ရန်ကုန် ၉-၃-၂ဝ၁၈
ရန်ကုန်မြို့၌ အိမ်ရာလိုအပ်ချက် မြင့်တက် လာသည့်အတွက် တိုက်ခန်းပေါင်း နှစ်သိန်းခန့်ဝယ်လိုအား ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်မြို့အတွင်း အိမ်ရာလိုအပ်ချက် များကြောင့် ကျူးကျော်နေထိုင်မှုများ နှစ်အလိုက် မြင့်တက်လာပြီး ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကြိုးပမ်းလျက် ရှိကြောင်း၊ လက်ရှိတွင် ကျူးကျော်နေထိုင် သူပေါင်း တစ်သိန်းခွဲခန့် ရှိနေပြီး တစ်ဖက်တွင် ပင်စင်ရယူပြီး အိမ်ရာမရှိသော ဝန်ထမ်း အရေအတွက်ပေါင်း ငါးသောင်းခန့် ရှိနေကြောင်း၊ ယင်းအတွက် ယခုနှစ်တွင် အိမ်ရာတစ်သိန်းခွဲ တည်ဆောက် ပေးနိုင်ပါက တိုက်ခန်းများတွင် လူအများအပြား နေထိုင်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့ ဆောက်လုပ်ရေး ကဏ္ဍတွင် ဖြစ်ပေါ်နေသော အခက်အခဲများကိုလည်း ဖြေရှင်းနိုင်ရေး လုပ်ငန်းရှင်များ ရေရှည်တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကူညီဖြေရှင်းပေးရန် ဆောက်လုပ်ရေး လုပ်ငန်း ရှင်များက တောင်းဆိုထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူများအတွက် အကျိုးဖြစ်စေမည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက် နေပြီး နောက်နှစ်အနည်းငယ် အတွင်းပြည်သူတိုင်း အိမ်ရာပိုင်ဆိုင် နိုင်မည့် အခြေအနေတစ်ရပ်ကို ဖန်တီး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်၌လည်း မြို့သစ်စီမံကိန်း ဖော်ဆောင်ရန် တောင်ကိုရီးယား ကုမ္ပဏီနှင့် သဘောတူလက်မှတ် ရေးထိုးထားပြီး အိမ်ရာစီမံကိန်းကို ဆက်လက်ဖော်ဆောင် ပေးမည်ဖြစ်ကြောင်း၊ တိုက်ခန်းများ၏ ဈေးနှုန်းကို မြှင့်တင်ရောင်းချ မည်ဆိုပါက တချို့နေရာများ၌ အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှု များနှင့်ပူးပေါင်း ဖော်ဆောင်သင့်ကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment