင်းများခင်း၍ ဦးရေ ၃ဝဝဝခန့်ဖြင့် စည်ကားသိုက်မြိုက်စွာ ညောင်ရေသွန်းလောင်းခဲ့ကြောင်း သိရသည်။

စွယ်တော်မြတ် စေတီတော်နှင့် ကျောက်စိမ်း စေတီတော်တို့တွင် ကဆုန်ညောင်ရေ သွန်းလောင်းရာ၌လည်း စေတနာရှင် ပြည်သူများက အချိုရည်များ၊ မုန့်များဖြင့် လှူဒါန်းကျွေးမွေး ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

"ဒီနေ့ဟာ မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ ဖြစ်တော့ လာရောက်လည်ပတ် တဲ့သူတွေထဲမှာ ပြည်တွင်းက အများဆုံးပေါ့။ ကဆုန်ညောင်ရေ သွားရောက်လောင်းရင်းနဲ့ အပြန်မှာ တံတားပေါ်ကို လာရောက်ကြတာ ဖြစ်ပါတယ်"ဟု တောင်သမန်တံတား ပြုပြင်ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ကဆုန် လပြည့်နေ့တွင် တောင်သမန်အင်းနှင့် တံတားပေါ်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ဦးရေ ၂ဝဝဝဝ ကျော်လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger