www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 10, 2017

အနိုင်ယူတတ်ပါရဲ့လား


ဆောင်းပါး ၁ဝ-၁၂-၂ဝ၁၇

ဟောဒီလောက အတွင်းမှာရှိကြတဲ့ ပုထုဇဉ်လူသား အတော်များများက အတ္တဆိုတဲ့ ကိုယ့်အတွက်ကိုသာ ကြည့်တတ်သောစိတ်က ကြီးမားနေကြသည်ကို လေ့လာပါက တွေ့သိနိုင်မည် ဖြစ်ပါတယ်။ ငါသိတယ်၊ ငါတတ်တယ်၊ ငါတော်တယ်၊ အို နေရာတကာ ငါမှငါနေကြတာလေ။ ငါကမှန်နေတာ ဘာလို့အရှုံးပေးရမှာလဲ ဆိုတာကတစ်မျိုး၊ ငါ့ကိုဘယ်သူမှ မနိုင်စေရဘူး ဆိုတာကတစ်ဖုံ အမျိုးမျိုးအစုံစုံပါပဲ။

အချို့ကျတော့လည်း တစ်ယောက်နဲ့ တစ်ယောက်နည်းမျိုးစုံ နဲ့လိုက်ပြီး ပြိုင်နေကြတာ မျက်စိနောက်၊ နားနောက်၊ ဦးနှောက်ချောက်စရာ တွေကိုလည်း ကြုံဖူးကြားဖူးကြမှာပါ။ အထူးသဖြင့် Facebook မှာ ဝင်ကြည့်လိုက်မည် ဆိုပါလျှင် ပိုပြီးထင်ထင်ရှားရှား တွေ့သိနိုင်ပါတယ်။ ငါဒီလိုပြန်တင်လိုက်တာ ဘယ်သူမှ မသိနိုင်ဘူးလို့ သူတို့ကထင်ကောင်း ထင်ပေမယ့် မသိဘယ်ရှိပါ့မလဲ။ အသိပညာရှင်၊ အတတ်ပညာရှင် လူသားတွေစုဝေးရာ မဟုတ်ပါလား။တကယ်တော့ အမြဲလိုက်ပြိုင်တတ်ပြီး အနိုင်လိုချင်သူများ အနေနဲ့ ''အနိုင်ယူတတ်ပါရဲ့လား'' ဆိုတဲ့စကားလေးကို သိထားသင့်ပါတယ်။ ဒီနေရာမှာ ပုဂံခေတ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်ပါတယ်။ သက်ကြီးစကား တစ်ဆင့်ကြားပေါ့။

မြန်မာသက္ကရာဇ် ၅၃၆ ခုနှစ်မှာ ပုဂံပြည်မှာ နရပတိစည်သူဆိုတဲ့ ဘုရင်နန်းတက်ပါတယ်။ နရပတိစည်သူဟာ သူ့ရဲ့ ဝေဠုဝတီဆိုတဲ့ မိဖုရားနဲ့ပတ်သက်ပြီး အစ်ကိုအရင်းဖြစ်တဲ့ မင်းယဉ်နရသိင်္ခကို လုပ်ကြံသတ်ဖြတ်ပြီးတော့မှ နန်းတက်ခဲ့ခြင်း ဖြစ်ပါသတဲ့။ သူဟာ အစ်ကိုဖြစ်သူနဲ့ ဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးကိုလည်း သတ်ဖြတ်ရှင်းပစ်တယ်ပေါ့။ အဲဒီလိုရှင်းပစ်တဲ့အထဲမှာ သူ့အစ်ကို မင်းယဉ်နရသိင်္ခရဲ့ အထိန်းတော်သား၊ အဲ ခေတ်စကားနဲ့ဆိုရင် တော့ ကိုယ်ရေးအတွင်းဝန် PSO ဆိုတာမျိုးပါ။ အင်မတန်မှရင်းနှီးလို့ အနီးကပ်ထားတဲ့ ပုဂ္ဂိုလ်တွေပေါ့လေ။ မင်းယဉ်နရသိင်္ခကို နန်းချသတ်ဖြတ်ပြီးတော့ နရပတိစည်သူမှာ အရင်းဆုံး၊ အားအကိုးရဆုံးဖြစ်တဲ့ အနန္တသူရိယ လို့ခေါ်တဲ့သူ့ရဲ့ အထိန်းတော်သားကိုလည်း သတ်ခိုင်းလိုက်ပါတယ်။

အဲဒီသတ်ခိုင်းတဲ့ အချိန်အတွင်းမှာ အနန္တသူရိယဟာ ဘယ်လောက် သတ္တိကောင်းတယ်ဆိုတာကို ပြခဲ့ပါသတဲ့။ သူ့ကိုမသတ်ခင်မှာ ကဗျာတစ်ပုဒ်ရေးသွား ခဲ့တယ်လို့ဆိုပါတယ်။ သူ့စိတ်ကိုသူဘယ်လောက် နိုင်တယ်ဆိုတာ စဉ်းစားကြည့်ပေါ့နော်။ အဲဒီကဗျာဟာ မြန်မာနိုင်ငံမှာ နာမည်အထင်ရှားဆုံး၊ မြန်မာစာပေတွေ ထဲမှာလည်း ရှေးအကျဆုံး ကဗျာတစ်ပုဒ် ဖြစ်တယ်ဆိုတာလည်း မှတ်သားရပါတယ်။ ကြားဖူးကြမှာလည်း ဖြစ်ပါတယ်။ အင်မတန် အနှစ်သာရရှိပြီး အလွန်ရဲရင့်စွာနဲ့ သူ့စိတ်ကို ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ် သည်းခံခွင့်လွှတ်သွားတဲ့ ကဗျာဖြစ်တယ်။

မြန်မာစာထဲမှာသာရှိပြီး မြန်မာလူမျိုးသာသိတာကြောင့် ကမ္ဘာကျော်မဟုတ်ပေမယ့် တရားဓမ္မနဲ့ပတ်သက်လာရင် အလွန်ထင်ရှားပြီး စံပြုရတဲ့ အတွေးအခေါ်တစ်ခု ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်ဒီကဗျာလေးဟာ နှလုံးသားကနေ အနိုင်ယူသွားတဲ့ ကဗျာလေးလို့ ပြောလို့ရပါတယ်။ ငယ်စဉ်ကတော့ ကျောင်းသင်ရိုး ညွှန်းတမ်းမှာပါလို့ အလွတ်ရတဲ့အထိ ကျက်ခဲ့ရတဲ့ကဗျာလေးပါ။ အနန္တသူရိယ အမတ်ကြီး မသေခင်လေးမှာ ဘုရင်ကြီးကို ဆက်သဖို့ဆိုပြီး တည်တည်ငြိမ်ငြိမ်လေး ရေးသွားတဲ့ကဗျာ လေးကတော့-''သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း'' တစ်ယောက်ကောင်းစားရင် တစ်ယောက်ပျက်တာ ထုံးစံပဲမဟုတ်ပါလား။ ဘယ်နိုင်ငံရဲ့ နိုင်ငံရေးကိုပဲ ကြည့်ကြည့် ဒီပုံစံအတိုင်းပဲလေ။ ရှေးကတည်းက တစ်ယောက်ကောင်းစားရင် တစ်ယောက်က ပျက်စီးပေးရတယ်။ ပျက်စီးသွားတယ်။ လောကမှာ ဖြစ်နေကျနိယာမတစ်ခုကို ဓမ္မတာလို့သူက ဒီလိုဆက်ပြီး ရေးလိုက်ပါသေးတယ်။

''ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်း စံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ ရေမျက်နှာ ထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း'' တဲ့။

အင်မတန်အနှစ် ရှိတာတွေ့ရပါတယ်။ သူဟာ သူ့ရဲ့အရှင်သခင်ဖြစ်တဲ့ မင်းယဉ်နရသိင်္ခ အသတ်ခံလိုက်ရပြီး သူ့ညီအရင်းဖြစ်တဲ့ နရပတိစည်သူက နန်းတက်လာတယ်။ အဲဒီနန်းတက်လာလို့ ရလာတဲ့စည်းစိမ်ကရော ဘယ်လောက် ကြာမှာလဲတဲ့။ တံစက်မြိတ်က ရေလေးတွေကျတဲ့အခါ တွေ့ဖူးလိမ့်မယ်။ ရေလေးစီး နေတဲ့အပေါ်မှာ တံစက်မြိတ်က ရေပေါက်လေးကျရင် ဖျက်ခနဲဆိုပြီးတော့ ရေပူဖောင်းလေးတွေ ထွက်လာပြီး ခဏလေး နေတော့ ပေါက်ကွဲသွားတာလေ။ အဲတော့ လူ့လောကမှာ နေကြတာတွေကလည်း ခဏလေးပဲလို့ ဆိုလိုခြင်းဖြစ်တယ်။

တကယ်တော့ ကောင်းစားတဲ့လူဆိုလည်း ခဏလေးပဲ။ ဘယ်လောက်ချမ်းသာ တဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ် ခဏလေးပါပဲ။ နေ့မြင်ညပျောက် ဆိုတာလို လောကမှာပျက်စီးဆုံးရှုံးမှုက အလွန်လျင်မြန်တယ်လေ။ သက်တမ်းတွေကလည်း တိုလွန်းတာကြောင့် ဘယ်လောက်ပဲချမ်းသာချမ်းသာ မင်းချမ်းသာဆိုတာ သမုဒ္ဒရာရေပြင်ထက်က တက်လာတဲ့အချိန်လေးမှာ ပွက်ခနဲ ထလာတဲ့ရေပွက်ကလေးလို အချိန်ဆိုတာကလည်း တိုတိုလေးပါပဲတဲ့။

တကယ်လည်း သေချာစဉ်းစားကြည့်မယ်ဆိုရင် လူ့ဘဝက ခဏလေးပါပဲ။ နတ်ပြည်ရဲ့နတ်သက်နဲ့ တွက်ကြည့်ရင် လူတွေရဲ့အနှစ် ၅ဝ မှာ နတ်ပြည်က တစ်ရက်ရှိသေးတယ် လို့ဆိုပါတယ်။ တာဝတိံသာနဲ့တွက် မယ်ဆိုရင် လူတွေရဲ့အနှစ်တစ်ရာက တာဝတိံသာမှာ တစ်ရက်ပဲရှိသေးပါသတဲ့။ အဲဒီတော့ တာဝတိံသာ နတ်ပြည်ကနေ လူတွေကို ကြည့်လိုက်မယ်ဆိုရင် အခုပဲမွေး၊ အခုပဲအို၊ အခုပဲအဘိုးကြီးဖြစ်၊ အခုပဲသေသွားတယ်လို့ ထင်ကြမှာ အသေအချာပါ။ လူ့သက်တမ်းဆိုတာ အလွန်တိုတယ်လို့ ဆိုပါတယ်။ လူချမ်းသာဆိုတာကလည်း ဘယ်လောက်မှ မရှိပါဘူးလို့ သံဝေဂ စကားပြောလိုက်ခြင်းပါ။ သူဟာသေရဲတယ်ပေါ့။ သူက ဆက်လက်ပြီး ရေးတဲ့ကဗျာလေးကို ဆက်ပြီးလေ့လာ ကြည့်ကြရအောင်ပါ။

''ကြင်နာသနား ငါ့အားမသတ်၊ ယခုလွှတ်လည်း မလွတ်ကြမ္မာ လူတကာတို့၊ ခန္ဓာခိုင်ကျည် အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ ဓမ္မတာတည်း'' တဲ့။ခုချိန်မှာ သူအပြစ်မှလွတ်ပြီး အသတ်မခံရလည်း တစ်နေ့ကျရင်တော့ သူဟာ သေကိုသေရမယ့်လူဆိုတာ ဓမ္မတာပါပဲ။ ဒါကြောင့်လက်တုံ့ပြန်တာတွေ မလုပ်ပါဘူး။ အပြစ်ယူတာတွေလည်း မလုပ်ပါဘူးလို့ ဆိုလိုက်ခြင်း ဖြစ်ပါတယ်။ နောက်ဆုံး- ''ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏-သူဟာ ဘုရင်ကြီးကို ဦးခိုက်ပြီး ပန်ကြားခဲ့ပါတယ်တဲ့၊ ''ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မှု၊ တုံ့မယူလို'' တဲ့။ သူ့ကို အခုသတ်တဲ့ အတွက်ကြောင့် ဘယ်တော့မှ၊ ဘယ်ဘဝမှာမှ လက်တုံ့ပြန်ပြီး မသတ်ပါဘူး။ ဘုရင်ကြီးကို ဘယ်တော့မှလက်တုံ့ မပြန်ဘူးလို့။ အရှုံးပေးသွားတာနော်။ သာမန်အားဖြင့် ပြောရင်တော့ အရှုံးပေးတယ်လို့ ဆိုရမှာဖြစ်ပေမယ့် သူအနိုင်ရသွား ခြင်းပဲဖြစ်တယ်။ အနိုင်ယူတတ်တာပေါ့။ သံသရာထဲမှာ ကြုံတွေ့ရင်လည်း လက်စားချေတာတွေ မလုပ်ပါဘူး။ ကလဲ့စားချေတာတွေ မလုပ်ပါဘူးတဲ့။ အဲ--ဒီကနေ့ ခေတ်လူတွေက ကလဲ့စားချေတာတွေ သိပ်များတာတွေ့ရတယ်။ ဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်၊ ရုပ်ရှင်ရိုက်တာ တွေကြည့်၊ အထူးသဖြင့် ရုပ်ရှင်ဇာတ်ကားတွေမှာ လူဆိုးကနှိပ်စက်တယ်၊ ပြီးရင်လူကောင်းကပြန်ပြီး တော့ကလဲ့စား ချေတယ်ဆိုတဲ့ ဇာတ်လမ်းတွေပဲ များနေတာတွေ့ရတာကိုး။

တကယ်တော့ ဟောဒီလောကကြီးမှာ အဲဒီလိုကလဲ့စားချေပြီး အနိုင်ယူတတ်တာကိုပဲ အကောင်းကြီးလို့ ထင်နေကြတာမဟုတ်ပါလား။ အခုကြည့်ပါ။ အနန္တသူရိယ အမတ်ကြီးက ဘာပြောသွားလဲ--''ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း'' လို့ရေးပြီး အဆုံးသတ်သွားပါတယ်။

သူ့မှာ ကြည်ညိုတဲ့စိတ်၊ ကြည်လင်တဲ့စိတ် ဘယ်တော့မှ မပျက်ပါဘူး။ ဘုရင်မင်းမြတ်အပေါ်မှာ ဘယ်တော့မှ အပြစ်မယူပါဘူး။ ငါ့ကိုလုပ်တာ တစ်နေ့ကျ သူပြန်ခံစေရမယ်ဆိုတာ မျိုးလည်း သူ့မှာမရှိပါဘူး။ သူခွင့်လွှတ်တယ်လို့ ပြောခဲ့ခြင်းပါ။ ဒါက ပုဂံခေတ်က စာပေမထွန်းကားသေးတဲ့ သက္ကရာဇ် ၅၃၆ ခုနှစ်မှာရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ''အနိုင်ယူတတ်ခြင်းပါ'' အရှုံးပေးသူက အနိုင်ရသွားခြင်းပါ။ ဒါဟာ အောင်မြင်ခြင်းတစ်ရပ်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ့်ကိုသူတော်ကောင်း တို့ရဲ့အောင်နိုင်ခြင်းမျိုး အောင်နိုင်သွားတယ်လို့ ဆိုနိုင်ပါသတဲ့။

ဒီလိုအနိုင်ယူခြင်းမျိုးဟာ မြတ်စွာဘုရားလိုလားတဲ့ အနိုင်ယူနည်းလည်း ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လောကတွင်းက ပုထုဇဉ်သတ္တဝါတွေဟာ လူသားအချင်းချင်းလည်း ကိုယ်လုပ်ရင် ကိုယ်ပြန်ခံရမယ် ဆိုတဲ့စိတ်စွဲနေကြသလို မဟုတ်မခံ ကိုယ့်ထိရင် ကက်ကက်လန် ပြန်ရန်တွေ့မယ်၊ ပြန်ချမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေပဲ မွေးနေကြခြင်းဟာ တကယ်တော့ အနိုင်ရခြင်းမဟုတ်ဘဲ တုံ့ပြန်ခြင်းသည် အရှုံးသာဖြစ်တယ်လို့ မြတ်စွာဘုရားရဲ့ ဒေသနာတွေအရ မှတ်သားနားလည် ကြရမှာဖြစ်တယ်လို့ ဆရာတော်အရှင် နန္ဒမာလာဘိဝံသက ဟောကြားဆုံးမ တော်မူထားပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာရှိရှိသမျှ လူသားအားလုံးလည်း ဟောဒီဘုံဘဝမှာ ကြုံလာရမယ့် လူသားအချင်းချင်း ဘယ်လိုအကြောင်းမျိုး နဲ့ပဲတိုးတိုး ဘယ်လိုအဖြစ်မျိုးနဲ့ပဲ ကြုံကြုံ ''ငါ'' ဆိုတဲ့အတ္တစွဲမထားဘဲ ခွင့်လွှတ်သည်းခံ အရှုံးပေးခြင်းဖြင့်သာ အနိုင်ယူတတ်ဖို့ ကြိုးစားကာ သာယာချမ်းမြေ့သော ဘဝများကို ရရှိခံစားနိုင်ကြပါစေ။ ။

မြဝတီနေ့စဉ်သတင်းစာ စာ (၂၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger